ကိုဗစ်-၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်

ထက်လျှံ

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အောက်တိုဘာ ၁ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်-၁၉ အကြောင်း သိကောင်းစရာ အမေးအဖြေ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

 

အစီအစဉ်မှူး။ ။၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်မှာ မြန်မာနိုင်ငံ မှာ စတင်တွေ့ရှိခဲ့တဲ့ ကိုဗစ် - ၁၉ ရဲ့ ကူးစက်ဖြစ်ပွားမှုက ပြည်သူတွေအနေနဲ့ သတိကြီးစွာထားပြီး နေထိုင်ရမယ့် အခြေအနေမှာ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

 

ပြည်သူတွေအနေနဲ့ ကိုဗစ် - ၁၉ နဲ့ ပတ်သက်ပြီး သိချင်လို့ မေးမြန်းလာတဲ့ အကြောင်းအရာတွေကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားနေတဲ့ ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနဲ့စပ်လျဉ်းပြီး လိုအပ်တာတွေကို အကြံပြုနိုင်ဖို့အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဖွဲ့စည်းပေးထားတဲ့ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြု အားဖြည့်ဆောင်ရွက်ရေးအဖွဲ့က ပါမောက္ခကြီးတွေ၊ သမားတော်ကြီးတွေက အွန်လိုင်းကနေတစ်ဆင့် ဖြေကြားဆွေးနွေးပေးနေ တာဖြစ်ပါတယ်။ ။

 

ဒီနေ့ရဲ့ မေးခွန်းများ မေးမြန်းကြား ဆွေးနွေးမှုအစီအစဉ်မှာတော့ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြု အားဖြည့်ဆောင်ရွက်ရေးအဖွဲ့မှ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ပါမောက္ခ ဒေါက်တာမြင့်ဟန်၊ ပါမောက္ခ ဒေါက်တာထင်အောင်စောတို့နဲ့အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၁) ပါမောက္ခ ဒေါက်တာဇော်ဝေစိုးတို့က ပါဝင် ဆွေးနွေးပေးသွားကြမှာ ဖြစ်ပါတယ်။ ။

 

ဆရာကြီးတို့အားလုံး မင်္ဂလာပါရှင်။ အရင်ဦးဆုံးအနေနဲ့ ဒီနေ့ရဲ့ အစီအစဉ်လေးမှာ ပါဝင်ဆွေးနွေးပေးကြတဲ့အတွက် ဆရာကြီးတို့ အားလုံးကို အထူးကျေးဇူး တင်ရှိပါတယ်လို့ ပြောကြားလိုပါတယ်။ ဒါဆိုရင် ဒီနေ့ဆွေးနွေးမှုကို စတင်နိုင်ဖို့အတွက် ဆရာကြီး ဒေါက်တာ ဇော်ဝေစိုးကစတင်ပြီး ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။

 

ပါမောက္ခဒေါက်တာဇော်ဝေစိုး။ ။အားလုံးပဲမင်္ဂလာပါ။ ဒီနေ့မေးမြန်းကြားတာတွေ လုပ်လာတာက ကျွန်တော်တို့က တတိယမြောက်အနေနဲ့ ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ ဒီမှာ ကျွန်တော့်အနေနဲ့ ရရှိထားတဲ့ မေးခွန်းတွေထဲက မေးခွန်းတချို့ကို ထုတ်နုတ်ပြောရရင် မေးခွန်းတော်တော်များများမှာ Positive နဲ့ Negative နဲ့ပတ်သက်တာတွေ၊ ကိုဗစ် Positive ဖြစ်ပြီး ဘာလက္ခဏာမှ မပြဘဲ၊ လူနာကမသိဘဲနေရင် ကိုဗစ်က သူ့အလိုလို Negative ဖြစ်သွားတာလား။ ဒါမှမဟုတ် Positive ပဲ အမြဲပြနေလားဆိုတဲ့ မေးခွန်းတွေရယ်။

 

နောက်တစ်ခုက ကျွန်တော်တို့ရဲ့ အခုသွားနေတဲ့ ဆေးရုံဆင်းတဲ့ Discharge Criteria ကို မေးထားတာ ဖြစ်ပါတယ်။ လူနာကို Swab ထပ်မစစ်ဘဲ၊ ဆေးဝါးကုသမှုမပေးဘဲ၊ ၁၁ ရက် ပြည့်တာနဲ့ အိမ်ပြန်လွှတ်တာ ဘာကြောင့်ပါလဲ။ ပြန်လွှတ်လိုက်တဲ့ လူနာဟာ Negative အဖြေထွက်လို့ မဟုတ်ဘဲ ဒီအတိုင်း ပြန်လွှတ်လိုက်တယ်ဆိုရင် အိမ်မှာကျန်နေတဲ့သူတွေအတွက် အန္တရာယ်မရှိဘူးလား။ ပိုးတွေ့ လူနာကို ၁၁ ရက် ခေါ်ထားပြီး ဆေးဝါးကုသမှုမပေးဘဲ၊ ခံနိုင်ရည်စမ်းသပ်တာမျိုးများ ဖြစ်မနေဘူးလားဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဒီမေးခွန်းကို ဆရာကြီး ဦးမြင့်ဟန် ဖြေကြားပေးပါခင်ဗျာ။

 

ပါမောက္ခဒေါက်တာဦးမြင့်ဟန်။ ။ ကျေးဇူးတင်ပါတယ်ဆရာ။ မေးခွန်းကို ရှင်းရှင်းလင်းလင်းနဲ့ တည့်တည့်မေးတဲ့အတွက် အထူးကျေးဇူး တင်ပါတယ်။ ကျွန်တော် ဒီနေရာမှာ ကိုဗစ်ရောဂါရဲ့ သဘာဝလေးကို ဦးစွာတင်ပြလိုပါတယ်။ ရောဂါလက္ခဏာပျိုးတယ်။ ရောဂါရတယ်။ ရောဂါလက္ခဏာရပေမယ့်လည်း ရောဂါလက္ခဏာ ဆက်လက်မပြင်းထန်တဲ့ လူတွေရှိတယ်။ ဆက်လက်ပြင်းထန်တဲ့ သူတွေကလည်း အသည်းအသန် ကုသခန်းတွေမှာ ကုရတာရှိတယ်။ အသက်ရှူစက်တွေ တပ်ရတာရှိတယ်။ အခန့်မသင့်ရင် ရာခိုင်နှုန်း အနည်းငယ်က သေဆုံးတတ်ပါတယ်။ အဲဒီတော့ မေးခွန်းကို ကျွန်တော် တည့်တည့်ဖြေရရင် ဒီလူနာသည် Positive ဖြစ်တဲ့ လူနာဖြစ်မှာပါ။ ဒါကြောင့်မို့ ၁၀ ရက်/  ၁၁ ရက်ပေါ့နော် သူတို့ကို ပြန်လွှတ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ နောက်ပိုင်း၊ နောက်ပိုင်း တွေ့ရှိချက်တွေအရ ဒီ Swab Test အရ ပိုးတွေ့တယ်ဆိုတာက တွေ့ပြီးရင် ကျွန်တော်တို့ ၁၀ ရက်နောက်ပိုင်းမှာ ဒီလူနာသည် ပိုးဆက်လက်ရှိကောင်းရှိနိုင်ပေမယ့် သူ့ကိုလည်း အန္တရာယ်မပေးနိုင်တော့ဘူး၊ အခြားသူတွေကိုလည်း ဆက်လက်ပြီးတော့ ကူးစက်နိုင်စွမ်းမရှိတော့ဘူးလို့ နောက်ဆုံးတွေ့ရှိထားပါတယ်။

 

ဒါကြောင့်မို့ ဒီလူနာကို ရောဂါလက္ခဏာ မရှိတဲ့လူနာကို ၁၁ ရက်မှာ ပြန်လွှတ်ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ရောဂါလက္ခဏာလည်းရှိတယ်၊ ပြင်းထန်တယ်ဆိုရင် ကျွန်တော်တို့ လက်ရှိအနေအထားမှာ သုံးပတ်အထိ စောင့်ကြည့်ပြီးမှ ရောဂါလက္ခဏာတွေကင်းစင်မှ ကျွန်တော်တို့ ကုသမှုပေးပြီးမှ ပြန်လွှတ်တာရှိပါတယ်။ ။

 

ဒီတော့ ဒီလူနာကလည်း ပြန်သွားပြီးရင် ကျွန်တော်တို့ ရောဂါကူးစက်မှု မရှိတော့ဘူးလို့ ပြောနေပေမယ့် ကျွန်တော်တို့ ဆေးရုံဆင်းတဲ့အခါမှာ လိုက်နာဆောင်ရွက်ရမယ့် အချက်တွေကို ဆက်လက်ပြီး လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါတွေကလည်း ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ ဥပမာအားဖြင့် နောက်ထပ် အိမ်မှာနေရင်း တစ်ပတ် Mask ဆက်ပြီး တပ်ရတာမျိုး၊ လက်ဆေးရတာမျိုး စသဖြင့် ဒါမျိုးတွေရှိပါတယ်။ အဲဒီတော့ ပြန်ပြီးတော့ ကူးစက်နိုင်ခြေ Reinfection က အခု ထက်ထိတော့ ကြိုးကြားကြိုးကြား Case Report တွေတော့ရှိပါတယ်။

 

ဒါတွေ အများစုက ကျန်းမာရေးဝန်ထမ်းတွေ ခွဲစိတ်တဲ့နေရာမှာ တချို့လက္ခဏာမပြဘဲနဲ့ Test မှာ ပြန်ပြီး Positive ပေါ်တာတွေ တွေ့ရတာရှိပေမယ့် ယေဘုယျအားဖြင့် နောက်ထပ် ကိုဗစ်လူနာနဲ့ ထပ်မံတွေ့ရှိတဲ့အချိန်မှာတောင် သူ့မှာကူးစက်ဖို့ အခွင့်အလမ်းက အတော်နည်းပါးသွားတယ်လို့ ကျွန်တော့် အနေနဲ့ ဖြေကြားလိုပါတယ်ခင်ဗျာ။

 

ပါမောက္ခဒေါက်တာဇော်ဝေစိုး။ ။မှန်ပါတယ်ဆရာ။ ဘာလို့လဲဆိုတော့ အရင်တုန်းက ကျွန်တော်တို့ Strategy Guideline ကိုက ပထမဆေးရုံတက်တယ်။ ခုနက Swab ယူပြီး Negative ဖြစ်ပြီးတဲ့နောက်မှာ ကျွန်တော်တို့က နှစ်ပတ်/ သုံးပတ်ထားပြီးတော့ ဆေးရုံက ဆင်းပေးတာကနေ ဆေးရုံဆင်းတဲ့ ညွှန်ကြားချက်ကို ပြောင်းလိုက်ပါပြီ။ ဆရာ ပြောသလိုပါပဲ ဒါက တကယ့် Research and Evidence Based တခြားတိုင်းပြည်တွေက လေ့လာထားပြီးသား တွေ့ရှိချက်ကို အခြေခံပြီးတော့ ကျွန်တော်တို့ ဒါခုနက ၁၁ ရက်မြောက်မှာ ဆေးရုံကဆင်းတာကို ခုနောက်ပိုင်းမှာ ဒါကို ကျင့်သုံးနေတာပါ။

 

အဲဒါကို ကျင့်သုံးပြီး ယခုဆိုရင် ဆေးရုံ ဆင်းတဲ့ လူနာပေါင်း ၂၀၀၀ ကျော်ရှိပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီး ယခုထက်ထိ ကျွန်တော်တို့ ဘာမှပြဿနာမရှိခဲ့ပါဘူး။ ဒါ့အပြင် သေချာအောင်လို့ စောစောကပြောတဲ့ ၉၅ ရာခိုင်နှုန်း / ၉၉ ရာခိုင်နှုန်း ဒီဟာရှိပေမယ့် သေချာအောင်လို့ တစ်ပတ်လောက် အိမ်မှာ စနစ်တကျ ညွှန်ကြားချက်အတိုင်း နေလိုက်မယ်ဆိုရင် ၁၀၀ ရာခိုင်နှုန်း သေချာတဲ့ ခုနက ဆရာကြီး ဦးမြင့်ဟန် ပြောသလို ကူးစက်မှုမဖြစ်နိုင်တဲ့ အနေအထားကို ဆိုလိုတာပါ။ ဒါကြောင့် ပြည်သူလူထုက နည်းနည်းလေးရှုပ်သွားတာပါ။ အရင်တုန်းကသွားတဲ့ Guideline နဲ့ အခု ကျွန်တော်တို့သွားတဲ့ Guideline က နည်းနည်းလေး ကွဲသွားတာဆိုတော့။

 

ပါမောက္ခဒေါက်တာဦးမြင့်ဟန်။ ။ ဟုတ်ကဲ့ခင်ဗျာ။ ကျွန်တော် တချို့မေးခွန်းလေးတွေကို ဆက်ပြီး ဖြေချင်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ဘာမှမကုသဘဲ စောင့်ကြည့်ခံပြီး ပြန်လွှတ်ခံရတယ်ပေါ့နော်။ အဲဒါက လူနာအနေအထားပေါ် မူတည်ပါတယ်။ ကျွန်တော်တို့ လက်ရှိကျင့်သုံးနေတဲ့ နည်းဗျူဟာက Isolation ပေါ့လေ။ ဒါ  Positive လူနာတွေကို Isolation ထားတယ်။ Quarantine ကိုတော့ Contact တွေကို ထိတွေ့ခဲ့သူတွေထားတယ်။

 

အချိန်မရွေးကုသနိုင်ဖို့ ဒါတွေကိုထားတဲ့ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က အဆိုပါ ကူးစက်ခံထားရတဲ့ လူနာများ၊ ကူးစက်နိုင်ဖွယ်ရှိတဲ့ လူနာများကို ကျွန်တော်တို့က လိုအပ်ရင် အချိန်မရွေး ကုသနိုင်ဖို့အတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ထားရှိခြင်းဖြစ်ပါတယ်။ တချို့က ပြောကြပါတယ်။ Quarantine ဆိုတာ အကျယ်ချုပ် ချုပ်ထားတာလားပေါ့နော်။ အထူးသဖြင့် ရောဂါလက္ခဏာ မရှိတဲ့သူတွေအတွက်က သူတို့နည်းတူ ကျွန်တော်လည်း မျှဝေခံစားလို့ရပါတယ်။

 

ဒီနေရာမှာ ကျွန်တော် ပြောချင်တာက ရောဂါလက္ခဏာရှိပေမယ့် ပထမနှစ်ပတ်အတွင်းမှာ ရောဂါလက္ခဏာ ပေါ်တတ်ပါတယ်။ မထင်မှတ်ဘဲနဲ့ တချို့သော အသက်ကြီးတဲ့သူများ၊ ရောဂါအခံ ရှိသူများဆိုရင် မသိဘဲနဲ့ ဒီအသက်ရှူတဲ့နေရာမှာ အောက်စီဂျင်နည်းလာတာကို တွေ့ရတတ်ပါတယ်။ အဲဒီအချိန်တုန်းက တကယ်တန်းလိုအပ်တဲ့ ကုသမှုတွေရရှိစေဖို့ ကျွန်တော်တို့က စောင့်ကြပ် ကြည့်ရှုနေမှာ ဖြစ်ပါတယ်။

 

ဒါကြောင့်မို့ ကျွန်တော်တို့ Isolation ဆိုတဲ့ Strategy နဲ့ Quarantine ဆိုတာ တွေက ရည်ရွယ်ချက်ရှိရှိနဲ့ မိမိအတွက်သော်လည်းကောင်း၊ မိမိရဲ့ ပတ်ဝန်းကျင်အတွက်သော်လည်းကောင်း၊ အမိက သူတို့ရဲ့ လုံခြုံရေးအတွက် ကျွန်တော်တို့ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်တည်းသာမက ကျွန်တော့်အနေ နဲ့ ဒါဟာ တစ်နိုင်ငံလုံးရဲ့ လုံခြုံရေးအတွက် ဆောင်ရွက်ခြင်းဖြစ်တယ်လို့ ကျွန်တော့် အနေနဲ့ ယူဆပါတယ်။ ဒါလေးကို ကျွန်တော် ဆက်လက်ပြီးတော့ တင်ပြဆွေးနွေးပါတယ်။

 

ပါမောက္ခဒေါက်တာဇော်ဝေစိုး။ ။ ကျေးဇူးတင်ပါတယ်။ ဒီဟာက တကယ်တော့ အရေးကြီးပါတယ်။ အောက်ဆီဂျင် Level နည်းနည်းကျလာတာကို ကျွန်တော်တို့ စပြီးသိလိုက်ပြီဆိုတာနဲ့ စောစောစီးစီး ကုသမှုတွေ လုပ်လိုက်နိုင်ပါတယ်။ ဒီကိုဗစ်မှာ အရေးကြီးဆုံးက အောက်ဆီဂျင်ဆိုတော့ ဒါကြောင့်လည်း ယခု ကျွန်တော်တို့ ကုသရေးစင်တာတွေ အကုန်လုံးမှာ လူနာလေးဦးကို တစ်ခုနှုန်းနဲ့ ဒီအောက်ဆီဂျင်တိုင်းတဲ့ ကိရိယာကို ပေးထားပါတယ်။

 

အမြန်ဆုံး သိရှိကုသနိုင်အောင် ဒါကိုတိုင်းပြီးတော့ ဒါလေးကို ကြည့်လိုက်တာနဲ့ အောက်ဆီဂျင် Level ကောင်းနေတယ်ဆိုရင် မစိုးရိမ်ရဘူး။ မကောင်းဘူး ဆိုတာနဲ့ ဒါကို သတင်းပို့ပြီးတော့ သူ့ကို အမြန်ဆုံးသိရှိ ကုသနိုင်အောင်ကျွန်တော်တို့ ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။ အမြန်ဆုံး သိရှိပြီး အမြန်ဆုံး ကုသမှုခံနိုင်ဖို့ လုပ်ထားတာဖြစ်တဲ့အတွက် ဒီလိုမျိုးဆေးရုံမှာ တင်ပြီးကုသခြင်းက တကယ်တော့ ဒါအမြင့်ဆုံးစောင့်ရှောက်မှုကို ပေးထားခြင်း ဖြစ်တယ်လို့ပြောရင် မှန်ပါတယ်ဆရာ။ ကျေးဇူးတင်ပါတယ် ဆရာ။ ။

 

ကျွန်တော့်အနေနဲ့ ဆက်ပြီး ဒီမေးခွန်း တွေထဲကနေ ထုတ်နုတ်ပြီး မေးရရင် အဖေတွေ၊ အမေတွေ၊ အဘိုးတွေ၊ အဘွားတွေအတွက် မေးကြတဲ့ မေးခွန်းတစ်ခုပါ။ အသက် ၇၅ နှစ်ကျော်တဲ့ လူကြီးတွေကို ဘယ်လိုဆေးတွေ တိုက်လို့ရပါသလဲရှင်တဲ့။ အဖေကတော့ ဘာရောဂါမှ မရှိပါဘူးရှင့်။ အမေက ဆီးချို၊ သွေးတိုးအနည်းငယ် ရှိပါတယ်တဲ့။ ဆရာဖြေပေးပါ။

 

ပါမောက္ခဒေါက်တာမြင့်ဟန်။ ။ ပြည်သူလူထုက ဒီအသက်ကြီးသူဆိုတာ ခြုံပြီးတော့ ပြောတာပါ။ အသက်အရွယ်ကြီးတဲ့ သူတွေကလည်း ကျွန်တော်တို့နိုင်ငံမှာ ၁၀ ရာခိုင်နှုန်းလောက်ရှိတယ်။ ၁၀ ဦးမှာ တစ်ဦး ရှိနေကြပါတယ်။ မိသားစုတွေထဲမှာ အနည်းနဲ့အများ ရှိနေကြပါတယ်။ ဒါပေမယ့် အသက်ကြီးတဲ့သူတိုင်း ကိုဗစ်ရောဂါ လွယ်လွယ်ကူကူရရှိနိုင်မှာ မဟုတ်ပါဘူး။

 

ကိုဗစ်ရောဂါသည် အသက်အရွယ် မရွေး၊ လူမျိုးအုပ်စု မရွေး၊ ဘာမှကို မရွေးဘဲနဲ့ သူက ကူးစက်နိုင်ပါတယ်။ ဒီတော့ ဒီနေရာမှာ သက်ကြီးရွယ်အိုအုပ်စုက အထူးသဖြင့် သက်ကြီးဖြစ်လို့ ကူးစက်ခြင်းခံရဖို့ သူများထက်အခွင့်အလမ်း မပိုပါဘူး။ ဒါပေမယ့် ကူးစက်ခံခဲ့ရရင် သူတို့က ရောဂါ အခံရှိသူတွေကလည်း များကြပါတယ်။ အဲဒီတော့ ပိုပြီးပြင်းထန်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဒါတွေကို ခံစားရဖို့ရှိပါတယ်။

 

ဒါကြောင့်မို့ နိုင်ငံရပ်ခြားမှာလည်း ကျွန်တော်တို့ကြည့်ရင် သက်ကြီးရွယ်အိုတွေ စုဝေးနေထိုင်တဲ့ Nursing Home တို့ ဒီလိုနေရာ Institution တွေမှာ သေပျောက်မှုနှုန်း အင်မတန်များပြားတာကို တွေ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာကတော့ ဒီလိုမျိုး အခုထက်ထိကြားရတာ မရှိသေးပါဘူး။ ဒါက ကောင်းတဲ့အချက်ပါ။ အဖေနဲ့ အမေ ပေါ့နော်၊ အသက် ၇၅ နှစ်ကျော်နေပြီ။ အဖေ ကတော့ ကျန်းမာတယ်။ ထိုနည်းတူစွာပဲ သက်ကြီးအုပ်စုဆိုတာ အသက် ၆၀ ကျော်တိုင်း မကျန်းမာတာ မဟုတ်ပါဘူး။ အသက် ၇၀/၈၀ အထိ ကျန်းကျန်းမာမာ သွားလာနိုင်တဲ့ အုပ်စုရှိ သလို၊ ရောဂါတွေနဲ့ သွားရေးလာရေး ခက်ခဲသူတွေရှိသလို အိပ်ရာထဲမှာ လဲနေတဲ့အုပ်စု တွေလည်းရှိကြပါတယ်။ အဲဒီတော့ ဒီနေရာမှာ ကျွန်တော်တို့က အသက်ကြီးတဲ့သူတိုင်း၊ စောစောက ရောဂါရှိတဲ့သူတိုင်း၊ မိမိတို့ရဲ့ အခြေခံရှိနေတဲ့ ရောဂါ။ ဥပမာအားဖြင့် မေးခွန်းရှင် မေးထားတဲ့သွေးတိုးရောဂါ၊ ဆီးချို ရောဂါရှိတဲ့ အမေဆိုရင် ပိုပြီးဂရုစိုက်ရပါမယ်။

 

ဘာကိုဂရုစိုက်ရမလဲဆိုတော့ သွေးတိုးရောဂါကို သေသေချာချာ ဆေးနဲ့ သွေးပေါင်ကို ထိန်းထားမယ်ဆိုရင်၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါကို ဆီးချိုသွေးကျဆေးတွေနဲ့ထိန်းထား နိုင်မယ်ဆိုရင် စောစောက ဖြစ်ပွားနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးမျိုးတွေကို ကျွန်တော်တို့ ရှောင်သွားနိုင်မှာဖြစ်ပါတယ်။ ဒါက အရေး ကြီးတဲ့ အချက်ပါပဲ။

 

ဒါပေမယ့် အသက်ကြီးအုပ်စုတွေက အိပ်ရေးဝအောင်အိပ် အာဟာရပြည့်အောင်စား၊ လေ့ကျင့်ခန်း မှန်မှန်လေးလုပ်၊ နောက် ဆိုရှယ်မီဒီယာတွေ သုံးတာမှာ သတိထားဖို့ လိုပါတယ်။ မိမိရဲ့ ပတ်ဝန်းကျင်၊ မိမိရဲ့ ဆွေမျိုးသားချင်းတွေနဲ့ အဆက်အသွယ် မပြတ်အောင်၊ ဘာဖြစ်လို့လဲဆိုတော့ Psychological Impact ပေါ့နော်၊ စိတ်ဝေဒနာ၊ စိတ်ပူပန်မှုတွေ များတတ်တယ်။ အဲဒါတွေ ဖြစ်တတ်တဲ့အတွက် မိမိ မိသားစုကနေ အထူးသဖြင့် ပံ့ပိုး ဖို့လိုပါတယ်။

 

ဒီနေရာမှာလည်း ကျွန်တော်တို့ ဆိုရှယ် မီဒီယာတွေသုံးတဲ့အခါမှာ ဆိုရှယ်မီဒီယာတွေက အထူးသဖြင့် ကိုဗစ်သတင်းတွေမှာ သေဆုံးတဲ့ ဦးရေ၊ ဖြစ်ပွားတဲ့ဦးရေ Positive ပေါ့လေ၊ ဒါတွေကိုပဲ ကြေညာကြတာများတော့ ဒါကိုပဲ အာရုံစိုက်မိပါတယ်။ ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ အကုန်လုံးပေါ့နော်၊ ဒီဟာတွေကြည့်တဲ့အခါမှာ ပြန်လည်ကောင်းမွန်ပြီး ဆင်းသွားတဲ့ လူနာတွေလည်း အများအပြားရှိပါတယ်။ ဒီဟာလေးတွေကိုလည်း ထည့်သွင်းစဉ်းစားချင့်ချိန်နိုင်ဖို့ ဖြစ်ပါတယ်။

 

ဆီးချိုရောဂါရှိတယ်၊ ဆေးရုံတက်တယ်။ ကိုဗစ်ရောဂါဖြစ်တယ်။ ကိုဗစ်ရောဂါ ကိုယ်တိုင်က သွေးအချိုဓာတ်ကို တက်စေပါတယ်။ ဒါတွေလည်း တွေ့ရှိရတဲ့ တွေ့ရှိချက်တွေရှိပါတယ်။ ထိုနည်းတူစွာ မိမိရဲ့ သွေးအချိုက မထိန်းသိမ်းနိုင်ရင် ဒီသွေးချို ရောဂါကုသတဲ့ Dexamethasone လိုဆေးမျိုးတွေကသွေးချိုကို ထိန်းမနိုင်၊ သိမ်းမရဖြစ်အောင် များပြားတဲ့အတွက် အသည်းအသန် ကုသရတာတွေရှိ ပါတယ်။

 

ဒါ့အပြင် ကျွန်တော်တို့ ဆေးလိပ်သောက် တဲ့သူတွေ၊ အဆုတ်ပွတဲ့ရောဂါ ရှိတဲ့သူတွေမှာလည်း ဒီအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်တဲ့အတွက် ကျွန်တော်တို့ အသက်ရှူစက်တင်ရတာ၊ ဆောင်ရွက်ရတာတွေ ရှိပါတယ်။ အဲဒါကြောင့်မို့ ကျွန်တော်တို့ သေဆုံးမှုနှုန်းက မြင့်မားရခြင်း ဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့က ကြိုတင်သိထားပြီးတော့ ဆင်ခြင်နိုင်ဖို့ ဖြစ်ပါတယ်။

 

အဓိက သက်ကြီးရွယ်အိုတွေက အခုဆို Stay at Home ပေါ့နော်၊ အိမ်မှာနေတဲ့ကာလ အတော်ကြာကြပါပြီ၊ ခြောက်လကျော်ခုနစ်လ စသဖြင့် ရှိလာပါပြီ။ ရှိလာတဲ့အတွက် သူတို့အနေနဲ့ အပြင်ကို တိုက်ရိုက်ထိတွေ့ ဆက်ဆံရမှုမရှိပေမယ့်လည်း အိမ်မှာ အလုပ်သွားနေရတဲ့ မိသားစုက အင်မတန်အရေးကြီးပါတယ်။ အထူးသဖြင့် နေမကောင်းတဲ့ အဘိုး၊ အဘွား၊ မိဘတွေကို ပြုစုစောင့်ရှောက်ရတဲ့ သူတွေအတွက်တော့ ဒီအနီးကပ်ပြုစု စောင့်ရှောက်ရတဲ့နေရာမှာ ဒီကာကွယ်မှုတွေကို အတိအကျပြုလုပ်ဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်ပါတယ်။

 

ဒီနေရာမှာ ဆက်စပ်လို့ပါ ကျွန်တော်တို့ အနံ့ပျောက်တဲ့ လူနာတွေရဲ့ ၆၅ ရာခိုင်နှုန်း ၇၀ ရာခိုင်နှုန်းက ဒီ Positive ဖြစ်ဖို့ကို တွေ့ရှိ ထားရပါတယ်။ အဲဒီတော့ မိမိမှာ အနံ့ပျောက် နေရင် မိမိရဲ့ အသက်ကြီးပုဂ္ဂိုလ်တွေကို ပြုစု စောင့်ရှောက်တဲ့အခါမှာဆိုရင် မိမိသည် Positive ဖြစ်နေတယ်လို့ ခံယူပြီးတော့ မိသားစုကိုပြုစုဖို့ လိုအပ်ပါတယ်။ ။

 

နောက်ပြီးတော့ အနံ့ပျောက်နေတဲ့သူတွေအတွက် ကျွန်တော်တို့ညွှန်ကြားချက်တွေ ထပ်ပြီးတော့ လာတာတွေကို တွေ့ရပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ဆေးဝါးမှာ ပထမတင်ပြမှုပါတဲ့ ဆီးချိုဆေး၊ သွေးတိုးဆေး၊ သွေးပေါင်ချိန်ကိုလည်း မိမိအိမ်မှာချိန်ပြီး မိမိနဲ့ဆက်သွယ်ကုသနိုင်တဲ့ ဆရာဝန်ပေါ့နော်၊ ကုသနေကျ ဆရာဝန်နဲ့တိုင်ပင်ပြီး ဒီဆေးတွေမပြတ်ဖို့ လိုအပ်သလို နောက်ပုံမှန် သောက်သုံးနေကြ အားဆေးတွေလည်း ကျွန်တော်တို့ သောက်သုံးနိုင်ပါတယ်။

 

ဒီနေရာမှာ ကျွန်တော်တို့ သက်ကြီးပုဂ္ဂိုလ်တွေအတွက်က အိမ်မှာနေတာ ကြာလာတဲ့အတွက် ဘာဖြစ်လာနိုင်လဲဆိုရင် ဗီတာမင်-ဒီ ချို့တဲ့တာတွေ နဂိုကတည်းကရှိတဲ့အတွက် ဗီတာမင်-ဒီဓာတ် ချို့တဲ့လာတတ်ပါတယ်။ အဲဒီတော့ ဗီတာမင်-ဒီ ကိုလည်း သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းအတိုင်း ဒါကို သောက်သုံးလို့ရပါတယ်။ ဗီတာမင်ဓာတ်တွေဟာ Immune System ကိုယ်ခံအားကိုကောင်း နိုင်တယ်။ ကိုယ်ခံစွမ်းအားကို ကောင်းစေတာကတော့ကျွန်တော်တို့ ဆေးပညာသဘောအရ လက်ခံထားပြီး ဖြစ်ပါတယ်။

 

ဒါပေမယ့် လိုအပ်တာထက် ပိုပြီးတော့ သောက်သုံးရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ဒါတွေကိုသောက်ရင်လည်း ShotTerm ပေါ့နော်၊ ရေတိုအနေနဲ့ သောက်သင့်ပြီး မိမိရဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့မှ ဒါတွေသောက် သင့်ပါတယ်။

 

ဗီတာမင်-စီ ဓာတ်သည် ကိုယ်ခံစွမ်းအားအတွက် ကောင်းတာမှန်ပါတယ်။ ကိုဗစ်ကို ကုသရာမှာတော့ ကုသနိုင်တဲ့ စွမ်းရည်မရှိပါဘူး။ အဲဒါလေးကို ကျွန်တော်ပြောချင်ပါတယ်။ နောက်ပြီးတော့ ဒီဆေးတွေကို သောက်ကိုသောက်ရမယ်ဆိုတဲ့ ခိုင်မာတဲ့ကုထုံးအနေနဲ့ လမ်းညွှန်ချက်တွေ အခုထက်ထိမရှိသေးပါဘူး။ ဒါတွေက သူတို့ study တွေ လုပ်နေတဲ့ အနေအထားမှာပဲ ရှိပါတယ်။ အဲဒီတော့ကျွန်တော့်အနေနဲ့ အားလုံးအတွက် အကောင်းဆုံးဖြစ်တဲ့ လေးမျိုးစပ်ဆေးလေးကို ပြောကြားချင်ပါတယ်။ ။

 

ကျွန်တော်တို့ လေးမျိုးစပ်ဆေးက (၁) Mask တပ်ရမယ်။ (၂) လက်ဆေးရမယ်။ (၃) အိမ်မှာနေမယ်။ (၄) ခပ်ဝေးဝေးလေး နေကြပါမယ်။ ဒီလေးမျိုးစပ်ဆေးကတော့ အခုအချိန်ကာလမှာ အားလုံးအတွက် အကောင်းဆုံးသော ဆေးဝါးဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ ညွှန်ပြပါရစေ။

 

ပါမောက္ခဒေါက်တာဇော်ဝေစိုး။ ။ ဆရာ့ဆေးက သောက်လို့တော့မရဘူး၊ လိုက်နာရမှာ ဖြစ်ပါတယ်။ ယခုလို ကျစ်ကျစ်လျစ်လျစ် နေရာတိုင်းကို ထိန်းထားတာဟာ ဒီပိုးတွေမွှားတွေအတွက် ထိန်းထားတာဆိုတော့ ကျေးဇူးတင် ပါတယ်ဆရာ။ ။

 

ဆရာကြီး ဦးထင်အောင်စောအတွက် မေးခွန်းတွေ လိုက်ရှာထားပါတယ်။ ကူးစက် ရောဂါတွေနဲ့ပတ်သက်တဲ့ မေးခွန်းတွေ ပါပါတယ်ဆရာ။ HIV တွေ၊ TB တွေနဲ့ လူနာတွေက ကိုဗစ်နဲ တွဲသွားရင် ဘယ်လိုမျိုးများအကျိုး သက်ရောက်မှု ဖြစ်နိုင်သလဲ။ ဘာတွေခံစား ရနိုင်သလဲ။ ဒါတွေနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေလည်းရှိနေတော့ ဒီမေးခွန်းတွေနဲ့ ပတ်သက်၍ ဆရာခြုံငုံပြီး ဖြေပေးမယ်ဆိုရင် အများကြီး ကျွန်တော်တို့အတွက် တန်ဖိုးရှိမှာဖြစ်ပါတယ်။

 

ပါမောက္ခဒေါက်တာထင်အောင်စော။ ။ ကိုဗစ်နဲ့ပတ်သက်လို့ လူတွေက စိတ်ပူကြတာက ရောဂါ အခံရှိရင် ကိုဗစ်ရောဂါကပိုပြီးတော့ ပြင်းထန်တယ်၊ အသက်ဆုံးရှုံးဖို့လည်း များတယ်ဆိုပြီး အကြမ်းအားဖြင့် နားလည်ထားကြပါတယ်။ သို့သော်လည်း ရောဂါအခံအကုန်လုံးကို ပြောတာ မဟုတ်ပါဘူး။ ဒါနဲ့ပတ်သက်တဲ့ သုတေသနတွေကို နိုင်ငံတကာမှာ လုပ်ထားတာရှိပါတယ်။ HIV ရောဂါကို လူတွေက စဉ်းစားကြရင် ကိုယ်ခံအားကျတာနဲ့တွဲပြီး မြင်လေ့ရှိကြပါတယ်။ သို့သော်လည်း HIV ရောဂါပိုးရှိတဲ့သူ မြန်မာပြည်မှာ နှစ်သိန်းဝန်းကျင်လောက်ရှိမယ်ဆိုရင် အများစုကအခုအချိန်မှာ ART ဆေးသောက် နေပါပြီ။

 

ဒီလို ဆေးသောက်နေတဲ့အတွက် သူတို့တွေရဲ့ ကိုယ်ခံအားတွေက ကောင်းနေပါပြီ။ CD4 ကောင်းတဲ့သူ အများစုဖြစ်နေပြီး ပိုးကောင်ရေက ထိန်းထားနိုင်တဲ့လူတွေ အများကြီးဖြစ်နေပါပြီ။ ဒီလူတွေဟာ သာမန် လူနဲ့အတူတူ ကိုယ်ခံအားရှိနေပါပြီ။ ဒါကြောင့် သူတို့တွေသည် အခြား HIV ပိုးမရှိတဲ့သူတွေ ထက် ပိုပြီးကိုဗစ်ရောဂါကို ခံစားရမယ်ဆိုတာ မဟုတ်ပါဘူး။ တီဘီရောဂါသည်လည်း အခုလောလောဆယ် ဖြစ်နေတာဖြစ်စေ၊ ယခင်က တီဘီဖြစ်ခဲ့ဖူးသည်ဖြစ်စေ တီဘီဖြစ်ဖူးတဲ့အတွက်ကြောင့် ကိုယ်ခံအားကျပြီး ကိုဗစ်ပိုမိုပြင်းထန်တယ်ဆိုတာ မဟုတ်ပါဘူး။ ရောဂါအခံရှိတယ်ဆိုတဲ့ ရောဂါတွေက ဆရာဦးမြင့်ဟန်လည်း ဆွေးနွေးသွားပါတယ်။

 

ဆီးချိုရောဂါတို့၊ ကျောက်ကပ်ရောဂါလို၊ နှလုံးရောဂါလို၊ နာတာရှည်အဆုတ်ပွ၊ အဆုတ်ပြွန်ရောင် ရောဂါရှိတဲ့သူမျိုး ဒီလိုမျိုးသူတွေသာလျှင် အဓိကအားဖြင့် ကိုဗစ်ရောဂါဖြစ်ရင် ရောဂါအခံရှိတယ်။ သို့သော် အဲဒီလို ရောဂါမျိုးလည်းရှိတယ်၊ မထိန်းထားနိုင်ဘူးဆိုရင် သူတို့တွေမှာတော့ ကိုဗစ်ကြောင့် ပိုပြီး အသက်ဆုံးရှုံးနိုင်တာရှိပါတယ်။

 

ပါမောက္ခဒေါက်တာဇော်ဝေစိုး။ ။ ကျေးဇူးတင်ပါတယ်ဆရာ။ ဒါတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က စိုးရိမ်တာတွေ ရှိပါတယ်။ ကျွန်တော်ထင်ပါတယ်၊ ပြည်သူလူထုကလည်း ဒါကို စိုးရိမ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အသက်ကြီးတဲ့သူတွေ၊ ရောဂါအခံရှိတဲ့သူတွေရဲ့ သေဆုံးနှုန်းက များနိုင်တယ်။ အခုလည်း ကျွန်တော်တို့နိုင်ငံရဲ့ သေဆုံးနှုန်းက ဒါတွေနဲ့ ဆက်စပ်နေတာဆိုတော့ ဒါတွေလျှော့ချနိုင်ဖို့အတွက် ကျွန်တော်တို့ အခုအနေအထားအရ ဒီလူတွေက ကျန်းမာရေး ပြုစုစောင့်ရှောက်မှုတွေလည်း လိုအပ်နေတဲ့သူတွေဆိုတော့ သူတို့လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို စဉ်ဆက်မပြတ်ပေးနိုင်မှသာလျှင် ဒီဟာတွေက လျော့ကျသွားမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဆရာတို့အနေနဲ့ ဘယ်လိုတွေလုပ်သင့်သလဲ ဆိုတာ အကြံပြုဆွေးနွေးပေးစေလိုပါတယ်။

 

ပါမောက္ခဒေါက်တာထင်အောင်စော။ ။ကျေးဇူးတင်ပါတယ်ဆရာ။ ဆရာပြောသလို Co-morbid ဖြစ်တဲ့သူတွေမှာ ရောဂါပိုးဖြစ်တဲ့နှုန်း၊ သေပျောက်တဲ့နှုန်းပိုများပါတယ်။ ဘာဖြစ်လို့ ဖြစ်ရသလဲဆိုတော့ ဒီလိုရောဂါပိုးဖြစ်တဲ့သူတိုင်း၊ အဆုတ်ရောဂါ၊ ဆီးချိုရောဂါဖြစ်တဲ့သူတိုင်း၊ နှလုံးရောဂါဖြစ်တဲ့ သူတိုင်းဟာ Co-morbid ဖြစ်လို့ ပိုပြီးအသေစောရမယ် မဟုတ်ပါဘူး။

 

ဒီရောဂါတွေကို ထိန်းမထားနိုင်တဲ့ အခြေအနေမှာဆိုရင် ပိုပြီးသေဆုံးမှုများပါလိမ့်မယ်။ ဒီလိုထိန်းမထားနိုင်ဘူးဆိုတာက အကြောင်းအမျိုးမျိုးရှိနိုင်ပါတယ်။ လောလောဆယ်မှာ ကိုဗစ်ဖြစ်နေတဲ့အတွက် လူတွေက ခရီးသွားလို့လည်း မရပါဘူး။ အပြင်တွေ သွားရတာလည်း ခက်နေပါတယ်။ ဆေးရုံ/ဆေးခန်းတွေကလည်း ပိတ်တာတွေများနေပါတယ်။ ဒီလို ပိတ်တာတွေ များတဲ့အတွက် ပြည်သူလူထုမှာ ကျန်းမာရေးစောင့်ရှောက်မှု အထူးသဖြင့် ပဏာမကျန်းမာရေး စောင့်ရှောက်မှုရရှိဖို့ အားနည်းသွားကြပါတယ်။

 

ဒီအတွက် သူတို့တွေသည် ဆီးချိုကို ကောင်းကောင်းထိန်းနိုင်လား ဆိုတာကိုလည်း မစစ်ဖြစ်တော့ပါဘူး။ သွေးတိုး၊ နှလုံး၊ ကျောက်ကပ်တွေကိုလည်း မစစ်ဖြစ်တဲ့အခါကျတော့ အချို့သောသူတွေမှာ ရောဂါတွေက မသိဘဲနဲ့ကို ပိုဆိုးလာတာဖြစ်ပါတယ်။ သူတို့တွေကိုယ်တိုင်ကလည်း ဖြစ်ပေါ်လာတဲ့ အခြေအနေကို တိုင်ပင်စရာ ဆရာဝန် အခက်အခဲဖြစ်လာပါတယ်။ ဒီလိုမျိုးအခြေအနေကို ကျော်လွှားနိုင်ဖို့ဆိုရင် ပြည်သူတွေဘက်ကရော၊ ကျွန်တော်တို့ ဘက်ကရော ပြင်ဆင်ဖို့၊ ပြုပြင်ဖို့ လိုပါတယ်။

 

ကျွန်တော်တို့ရဲ့ GP တွေ၊ Private Sector တွေ၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေက ပြန်လည်ပြီး အလုပ်လုပ်နိုင်ဖို့လိုပါတယ်။ ဒါမှသာလျှင် ပြည်သူတွေအနေနဲ့က သူတို့ရဲ့ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိနိုင်မှာဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း မိမိရဲ့ ကျန်းမာရေး အခြေအနေကို ပုံမှန် စစ်ဆေးနေဖို့လိုပါတယ်။ ဆေးတွေ မှန်မှန်သောက်နေဖို့ လိုပါတယ်။ လိုအပ်ရင်လည်း ဆရာဝန်ကို ဆက်သွယ်ဖို့ လိုအပ်ပါတယ်။ လက်ရှိမှာ အချို့သော ဆရာဝန်တွေ၊ အချို့သောဌာနတွေဟာ တယ်လီဖုန်းနဲ့ ဆက်သွယ်တဲ့ နည်းစနစ်တွေ ပြုလုပ်နေပါတယ်။ Tele-medicine ပေါ့။ တယ်လီဖုန်းနဲ့လှမ်းပြီး ဆွေးနွေးနေတာရှိပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ဒီလိုမျိုးလုပ်ငန်းတွေကို လုပ်ပေးရပါမယ်။ တစ်ချိန်တည်းမှာ အခြားသော ဆေးရုံဆေးခန်းတွေကိုလည်း ပြန်ဖွင့်ခြင်းအားဖြင့် ပြည်သူတွေဟာ မိမိတို့ရဲ့ ကျန်းမာရေးအခြေအနေကို ကောင်းအောင် လုပ်ထားနိုင်မယ်။ ။

 

အခုလောလောဆယ် အသေအပျောက် များရတဲ့ အကြောင်းရင်းကတော့ တစ်ခုခုဆိုရင် ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါ ရှိတဲ့သူတွေဟာ သေချာမထိန်းထားနိုင်ဘဲနဲ့ နေမကောင်းဖြစ်တဲ့အခါ ကိုဗစ်ရောဂါဖြစ်မှာစိုးလို့ စိတ်ပူလို့သော်လည်းကောင်း ဆေးရုံကို တော်ရုံတန်ရုံ မသွားရဲဘူး။ ဆေးရုံရောက်သွားတဲ့အချိန်က နောက်ကျနေပြီ။ ရောဂါကျွမ်းနေပြီ။ အဲဒီအခါကျတော့မှ ဆေးရုံရောက်ပြီး သိပ်မကြာခင်၊ ဆေးကုသမှု အပြည့်အဝမရခင်မှာ အသက်ဆုံးရှုံးရတာတွေ ဖြစ်ပါတယ်။

 

ပါမောက္ခဒေါက်တာဇော်စိုး။ ။ ကျေးဇူးတင်ပါ တယ်ဆရာ။ ဒါနဲ့ပတ်သက်ပြီး ဆရာကြီး ဦးမြင့်ဟန်ကရော ထပ်ပြီးဆွေးနွေးပေးပါဦး ဆရာ။

 

ပါမောက္ခဒေါက်တာမြင့်ဟန်။ ။ပထမဦးဆုံးဆရာဦးထင်အောင်စော ပြောတာကို ထောက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေ ပုံမှန်လည်ပတ်နိုင်မှသာ ကျွန်တော်တို့ရဲ့ လူနာတွေ၊ လူနာတွေဆိုတာ ကိုဗစ်လူနာတွေလည်း ရှိပါတယ်။ ကိုဗစ် မဟုတ်တဲ့ လူနာတွေလည်း ရှိပါတယ်။ ဒါက လွယ်လွယ်ကူကူနဲ့ ပြန်ပြီး ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

 

ပုဂ္ဂလိကဆေးရုံတွေမှာ အဓိက အခက်အခဲက Test မလုပ်နိုင်သေးတဲ့ အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ ဒီဟာကလည်း Test Kit တွေပေါ်လာပြီ။ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်မယ်ဆိုရင် ပုဂ္ဂလိကကဏ္ဍကလည်း ပုဂ္ဂလိကဆေးရုံတွေပေမယ့် တစ်တပ်တစ်အား ပါဝင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ ပုံမှန်အခြေအနေ ပြန်ရောက်ဖို့ ကြိုးစားရပါမယ်။ ဒါက တစ်ချက်ပါ။

 

နောက်တစ်ချက်က ကျန်းမာရေးဝန်ထမ်းတွေ မပြိုလဲမှ၊ သူတို့ ရေရှည်ဒီတိုက်ပွဲကို ဆင်နွှဲနိုင်မှ၊ စစ်မပန်းမှ ဆရာခုနမေးတဲ့ သေဆုံးမှုနှုန်းကျသွားဖို့ ဖြစ်နိုင်မှာပါ။ ကျန်းမာရေးဝန်ထမ်းတွေက လက်ရှိအခြေအနေမှာ အသည်းအသန် လူနာတွေကို ကုသစောင့်ရှောက်နိုင်တဲ့ အခွင့်အလမ်းက အရင်လို မရတော့တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကို ကျွန်တော့်အနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဒီထက်ပိုပြီး Quality Care ပေးနိုင်အောင် ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်းတွေ အင်အားတောင့်ဖို့လိုပါတယ်။ သူတို့နေကောင်း နေဖို့လိုပါတယ်။ သူတို့ရဲ့ လုပ်ရမယ့် အလုပ် ပမာဏက Focus လုပ်ရမယ့် အုပ်စုကိုပဲ သေသေချာချာ အာရုံစူးစိုက်ပြီး လုပ်နိုင်မယ်ဆိုရင် သေဆုံးမှုနှုန်းကျဆင်းလာမှာဖြစ်ပါတယ်။

 

ကျွန်တော့်အနေနဲ့ နောက်တစ်ခု ပြောချင်တာက အခုလက်ရှိ သိရသလောက်က ရန်ကုန်ဆေးရုံကြီးကို ကား Accident နဲ့လာတယ်။ Swab ယူပြီး စစ်ကြည့်လိုက်တဲ့ Positive ဖြစ်နေတာကို တွေ့ရပါတယ်။ နောက်တစ်ခုက အဆိပ်သောက်ပြီးလာတဲ့ သူလည်း Swab လုပ်လိုက်ရင် Positive ဖြစ်ပါတယ်။ ဒီဟာက ဘာကိုပြသလဲဆိုတော့ Community Transmission လို့ခေါ်တဲ့ လူထုကြားထဲမှာ ပျံ့နှံ့မှုက အတော်အသင့်ရှိနေတယ်ဆိုတာ ကျွန်တော်တို့ ယုံမှားဖွယ်မရှိဘူးလို့ ထင်ပါတယ်။

 

ဒီတော့ ကျွန်တော်တို့အနေနဲ့ သေဆုံးတဲ့ လူနာတွေသည် ရောဂါအခံရှိတယ်။ Swab Test Positive ဖြစ်တယ်။ Positive ဖြစ်တာနဲ့ ကိုဗစ်ကြောင့် သေဆုံးတယ်လို့ ကောက်ချက်ချတာများ လိုအပ်မလားပေါ့နော်။ ဒါလေးကိုလည်း ကျွန်တော်ထည့်သွင်း ဆွေးနွေးလိုပါတယ်။ အသေးစိတ် လေ့လာမယ် ဆိုရင်လည်း သေဆုံးမှုနှုန်းက တကယ်ဟုတ်၊ မဟုတ် ဒါလည်း သိလာနိုင်မယ်လို့ထင်ပါတယ်။

 

ပါမောက္ခဒေါက်တာဇော်ဝေစိုး။ ။ ဆရာပြောတာ ဟုတ်ပါတယ်။ ခုနတုန်းက ပြောသလို Car Accident နဲ့ သေတဲ့သူဆိုရင် ပုံမှန်သာဆိုရင်ကိုဗစ်က Asymptomatic ဘာလက္ခဏာမှ မပြဘဲနဲ့အချိန်တန်ရင် ပျောက်သွားနိုင်တဲ့လူပါ။ ဒါပေမယ့် Car Accident ဖြစ်တော့ ဆုံးပါးသွားတယ်။ ဒီတော့ သူသေရခြင်းအကြောင်းရင်းက ကိုဗစ်ကြောင့် မဟုတ်ပါဘူး။

 

ဒီလိုမျိုး ကိုဗစ်ကြောင့် ဆုံးပါးသွားရတဲ့ လူတိုင်းလူတိုင်းရဲ့ Review ဆိုပြီး အသေးစိတ် ပြန်လည်လေ့လာခြင်းတွေကို လုပ်ဖို့လိုပါတယ်။ အဖွဲ့နဲ့ ဒါတွေကို ဆုံးပါးသွားတဲ့ အချိန်မှာ လုပ်သလို၊ နေ့တိုင်းလည်း အသေးစိတ် Review ပြန်လုပ်ပါတယ်။ ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေကို ပြန်လည်ပြီး ပြုပြင်ပြောင်းလဲလျက် ရှိပါတယ်။ ဒါကြောင့် အခုဆိုရင် ဆရာပြောသလိုပါပဲ။

 

Rapid Test Kit eodcos Positive ထွက်လာတဲ့အခါကျရင် ကျွန်တော်တို့က Green၊ Yellow၊ Red ဆိုပြီး အုပ်စု သုံးစု ခွဲထားပါတယ်။ ဒီအထဲမှာ ဆရာပြောတာ Red ဖြစ်ပါတယ်။ ဒီ Red တွေကို သက်ဆိုင်ရာ ဆေးရုံတွေကို ပြောင်းရွှေ့ခြင်းမလုပ်တော့ဘဲ ကုနိုင်အောင် နေရာထိုင်ခင်းကအစ ပြင်ဆင်လျက်ရှိသလို ကိုဗစ်ကတော့ အားလုံးသိတဲ့အတိုင်းပဲ အောက်ဆီဂျင်မရှိရင်မဖြစ်တဲ့ ရောဂါတစ်မျိုး။ အခုအဲဒီဟာကို အရိုးကျိုးသွားတဲ့လူကို ခွဲစိတ်ကုသတယ်။ ကိုဗစ်အတွက်လည်း အောက်ဆီဂျင်လိုတော့ လူနာတိုင်း လူနာတိုင်းရဲ့ ခေါင်းရင်းမှာ အောက်ဆီဂျင်ရှိအောင် အခုဆိုရင်စတင်ပြီး နိုင်ငံတော်ရဲ့ အစီအစဉ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ ဆေးရုံကြီးတွေမှာ စတင်တပ်ဆင် ဆောင်ရွက်လျက်ရှိပါတယ်။ ။

 

နောက်တစ်ခုက ဆရာတို့ပြောသွားတဲ့ Primary Health Care ပါ။ ဒါကိုလည်း အခုဆိုရင် ကျွန်တော်တို့ရဲ့ Guideline တွေ၊ Protocol တွေကို ထုတ်ပြန်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ အထွေထွေရောဂါကု ဆရာဝန် များ၊ GP များအတွက် Guideline ဟာ အစိုးရ ဆေးရုံက ဆရာဝန်တွေရဲ့ Guideline နဲ့ အတူတူပါပဲ။

 

Primary Health Care Area တွေမှာ GP  တွေအနေနဲ့ အလုပ်လုပ်နိုင်အောင်၊ ဆေးခန်းတွေကို ဖွင့်လှစ်နိုင်အောင် ဦးစားပေးပြီးတော့ စီစဉ်ဆောင်ရွက်နေသလို Private ပုဂ္ဂလိက ဆေးရုံများ၊ ဆေးရုံအသင်းများနဲ့လည်း ဆွေးနွေးပြီး ပုဂ္ဂလိကဆေးရုံတွေရဲ့ လုပ်ငန်းတွေ ပုံမှန်ပြန်ပြီး ဆောင်ရွက်နိုင်ဖို့အတွက် အသေးစိတ်တိုင်ပင်ပြီး ဒါနဲ့ပတ်သက်တဲ့ညွှန်ကြားမှုတွေ၊ Guideline တွေ ဖော်ထုတ်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။ အထူးကျေးဇူးတင်ပါတယ်ဆရာ။

 

ပါမောက္ခဒေါက်တာမြင့်ဟန်။ ။ ဟုတ်ကဲ့ကျွန်တော် ပြောပါရစေခင်ဗျာ။ ဒီလိုပါ ကိုဗစ်ရောဂါကို ထိန်းချုပ်ဖို့အတွက်က All Society ပါ။ အားလုံးပါဝင်ရပါမယ်။ ပြည်သူတွေ ပါဝင်ရပါမယ်။ ဌာနဆိုင်ရာတွေ အသီးသီးပါဝင်ရပါမယ်။ အသင်းအဖွဲ့တွေ၊ လူမှုရေးအဖွဲ့ အစည်းတွေ၊ ကျန်တဲ့အသင်းအဖွဲ့တွေ အားလုံးပါဝင်မှ ရေရှည်စစ်ပွဲဖြစ်တဲ့ ကိုဗစ်ထိန်းချုပ်ရေးကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာလည်း အခုဆိုရင် ပြောင်းလဲလာတဲ့ အခြေအနေနဲ့အညီ ကျွန်တော်တို့တွေရဲ့ ကျင့်သုံးမှုက Flexible ဖြစ်ဖို့ပါ။ အားလုံး ပြင်လွယ်ပြောင်းလွယ်တဲ့ နည်းဗျူဟာများနဲ့ ကျွန်တော်တို့ ပြည်သူတွေ အားလုံးဝိုင်းဝန်းပြီး ကျော်လွှားရင် ကျွန်တော့်အနေနဲ့ ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါကြောင်း ပြောကြားလိုပါတယ်။ ပြည်သူတွေကိုလည်း ပါဝင်ပူးပေါင်းဆောင်ရွက်ကြဖို့ ဒီနေရာက နှိုးဆော်လိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

 

ပါမောက္ခဒေါက်တာထင်အောင်စော။ ။ ပြည်သူတွေက အားလုံးပူးပေါင်းပါဝင်ဖို့ဆိုရင် ကိုဗစ်တစ်ခုတည်းကိုပဲ ကြောက်နေလို့မရပါဘူး။ အခြားသော ကျန်းမာရေးဆိုင်ရာ အထွေထွေတွေကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ မိမိရဲ့ အထွေထွေကျန်းမာရေး ကောင်းမှသာလျှင် ကိုဗစ်ကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ ။ လူတိုင်းက ကိုယ့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့လိုပါတယ်။ လက်ရှိကိုယ့်မှာရှိနေတဲ့ ကျန်းမာရေးပိုကောင်းအောင်လည်း အမြဲတမ်း ဂရုစိုက်နေဖို့လိုသလို တကယ်လို့ ရောဂါတွေရှိမယ်ဆိုရင်လည်း အဲဒီကျန်းမာရေး ပြဿနာ ကိုယ့်ရောဂါတွေကိုလည်း ပုံမှန် ဆေးကုသခြင်းကို မမေ့မလျော့ ဆက်လက်လုပ်ဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်ပါတယ်။ ဥပမာအားဖြင့် တီဘီရောဂါဆိုရင် တီဘီဆေးပြတ်သွားမယ်ဆိုရင် ဆေးယဉ်ပါး တီဘီဖြစ်မယ်။ HIV ရောဂါ ဆေးပြတ်သွားရင် ဆေးယဉ်ပါးတဲ့ပိုးဖြစ်မယ်။ ဆီးချို၊ သွေးတိုး ကအစ ဆေးပြတ်သွားရင် ကိုယ့်ရဲ့ ကျန်းမာရေး ချို့ယွင်းသွားနိုင်တဲ့အတွက် အဲဒါတွေကို လည်း မမေ့မလျော့နေဖို့ လိုပါတယ်လို့ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

 

ပါမောက္ခဒေါက်တာဇော်ဝေစိုး။ ။ ဒီတော့တစ်ကမ္ဘာလုံး၊ တစ်နိုင်ငံလုံး၊ တစ်မြို့လုံး အခုလို ကပ်ဘေးဖြစ်နေတဲ့အချိန်မှာ အရေးအကြီးဆုံးက ကိုယ်ချင်းစာစိတ်ရယ်၊ အမိန့်နာခံခြင်းရယ်လို့ ကျွန်တော်ထင်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။