ကိုဗစ်-၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်

mdn

ထက်လျှံ၊ ဓာတ်ပုံ- ဇော်မင်းလတ်

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အောက်တိုဘာ ၂၀ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

အစီအစဉ်မှူး။                   မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာနဲ့တဝန်းမှာ လက်ရှိဖြစ်ပွားနေဆဲဖြစ်တဲ့ ကိုဗစ် - ၁၉ ရောဂါနဲ့ ပတ်သက်လို့ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ၊ လိုက်နာဆောင်ရွက်ရမယ့် လုပ်ထုံးလုပ်နည်းတွေနဲ့ အမှန်တကယ် ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ဝေမျှပေးနေတဲ့ ကိုဗစ်အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကနေ ပြန်လည်ကြိုဆိုပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံမှာ ကိုဗစ် - ၁၉ ရောဂါနဲ့ ပတ်သက်လို့ ကိုရီးယားနိုင်ငံကနေ မှာယူ အသုံးပြုနေတဲ့ Antigen Test Kits တွေနဲ့ မြန်မြန်ဆန်ဆန် စစ်ဆေးအဖြေထုတ်ပေးနေလျက်ရှိပြီး စောစောသိ၊ စောစောကု၊ စောစောပျောက်ကင်း ဆိုသည့်အတိုင်း ရောဂါဖြစ်ပွားနေမှုကို ထိန်းချုပ်နိုင်ဖို့အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်နေပြီဖြစ်ပါတယ်။

ဒါဟာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ ကိုဗစ် - ၁၉ ရောဂါနဲ့ ပတ်သက်တဲ့ အချက်တွေကို ပြည်သူအများစုက လိုက်နာပြီး ပူးပေါင်းပါဝင်ခြင်းရဲ့ အကျိုးကျေးဇူး တစ်ရပ်လည်း ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ကိုဗစ် - ၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းစဉ်တွေမှာ လက်တွေ့ပါဝင် ဆောင်ရွက်လျက်ရှိနေတဲ့ ပါမောက္ခကြီးတွေ၊ သမားတော်ကြီးတွေက ရုပ်မြင်သံကြားအစီအစဉ်နဲ့ လူမှုကွန်ယက်တွေကနေတစ်ဆင့် အပတ်စဉ် အသိပညာပေး ရှင်းလင်းပြောကြားပေးနေသလို ပြည်သူအားလုံးကလည်း လိုက်နာဆောင်ရွက်ရမယ့် အရာတွေကို အတိအကျ လိုက်နာခြင်းဖြင့် မိမိတို့တတ်နိုင်တဲ့ဘက်ကနေ ကိုဗစ်ရောဂါ တိုက်ဖျက်ရေးအတွက် ဆက်လက်ပြီး ပူးပေါင်းပါဝင်ပေးကြဖို့ လိုအပ်ပါတယ်။

ဒီနေ့အတွက် မေးခွန်းမေးမြန်းဖြေကြား ဆွေးနွေးမှုမှာ ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်း [ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြုအားဖြည့်ဆောင်ရွက်ရေး အဖွဲ့ဝင်]၊ ပါမောက္ခဒေါက်တာမူမူနိုင် [ပါမောက္ခ/ဌာနမှူး (မေ့ဆေးပညာ)၊ ဆေးတက္ကသိုလ် - (ရန်ကုန်)၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန] တို့နဲ့အတူ ပါမောက္ခဒေါက်တာစပ္ပာယ်ဖြူ [ပါမောက္ခ(အပူပိုင်း/ကူးစက်)၊ ဆေးတက္ကသိုလ် - (ရန်ကုန်)၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန] တို့က ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

ဆရာကြီး၊ ဆရာမကြီးတို့ အားလုံးမင်္ဂလာပါ။ ယခုလိုမျိုး မအားလပ်တဲ့ကြားကနေ အချိန်ပေးပြီး ဖြေကြားဆွေးနွေးပေးတဲ့အတွက် ဆရာကြီး၊ ဆရာမကြီးတို့ကို ပထမဆုံးအနေနဲ့ ကျေးဇူးတင်ပါတယ်လို့ ပြောကြားပါရစေ။ ဒီနေ့ရဲ့ ဆွေးနွေးမှုတွေ စတင်နိုင်ဖို့အတွက် ဆရာမကြီး ပါမောက္ခ ဒေါက်တာစံပယ်ဖြူကနေ ဦးဆောင်ဆွေးနွေးပေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။

ပါမောက္ခဒေါက်တာစံပယ်ဖြူ။                          အားလုံးပဲ မင်္ဂလာပါ။ ပထမဦးစွာ ဆရာကြီး ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာစိုးလွင်ငြိမ်းကနေ စတင်ပြီး မေးခွန်းတွေကို ဖြေကြားပေးဖို့ ဆရာကြီးကို ဖိတ်ခေါ်ပါတယ်။

ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်း။                       ပထမဦးဆုံး ဖြေကြားရမယ့်မေးခွန်းက လက်ရှိ မြန်မာနိုင်ငံရဲ့ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှု အခြေအနေ၊ Positive လူနာ ရာခိုင်နှုန်းအခြေအနေများကို သုံးသပ်ချက်နဲ့ သိချင်ပါတယ်ဆိုပြီး မေးမြန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းတွေကို နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ နည်းဗျူဟာတွေနဲ့ မြန်မာနိုင်ငံမှာ ယခင်တွေ့ကြုံခဲ့ရတဲ့ ကမ္ဘာ့ကပ်ရောဂါ အတွေ့အကြုံတွေအပေါ်မှာ မူတည်ပြီး ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို နိုင်ငံတော်အစိုးရရဲ့ လမ်းညွှန်ကြီးကြပ်မှုနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိပါတယ်။

ကူးစက်ရောဂါဗေဒ ရှုထောင့်ကနေပြီး လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှု အခြေအနေကို သုံးသပ်ရမယ်ဆိုရင် ကျွန်တော်အနေနဲ့ ၃ ပိုင်းခွဲခြားပြီး တင်ပြဆွေးနွေးလိုပါတယ်။ ပထမက ရောဂါဖြစ်ပွားမှု အခြေအနေ၊ ဒုတိယက ရောဂါကူးစက်ပြန့်နှံ့မှု အခြေအနေ၊ တတိယက ရောဂါပြင်းထန်မှု အခြေအနေ ဒီလိုအခြေအနေ () ခုကို ပိုင်းခြားပြီး ကျွန်တော် သုံးသပ်ဆွေးနွေးမှာ ဖြစ်ပါတယ်။

ပထမ တစ်ခုအနေနဲ့ ရောဂါဖြစ်ပွားမှု အခြေအနေ နဲ့ပတ်သက်ပြီး ကြည့်မယ်ဆိုရင် မတ်လ ၂၃ ရက်နေ့ ရောဂါဖြစ်ပွားတဲ့အချိန်ကစပြီး ယနေ့အထိ ဓာတ်ခွဲနမူနာပေါင်း ၅ သိန်းကျော်ကို စစ်ဆေးတဲ့ အခါမှာ အတည်ပြုလူနာပေါင်း ၃၆၀၀၀ ကျော် တွေ့ရှိရပါတယ်။ ဒီရောဂါပိုး တွေ့ရှိနှုန်းက ၇ ဒသမ ၂ ရာခိုင်နှုန်းရှိပါတယ်။ ယနေ့အထိ ကိုဗစ် - ၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၈၈၄ ယောက်ရှိပြီး သေဆုံးနှုန်းက ၂ ဒသမ ၄ ရာခိုင်နှုန်းရှိပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့က ဒီရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ပြီးလားဆိုတဲ့ ပြည်သူလူထု အများစုက စိတ်ဝင်တစား ကြည့်နေသလို၊ ဒီလုပ်ငန်းဆောင်ရွက်နေတဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ဆောင်ရွက်နေသူ အားလုံးက ဒီအပေါ်မှာ မူတည်ပြီး ရှေ့ဆက်လက် ဆောင်ရွက်ရမယ့် နည်းဗျူဟာတွေ၊ ဘယ်လို အရင်းအမြစ် (Resource) တွေနဲ့ ဆောင်ရွက်ရမလဲဆိုတဲ့ ဒါတွေကို စဉ်းစားရတာ ဖြစ်ပါတယ်။

ဒီကူးစက်ရောဂါ ထိန်းချုပ်ရေးမှာတော့ နိုင်ငံတကာက ကျင့်သုံးထားတဲ့ အညွှန်းကိန်းတွေ ရှိပါတယ်။ ကျွန်တော်တို့က ရောဂါတစ်ခုဟာ ထိန်းချုပ်နိုင်ပြီလား၊ မထိန်းချုပ်နိုင်ဘူးလား ဆိုတာ ရောဂါပေါ်မှာလည်း မူတည်ပါတယ်။ ကိုဗစ် - ၁၉ ရောဂါနဲ့ ပတ်သက်လို့က ပြည်သူလူထုအတွင်းမှာ ရောဂါကူးစက်ပြန့်နှံမှု ဘယ်လောက် ထိန်းချုပ်နိုင်ပြီလဲဆိုတာကို နိုင်ငံတကာက ဒီအပေါ်မှာ အဓိကထား သုံးသပ်ပြီး ရောဂါကူးစက်မှု နည်းသွားပြီ၊ ရောဂါကူးစက်မှုက များသေးတယ် စသဖြင့် ဒီလိုမျိုး သုံးသပ်ဆွေးနွေးတာ ဖြစ်ပါတယ်။

ယခုမြန်မာနိုင်ငံရဲ့ အခြေအနေကို ကြည့်မယ်ဆိုရင် Percent Positive Rate လို့ခေါ်တာပေါ့ နော်။  ဒီရောဂါအတည်ပြု ပိုးတွေ့တဲ့နှုန်းကို ကြည့်မယ်ဆိုရင် ယခင်က ၁၉ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်း လောက်ရှိခဲ့ရာကနေ ဒီရက်အတွင်းမှာ ၇ ရာခိုင်နှုန်း၊ ၁၃ ရာခိုင်နှုန်း၊ ဒီရက်မှာ ၇ ရာခိုင်နှုန်း၊ ၉ ရာခိုင်နှုန်း စသဖြင့် ဒီလို ပိုးတွေ့ရာခိုင်နှုန်း Rate က ကျဆင်းလာပြီး တန်းလာတဲ့ အနေအထား ရှိလာပါတယ်။

နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ Percent Positive ပေါ့လေ Threshold Level က Less Than 5 Present ဖြစ်ပါတယ်၊ Less Than 5 Present မှာ () ပတ်လောက် တန်းနေပြီဆိုရင် ဒီဟာ ပြည်သူလူထုအတွင်းမှာ ကူးစက်မှုနှုန်းက ထိန်းချုပ်နိုင်တဲ့ အနေအထားဖြစ်တယ်။ ဒါကြောင့်မို့ ခုနကလို ပြန်လည်ဖြေလျော့ရမယ့်ကိစ္စတွေ ဖြေလျော့ဆောင်ရွက်နိုင်ပြီဆိုတဲ့ ဒီလို သတ်မှတ်ချက်မျိုးရှိပါတယ်။

ကျွန်တော်တို့ တစ်နိုင်ငံလုံးရဲ့ အနေအထားနဲ့ ကြည့်မယ်ဆိုရင် ၇ ၊ ၈ ၊ ၉ ၊ ၁၀ ဒီလောက်မှာ ပြေးနေတယ်ဆိုတော့ အရင်ထက်စာရင် Positive Rate က အကျဘက်ကို တဖြည်းဖြည်းနဲ့ ဦးတည်လာနေပြီ ဒါပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ၅ ရာခိုင်နှုန်းထက် ကျော်နေသေးတယ်ဆိုရင် ဒါကူးစက်မှုနှုန်း မြင့်နေသေးတယ်လို့ သုံးသပ်ချက်ရှိတဲ့အတွက်ကြောင့် ပြည်သူလူထုက ကြိုးစားပြီး ဆက်လက် ကာကွယ်နှိမ်နင်းရေး လုပ်ငန်းတွေကို အားဖြည့်ဆောင်ရွက်ဖို့လိုပါတယ်။

တစ်ဖက်ကလည်း ဒီရောဂါက Asymptomatic လို့ခေါ်တဲ့ ရောဂါလက္ခဏာ မပြဘဲနဲ့ ရှိနေတဲ့သူက မြန်မာနိုင်ငံအနေနဲ့ဆို ၆၄ ရာခိုင်နှုန်းလောက်ရှိနေပြီး ဒီလူတွေဟာ သူတို့ကို သူတို့ ကျန်းမာသန်စွမ်းတဲ့ သူတွေအနေနဲ့ သတ်မှတ်ပြီး လျှောက်သွားနေတာကြောင့် သူတို့ကနေတစ်ဆင့် ကူးစက်မှု‌ တွေကလည်း ရှိနေသေးတာပေါ့လေ။

ဒါကြောင့်မိုလို့ လူတိုင်းလူတိုင်းဟာ တစ်ဦးချင်း၊ တစ်ဦးချင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားတဲ့ ဒီကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေမှာ Mask တပ်တာတို့၊ တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေတာတို့၊ လက်ဆေးတာတို့ ဒါတွေကို သေသေချာချာ တိတိကျကျ ဒီရက်အတွင်းမှာ ကြိုးစားအားထည့်ပြီး ဆောင်ရွက်ဖို့ လိုပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ဆိုရင် ကျွန်တော်တို့ ခုနက တွက်ချက်မှုအရဆိုရင် ဒီနေ့တွေ့ရှိမှု နှုန်းက ၉ ဒသမ ၃ ရာခိုင်နှုန်းရှိပါတယ်။ ဒီ ၇ ၊ ၈ ၊ ၉ လောက်မှာ Test Positive Rate က တအားပြေး နေတယ်။ ဒါကြောင့် ကူးစက်ပညာရှင်တွေက ကိန်းဂဏန်းတွေကို ကြည့်တဲ့အခါ ကိန်းဂဏန်းတစ်ခုထဲမှာဘဲ ဥပမာ - လူနာ ၁၀၀၀ ကျော်တွေထဲမှာဘဲ ဆက်တိုက် တန်းလာတာပြီဆိုရင် ဒါက Flattening the Curve လို့ခေါ်တဲ့ ပိုးတွေ့တာကတန်းလာပြီဆိုရင် Case အရေအတွက်က များရင်များနေလိမ့်မယ်။ ပိုးတွေ့နှုန်း တန်းနေတာကို ထပ်ပြီးကြိုးစားလိုက်မယ်ဆိုရင် အကျဘက်ကို ရောက်ရှိသွားနိုင်တဲ့ အနေအထားရှိပါတယ်။

ရောဂါပြန့်နှံမှုအနေနဲ့ ကြည့်မယ်ဆိုရင် ကျွန်တော်တို့ တိုင်းပြည်ကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့က Transmission Classification လို့ခေါ်ပါတယ်။ ဒါရောဂါပြန့်နှံမှုနဲ့ ဘယ်အဆင့်မှာရှိတယ်ဆိုပြီး မြန်မာနိုင်ငံကို သတ်မှတ်ထားတာက Cluster Case Classification  မှာလို့ သတ်မှတ်ထားပါတယ်။ ဒီပြည်သူလူထုထဲမှာ Community Transmission တွေရှိနေပင်မဲ့ မြန်မာနိုင်ငံက အစုလိုက် ဖြစ်ပွားတဲ့ နေရာတွေမှာ ရောဂါ ဖြစ်ပွားတာတွေများတယ်။ ဆိုလိုတာက ရပ်ကွက်ထဲမှာ တအားပြန့်နေတာ မဟုတ်ဘူး။ တစ်နေရာ ထဲကနေ ရာချီပြီးထွက်တဲ့ ဖြစ်စဉ်တွေက တအားများနေတာပေါ့။

ဒါကြောင့်မို့လည်း ဒီလို Cluster Case လို့ သတ်မှတ်ထားတယ်။ ဒါကြောင့် ကျွန်တော်တို့က မြေပြင်မှာ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါမှာ ခုနကလို တစ်နေရာထဲကနေ ရောဂါကူးစက်မှုတွေ အများကြီးဖြစ်နိုင်တဲ့ တစ်နေရာထဲမှာ လူစုလူဝေးနဲ့ ဆောင်ရွက်ရတဲ့ စက်ရုံ အလုပ်ရုံတွေ၊ အဆောင်တွေ စသဖြင့် နောက်ဈေးတွေ၊ ကုန်စည်ဒိုင်တွေမှာ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကို လူတိုင်းက အသေအချာ စနစ်တကျ ဆောင်ရွက်လိုက်မယ်ဆိုရင် ဒီကူးစက်မှုက လုံးဝကို ကျဆင်းသွားမှာ ဖြစ်ပါတယ်။

နောက်တစ်ခုက ရန်ကုန်တိုင်းဒေသကြီးမှာ ကြည့်မယ်ဆိုရင် အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်း ခရိုင်တို့မှာ ဒီရက်အတွင်း ကူးစက်မှုူက ကျဆင်းတဲ့ဘက်ကို ရောက်နေတယ်။ မြောက်ပိုင်းခရိုင်က ကူးစက်မှု နည်းနည်းလေး တက်နေတဲ့ အနေအထားမှာ ရှိတယ်။ တောင်ပိုင်းခရိုင်က နဂိုကတည်းက ကို ကူးစက်မှုနည်းပြီး အခုနောက်ပိုင်းမှာ နည်းနည်းလေး တက်နေတဲ့ သဘောရှိတယ်။ ဆိုလိုချင်တာက Geographical Distribution ပေါ့နော်။ တိုင်း တစ်တိုင်းထဲမှာ တစ်နေရာနဲ့ တစ်နေရာ ကူးစက်မှုတွေ မတူဘူး။ နိုင်ငံအတွင်းမှာလည်း ရန်ကုန်တိုင်းဒေသကြီး တစ်ခုထဲက အမြင့်ဆုံးကူးစက်မှုဖြစ်ပွားနေပြီး ကျန်တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကူးစက်မှုဖြစ်ပင်မဲ့ ထိန်းချုပ်နိုင်တဲ့ အနေအထားတွေ ရှိနေတယ်။

ရောဂါပြင်းထန်မှုနဲ့ ပတ်သက်ပြီး ကြည့်မယ်ဆိုရင် အများသောအားဖြင့် ရောဂါကြောင့် သေဆုံးနှုန်းတွေကို ကျွန်တော်တို့ ကြည့်ရပါတယ်။ အခုက ၂ ဒသမ ၄ ရာခိုင်နှုန်းဆိုတော့ ရာခိုင်နှုန်း အားဖြင့် ကျွန်တော်တို့က တခြားတိုင်းပြည်တွေနဲ့ ယှဉ်ရင် နည်းတယ်လို့ ထင်ရပေမယ့် ကိုယ့်တိုင်း ပြည်အတွက် မိသားစု တစ်ခုမှာ မိသားစုဝင် တစ်ယောက် အသက်ဆုံးရှုံးတာက မိသားစုအတွက် ၁၀၀ ရာခိုင်နှုန်း ဆုံးရှုံးတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် တတ်နိုင်သလောက် သေဆုံးနှုန်း မရှိအောင် ကျွန်တော်တို့ ကြိုးစားပြီး ဆောင်ရွင်ဖို့ လိုတယ်။ ဒီလိုဆောင်ရွက်ဖို့ လိုတဲ့အခါမှာ ကျွန်တော်တို့ ကူးစက်ရောဂါ ရှုထောင့်ကနေ ပြန်လည်သုံးသပ်ကြည့်တဲ့အခါ ယခုသေဆုံးနေတဲ့သူ ၉၅ ရာခိုင်နှုန်းလောက်က ရန်ကုန်တိုင်းဒေသကြီးမှဖြစ်ပြီး သေတဲ့သူတွေ အများစုရဲ့ ၁၈ ရာခိုင်နှုန်းက ဆေးရုံကို ခေါ်လာကတည်းက သေဆုံးပြီးဖြစ်နေပါတယ်။ ဆေးရုံကို ရောက်တာ တော်တော်လေးကို နောက်ကျမှ ရောက်နေတယ်ဆိုတာကို ဒီကိန်း ဂဏန်းတွေက ပြနေပါတယ်။ ဒါက အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူလူထုက အိမ်မှာ ရောဂါဖြစ်လို့ရှိရင် ကြိတ်ပြီးကုနေမယ့် အစား သက်ဆိုင်ရာ ကိုဗစ်ကော်မတီတွေ၊ မြို့နယ်ကျန်းမာရေးဌာနတွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို ဆက်သွယ်ပြီး ချက်ချင်းလိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ကုသမှုခံယူဖို့အတွက် လိုအပ်ပါတယ်။

နောက်တစ်ခါ သေဆုံးသူတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်က သွေးတိုး၊ နှလုံးနဲ့ ဆီးချိုရောဂါရှိသူတွေ ဖြစ်နေတဲ့အတွက်ကြောင့် အိမ်တိုင်း၊ အိမ်တိုင်းက ဒီလိုမျိုး သက်ကြီးရွယ်အိုတွေနဲ့ သွေးတိုး၊ နှလုံး၊ ဆီးချိုရှိတဲ့ မိသားစုတွေက ကိုယ့်မိသားစုမှာ သက်ကြီးရွယ်အိုနဲ့ ရောဂါရှိတဲ့သူတွေ ရောဂါ မဖြစ်အောင် တစ်အိမ်ချင်းကနေပြီး တစ်ဦးချင်း၊ မိသားစုဝင်ချင်းက ကာကွယ်စောင့်ရှောက်ဖို့ လိုအပ် သလို ဒီလိုလူတွေမှာ ရောဂါဖြစ်ရင်လည်း ချက်ချင်း အိမ်မှာ ကြိတ်ကုမနေဘဲနဲ့ ချက်ချင်း ကျန်းမာရေး ဝန်ထမ်းတွေကို သတင်းပို့ပြီး ဆေးရုံတွေကို ချက်ချင်းသွားရောက်ပြီး ကုသမှုခံယူဖို့အတွက် စီစဉ်သင့်တယ်။

ကျွန်တော် ဆိုလိုတာက Home Action Plan for the High Risk Group ၊ အိမ်တိုင်းအိမ်တိုင်းက ဒီလိုမျိုး ကိုယ့်မိသားစုမှာရှိတဲ့ အသက်အန္တရာယ်ရှိတဲ့သူတွေကို ကာကွယ်ဖို့အတွက် စီမံ ဆောင်ရွက်ထားဖို့ လိုအပ်ပါတယ်။ ကူးစက်ရောဂါတွေမှာလည်း ကျွန်တော်တို့က No one is Safe Until Everyone is Safe ပေါ့နော်။ ဆိုလိုတာက လူတစ်ယောက်ချင်း၊ တစ်ယောက်ချင်း ကိုယ့်ကျန်းမာရေးကို စောင့်ရှောက်နိုင်မှသာလျှင် လူတိုင်းလူတိုင်းရဲ့ ကျန်းမာရေးကို စောင့်ရှောက်နိုင်သလို၊ လူတိုင်းလူတိုင်းက ကိုယ့်ကျန်းမာရေးကို စောင့်ရှောက်နိုင်မှသာလျှင် တစ်ယောက်ချင်း၊ တစ်ယောက်ချင်းကို ပြန်ပြီး ကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့ အနေအထားဖြစ်ပါတယ်။

ဒါကြောင့် ဒီကူးစက်မှုတွေကို ထိန်းချုပ်နိုင်ဖို့ဆိုရင် ယခုကျွန်တော်တို့က Share the Responsibility  လို့ခေါ်တဲ့ လုပ်နိုင်တဲ့သူတွေက ကိုယ့်ရဲ့ ဒီတာဝန်တွေကို မျှပြီးယူကြဖို့ပါ။ ယခုက နိုင်ငံတော်အစိုးရနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ပရဟိတ စသဖြင့် ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကလည်း ရှိနေတယ်။ ဒီလူတွေဟာ ခုနကလို တာဝန်ကိုယ်စီ ခွဲယူရမှာပါ။ Share the Responsibility လိုမျိုး ပူးပေါင်းဆောင်ရွက်လိုက်မယ်ဆိုရင် ကိုဗစ်ရောဂါကို ကျွန်တော်တို့ လျင်လျင်မြန်မြန် ထိန်းချုပ်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ပါမောက္ခဒေါက်တာစံပယ်ဖြူ။                          ဟုတ်ကဲ့ပါ၊ အခုတင်ပြသွားတဲ့ ဆရာကြီးဦးစိုးလွင်ငြိမ်းကို ကျေးဇူးအများကြီးတင်ပါတယ်။ နောက်ဆက်လက်ပြီး ဆေးတက္ကသိုလ် () မေ့ဆေးပညာ ဌာနရဲ့ ပါမောက္ခ/ဌာနမှူး ဒေါက်တာဒေါ်မူမူနိုင် မေးခွန်းတွေ ဖြေကြားပေးဖို့ ကျွန်မ ဖိတ်ခေါ်ပါတယ်။

ပါမောက္ခဒေါက်တာဒေါ်မူမူနိုင်။                        ဒီနေ့ အမေးအဖြေကဏ္ဍမှာ အများစုသိချင်နေကြတဲ့ မေးခွန်းတွေထဲက သူတို့ကဘာတွေကို သိချင်နေကြသလဲဆိုတော့ ရန်ကုန်မှာ ကိုဗစ် - ၁၉ ကုသ ပေးနေတဲ့ ဌာနအသီးသီးမှာ ရှိနေတဲ့ ICU ခုတင်တွေရဲ့ အခြေအနေ၊ HDU ခုတင်တွေရဲ့ အခြေအနေ၊ အောက်ဆီ ဂျင်ရရှိမှု အခြေအနေတွေနဲ့ အသက်ရှူစက်တွေ  လုံလောက်မှု ရှိ / မရှိ ၊ ဘယ်လိုလူမျိုး တွေကို ICU မှာ လက်ခံကုသပေးနေသလဲဆိုတဲ့အချက်တွေကို သိချင်ကြပါတယ်။ ဒါ့အပြင် ICU မှာ လက်ခံကုသ ပေးနေတဲ့ လူနာတွေရဲ့ သေဆုံးမှုနှုန်းတွေကိုလည်း မေးမြန်းထားတာ ဖြစ်ပါတယ်။

ဒီမေးမြန်းမှုတွေကို ပြန်ပြီးဖြေကြားရမယ်ဆိုရင် နံပါတ်တစ်အချက်အနေနဲ့ ရန်ကုန်မှာရှိနေတဲ့ ကိုဗစ် - ၁၉ အတည်ပြုပြီးသားလူနာတွေကို ICU မှာ တက်ရောက်ပြီး ကုသမှုခံယူဖို့လိုတဲ့ လူနာတွေကို လက်ခံကုသပေးနေတဲ့ ICU တွေ၊ စင်တာတွေ ဘယ်နှခုရှိသလဲဆိုရင် စဖြစ်ကတည်းကနေ စက်တင်ဘာလကုန်အထိကို ဝေဘာဂီ၊ တောင်ဉက္ကလာပနဲ့ ဖောင်ကြီး စင်တာ ၃ ခုမှာ အဓိကထားပြီး ကုသပေးနေပါတယ်။

အခု အောက်တိုဘာ လဆန်းလောက်မှာ ICU လိုအပ်ချက်တွေ ပိုများလာတဲ့အတွက် နောက် ထပ်စင်တာ ၃ ခု ထပ်ပြီးဖွင့်လှစ်ခဲ့ပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ ကိုဗစ် ICU ၊ သုဝဏ္ဏမှာ ရှိတဲ့ ဧရာဝတီစင်တာ၊ မြောက်ဉက္ကလာပမှာရယ် အားလုံးပေါင်းလိုက်ရင် ယခုလက်ရှိအခြေအနေမှာ ICU မှာ တက်ရောက်ကုသဖို့ ခုတင်နေရာတွေရှိပါတယ်။

HDU အနေနဲ့ ရန်ကုန်တိုင်းထဲမှာရှိတဲ့ ဆေးရုံအသီးသီးမှာ ကိုဗစ်ကို အတည်မပြုရသေးတဲ့ လူနာတွေအတွက်ရော၊ အတည်ပြုပြီးသားလူနာတွေအတွက်ရော လက်ရှိအောက်ဆီဂျင်ပေးနေတဲ့ နေရာ၊ ခုတင်တွေဟာ ဆေးရုံတိုင်းမှာ ရှိပါတယ်။ ဒါ့အပြင် ဒီလိုအတည်ပြုပြီးတဲ့နောက်မှာ သူတို့ကို အောက်ဆီဂျင်လိုအပ်တဲ့ လူတွေကို သတ်သတ်ခွဲပြီး ကုသပေးနေတဲ့ စင်တာတွေကလည်း အများကြီး ရှိပါတယ်။ Fortune Plaza မှာလည်းရှိတယ်။

ရန်ကုန် Convention Center မှာလည်းရှိတယ်။ သံဃာ့တက္ကသိုလ်မှာလည်း အောက်ဆီဂျင် လိုအပ်တဲ့ သံဃာတွေအတွက်ကို အောက်ဆီဂျင် စီစဉ်ပေးထားတာတွေ ရှိတယ်။ သုဝဏ္ဏ၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ မြောက်ဉက္ကလာ၊ သင်္ဃန်းကျွန်း ဒါတွေ အကုန်ပေါင်းလိုက်မယ်ဆိုရင် အောက်ဆီဂျင်ပေးပြီး ကုသနိုင်တဲ့ နေရာတွေဟာ ဆေးရုံတွေအပြင် ကုသပေးတဲ့ နေရာတွေက ၁၅၀၀ ကျော်ရှိ ပါတယ်။ ခုတင် ၃၀၀ လောက်ကိုလည်း ထပ်မံပြီး တိုးချဲ့ဖို့ အမြန်ဆောင်ရွက်နေပါတယ်။

အားလုံးသိချင်နေတဲ့ နောက်တစ်ချက်က HDU နဲ့ ICU   ဘာကွာသလဲဆိုရင် သတ်မှတ်ချက်တွေက တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံအသီးသီး၊ တိုင်းပြည်အသီးသီးမှာ HDU နဲ့ ICU   ရဲ့ သတ်မှတ်ထားချက်တွေဟာ တစ်နေရာနဲ့ တစ်နေရာ မတူပါဘူး။ မိမိတို့ဒေသ နိုင်ငံအလိုက် ကွဲပြားတယ်။ ဒီနိုင်ငံမှာ ဆိုရင်လည်း ကိုဗစ်ကာလ မတိုင်ခင်နဲ့ ကိုဗစ်ကာလအတွင်းမှာ HDU နဲ့ ICU    သတ်မှတ်ချက်တွေ က ကွဲပြားပါတယ်။

ကျွန်မတို့ အခုလောလောဆယ် Positive အတည်ပြုထားတဲ့ လူနာတွေအကုန်လုံးက အောက်ဆီဂျင် မလိုပါဘူး။ အောက်ဆီဂျင်ပေးဖို့လိုတဲ့ လူနာတွေကို အောက်ဆီဂျင်ပေးဖို့၊ ဒီလူနာတွေရဲ့ အခြေအနေကို စောင့်ကြည့်ဖို့ လိုလာပါတယ်။ ဒီလိုမျိုး စောင့်ကြည့်ပေးနိုင်တဲ့၊ အောက်ဆီဂျင်ပေး နိုင်တဲ့နေရာမျိုး  ဒီလူနာတွေက ပုံမှန်အောက်ဆီဂျင် မလိုတဲ့ လူနာတွေလို ထားလို့မရတဲ့ လူနာတွေ ဖြစ်ပါတယ်။ သူတို့က High Dependent ဖြစ်တယ်။ သူတို့က မှီခိုမှုတွေ၊ စောင့်ရှောက်မှုတွေ လိုအပ်နေတဲ့ လူနာတွေကို High Dependency Unit - HDU လို့ ကျွန်မတို့ သတ်မှတ်ထားပါတယ်။

သတ်မှတ်ထားတဲ့ ခုတင်တွေက ခုနအောက်ဆီဂျင်ပေးတဲ့‌ နေရာတွေပေါ့နော်။ သူတို့ကို အဲဒီလို စောင့်ကြည့်တဲ့အခါမှာ အောက်ဆီဂျင်ကို ဒီလိုပေးနေတာထက် တဖြည်းဖြည်းနဲ့ အောက်ဆီဂျင်ကို ပိုပြီးလိုအပ်လာမယ်။ သူတို့အသက်ရှူလမ်းကြောင်းတွေ ပိုပြီးထိခိုက်လာမယ်ဆိုရင် အသက်ရှူစက် တွေ ပိုပြီးလိုအပ်လာမှာ ဖြစ်ပါတယ်။

ဒါမှမဟုတ်ရင် သူတို့က အဆုတ်နဲ့ အသက်ရှူလမ်းကြောင်း တစ်ခုတည်း မဟုတ်ဘဲ နှလုံးကို ထိခိုက်လာမယ်၊ ကျောက်ကပ်ကို ထိခိုက်လာမယ်၊ နှလုံးခုန် မမှန်တာ၊ သွေးပေါင်ကျတာ ဒါမျိုးတွေ ဝင်လာခဲ့ရင် HDU နေရာထက် ပိုပြီးစောင့်ကြပ်ကုသပေးဖို့ လိုအပ်လာပါတယ်။ အဲဒီလို လိုအပ်လာတဲ့ လူတွေကိုတော့ Intensive Care လို့ခေါ်တဲ့ အထူးကြပ်မတ်ကုသဆောင် (ICU) တွေမှာ တက်ရောက် ပြီး ကုသမှုခံယူစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် HDU နဲ့ ICU မှာဆိုရင် ICU က သူတို့ကို ပိုပြီး အနီးကပ် စောင့်ရှောက်မှုတွေ လိုအပ်တဲ့လူနာတွေမှာ ပိုပြီး ICU လိုအပ်ပါတယ်။

နောက်တစ်ခုသိချင်နေတာက အောက်ဆီဂျင်ရရှိနိုင်မှု အခြေအနေနဲ့ ပတ်သက်ပြီး ရန်ကုန် တိုင်းအတွင်းမှာရှိတဲ့ သက်ဆိုင်ရာ ဆေးရုံအသီးသီးမှာ Test တွေလုပ်ပြီးလို့ အဖြေမရသေးတဲ့လူတွေရော၊ အဖြေရပြီးတဲ့လူတွေရော နှစ်ခုစလုံးမှာ အောက်ဆီဂျင်လိုတဲ့ လူတွေအတွက်ကို သက်ဆိုင်ရာ ဆေးရုံအသီးသီးမှာ အောက်ဆီဂျင်ပေးပြီး ကုသနေပါတယ်။

ဒီလိုကုသပြီးတော့မှ Test အဖြေက Positive ဆိုတာကို အတည်ပြုလိုက်တဲ့နောက်မှာ အောက်ဆီဂျင်ရနိုင်မယ့်နေရာတွေရှိတဲ့ စင်တာအသီးသီးကိုပို့ပြီး ကုသမှုခံယူစေရာမှာ အောက်ဆီဂျင် ပေးနိုင်မှုကို ကြည့်မယ်ဆိုရင် နေ့စဉ်အောက်ဆီဂျင်တွေ ဘယ်လောက်လိုအပ်နေသလဲ။ အောက်ဆီဂျင်ကို နေ့စဉ်ထုတ်လုပ်ပေးနိုင်တဲ့ ကုမ္ပဏီတွေနဲ့ဆက်သွယ်ပြီး ညှိနှိုင်းတဲ့အစည်းအဝေးတွေ မကြာခဏ ပြုလုပ်ပါတယ်။ အောက်ဆီဂျင်လိုအပ်မှုနဲ့ ထုတ်လုပ်နိုင်မှု အခြေအနေ ဘယ်လိုရှိသလဲ ဆိုတာ အမြဲသုံးသပ်ပါတယ်။

ဒီထက်ပိုပြီး လိုအပ်လာရင် ဘယ်လောက်အစွမ်းကုန် ထုတ်လုပ်ပေးနိုင်မယ့် ပမာဏရှိသလဲ။ ဘက်ချက်အနေနဲ့ ဘယ်လောက်တွေရှိသလဲဆိုတာလည်း ပုံမှန်သုံးသပ်နေတဲ့ အစည်းအဝေးတွေ ရှိနေတဲ့အတွက် ယခုလက်ရှိအခြေအနေမှာ အောက်ဆီဂျင်ရရှိနေမှုနဲ့ လူနာတွေရဲ့ လိုအပ်ချက်ဟာ လုံလောက်မှု ရှိနေပါတယ်လို့ ဖြေချင်ပါတယ်။

နံပါတ် လေးအချက်အနေနဲ့ အသက်ရှူစက် Ventilator ထားရှိမှု အခြေအနေကို သိချင်ကြပါ တယ်။ Ventilator ကို မြန်မာလို လွယ်လွယ်ကူကူပြောမယ်ဆိုရင် အသက်ရှူစက်လို့ ခေါ်ပါတယ်။ အတိအကျ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဘာသာပြန်ပေးထားတာက အသက်ရှူအားကူစက်လို့ခေါ်ပါတယ်။ ဒီနာမည်အတိုင်းပဲ သူက အသက်ရှူတာကို အားကူပေးတာဖြစ်ပါတယ်။ သူနဲ့တော့ ဒီရောဂါကို ပျောက်အောင်ကုသပေးလို့ မရပါဘူး။

ရောဂါကို ပြန်ပြီးကုသနေတဲ့ ကာလအတွင်းမှာ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းရဲ့ အခြေအနေဆိုးရွားမှုကြောင့် အောက်ဆီဂျင် လိုအပ်မှု၊ အသက်ရှူအားကူမှု လိုအပ်မှုအခြေအနေအပေါ်မှာ မူတည်ပြီး အသက်ရှူအားကူစက် လို့ခေါ်တဲ့ Ventilator တွေကို အသုံးပြုပေးရတာဖြစ်ပါတယ်။ ဘယ်လောက်ကူပေးရမလဲဆို တာတော့ သူ့အဆုတ်က ဘယ်လောက်ပျက်စီးသလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ အဲဒီလို မူတည်ပြီးပေးရတဲ့အခါမှာ အသက်ရှူအားကူစက်တွေဟာ လိုအပ်မှုအဆင့် ဆင့်နဲ့လိုက်ပြီး အသက်ရှူအားကူစက် အမျိုးအစားကလည်း မျိုးစုံရှိပါတယ်။

အလှူရှင်တွေရဲ့ ပံ့ပိုးမှုလည်းပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထောက်ပံ့မှုကလည်း လုံလောက်မှုရှိတဲ့အတွက် အသက်ရှူအားကူစက်တွေ လုံလောက်မှု မရှိဘူးဆိုတာ မမှန် ကန်ပါဘူး။ ကုသမှုပေးနေတဲ့ ICU ခုတင်တိုင်းမှာ အသက်ရှူအားကူစက်တွေဟာ ရှိနေတာဖြစ်ပါတယ်။

သေဆုံးမှုနှုန်းနဲ့ ပတ်သက်ပြီး ဒီလူနာတွေ သေဆုံးရမှုဟာ ဘယ်အပေါ်မှာ မူတည်သလဲဆိုရင် သူတို့က ကိုယ့်ဆီကို ရောက်ရှိလာတဲ့အချိန်ဟာ အခုလက်တလောဖြစ်နေတဲ့ ကိုဗစ်ကြောင့် သူတို့ရဲ့ အဆုတ်ကို ဘယ်လောက်ထိခိုက်မှုရှိသလဲ ။ အဆုတ်တစ်ခုတည်း မဟုတ်ဘဲ တချို့က နှလုံးကိုလည်း ထိခိုက်တယ်။ ကျောက်ကပ်ကိုလည်း ထိခိုက်တယ်။ သူက တစ်နေရာတည်းမကတဲ့ အင်္ဂါအစိတ် အပိုင်းတွေကို ပိုပြီးထိခိုက်တဲ့အခါ ရောဂါအခြေအနေပြင်းထန်မှုကလည်း များသွားတာဖြစ်ပါတယ်။

ဒီလိုပြင်းထန်တဲ့အပြင် ကိုဗစ်ရောဂါမဝင်ခင်မှာရှိနေတဲ့ သူတို့ရဲ့ ရောဂါအခြေအနေတွေကလည်း ဒီလိုမျိုးဖြစ်တဲ့အချိန်မှာ ပိုပြီးဆိုးဝါးစေနိုင်တာ ရှိပါတယ်။ အထူးသဖြင့် ဆီးချိုရောဂါရှိတဲ့သူ၊ နှလုံးရောဂါရှိတဲ့သူ၊ သွေးတိုးရောဂါရှိတဲ့သူ ဒါမှမဟုတ်ရင် ကင်ဆာရောဂါရှိတဲ့သူ၊ ခုခံမှုအားလျော့ နည်းတဲ့သူတွေမှာ ဒီလိုလူမျိုးတွေ အစကတည်းက သူတို့မှာရှိနေတဲ့ ရောဂါတွေကိုယ်တိုင်ကလည်း ဒီလိုဖြစ်တဲ့အခါ ခံနိုင်မှုအားလျော့နည်းပါတယ်။

သူတို့ အရင်ဖြစ်ထားတဲ့ ရောဂါတွေရဲ့ ထိခိုက်မှု ပမာဏကလည်း ဒီမှာလာပြီး သက်ရောက် စေတာဖြစ်ပါတယ်။ အဲဒီအပြင် အသက်အရွယ်အရ ကြည့်မယ်ဆိုရင်လည်း အသက်အရွယ်ကြီးတဲ့ သူတွေနဲ့ ငယ်တဲ့သူတွေရဲ့ ခံနိုင်ရည်အားက မတူပါဘူး။ ဒါကြောင့် ICU ရောက်လာတဲ့အချိန်မှာ သူတို့က အခုလတ်တလောဖြစ်တဲ့ရောဂါရဲ့ ပြင်းထန်မှုအခြေအနေ၊ ပါဝင်ပတ်သက်နေတဲ့ အင်္ဂါအစိတ်အပိုင်းတွေရဲ့ ပျက်စီးမှုအခြေအနေ၊ လက်ရှိရှိနေပြီးသားဖြစ်နေတဲ့ ရောဂါတွေရဲ့ ဆိုးဝါးမှုအခြေအနေ အကုန်ပေါင်းစပ်ပြီး သူတို့ရဲ့သေနှုန်းက ဒီအပေါ်မှာသွားပြီး သက်ရောက်နေတာ ဖြစ်ပါတယ်။

အဲဒီသေနှုန်းတွေကို မြန်မာနိုင်ငံမှာ စပြီးဖြစ်ကတည်းက ICU မှာကုသတဲ့ စာရင်းဇယားတွေအရ တခြားတိုင်းပြည်တွေနဲ့ ယှဉ်ကြည့်တဲ့အခါ ဉပမာ ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တဲ့ ဝူဟန်ရဲ့ မြို့တွေမှာရှိတဲ့ သေနှုန်းတွေ၊ အမေရိကတို့၊ ဉရောပတို့မှာရှိတဲ့ သေနှုန်းတွေနဲ့ ယှဉ်ကြည့်တဲ့အခါ ကျွန်မတို့ လက်ရှိရှိ နေတဲ့ ICU မှာ ကုသပေးနေတဲ့ သေဆုံးနှုန်းတွေက ပိုပြီးမြင့်တက် မနေပါဘူး။

သူတို့ရဲ့သေဆုံးနှုန်းနဲ့ နှိုင်းယှဉ်တဲ့အခါ တချို့စင်တာတွေမှာ အများကြီးတောင်မှ နည်းနေပါ သေးတယ်။ နောက်ပြီး ဆိုးဆိုးဝါးဝါးဖြစ်တဲ့ သေနှုန်းအမြင့်ဆုံးကိုကြည့်မယ်ဆိုရင် သူတို့နိုင်ငံက ဆိုးဆိုးဝါးဝါးဖြစ်တဲ့အချိန်မှာ ဖြစ်တဲ့သေနှုန်းတွေထက်လည်း ပိုမနေပါဘူးလို့ ပြောချင်ပါတယ်။ ဒီမေးခွန်းတွေကတော့ ခုနမေးထားတဲ့ မေးခွန်းတွေအားလုံးကို ခြုံငုံမိမယ်လို့ ထင်ပါတယ်။ 

 ပါမောက္ခဒေါက်တာစပယ်ဖြူ။             ပါမောက္ခ‌ဒေါက်တာမူမူနိုင်ကို ကျေးဇူးတင်ပါတယ်ရှင်။ ကျွန်မအနေနဲ့ ဖြေကြားပေးရမယ့် မေးခွန်းကတော့ ကျန်းမာရေးဌာနအနေနဲ့ လက်ရှိကုသနေတဲ့ သမားရိုးကျကုသနည်းတွေထက် ကွဲပြားပြီးထိရောက်တဲ့ ကုသနည်းတွေနဲ့ သေဆုံးနှုန်း လျော့ကျအောင် ရည်ရွယ်ပြီး တီထွင်ဆန်းသစ်ကုသနေခြင်းမျိုးတွေ ရှိပါသလား။ လက်ရှိ ကိုဗစ်လူနာတွေကို ဘယ်လိုကုသနေပါသလဲလို့ ဖြစ်ပါတယ်။ ကျွန်မကတော့ ဝေဘာဂီဆေးရုံကြီးမှာ တာဝန်ယူဆောင်ရွက်နေရတာ ဖြစ်တဲ့အတွက် ဒီမေးခွန်းကို အခုလက်ရှိဆောင်ရွက်ချက်တွေနဲ့အတူ ဆွေးနွေးသွားပါမယ်။

ဝေဘာဂီဆေးရုံကြီးမှာ ရောဂါလက္ခဏာပြင်းထန်သူတွေကို အများစု ကုသပေးနေရတဲ့အတွက်ကြောင့် ကျွန်မတို့ အခုအချိန်ထိ လူနာ ၄၁၀ ကျော်ကို ကုသခဲ့ပြီး အခုအချိန်အခါမှာ လူနာအများစုက ဆေးရုံကနေ ဆင်းသွားပြီဖြစ်ပါတယ်။ ကျွန်မတို့ ဆေးရုံပေါ်မှာ ၈၈ ယောက်ပဲ ကုသမှုခံယူနေတာ ဖြစ်ပါတယ်။ မတ်လ ၂၃ ရက်ကစပြီး အတည်ပြုလူနာတွေချည်းပဲ ကျွန်မတို့ဆေးရုံက လက်ခံယူရ တာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ဆီကို စောစောစစ်ပြီး၊ စောစောသိပြီး၊ စောစောရောက်ဖို့ လိုပါတယ်။ အဲဒီကနေ ကုလာခဲ့ကြတဲ့  ပထမ Phase  မှာ ကျွန်မတို့အတွက် အတွေ့အကြုံတွေ ရယူနိုင်ခဲ့ကြပါတယ်။

ဒီအတွေ့အကြုံတွေကနေ ပုံမှန်ကုသနေကြတဲ့အတိုင်း လိုအပ်ရင်‌ အောက်ဆီဂျင်ပေးမယ်၊ ခံစားနေရတဲ့ လက္ခဏာတွေအတွက် ကျွန်မတို့ ကုသပေးမယ်။ ပိုးသတ်ဆေးလိုရင် ပိုးသတ်ဆေးပေးမယ်။ သွေးကျဲဆေးလိုရင် သွေးကျဲဆေးပေးမယ်။ နောက်ပြီး အဓိက လူနာတွေ တော်တော်များများက မှောက်ပြီးနေရပါတယ်။ နောက်ပိုင်းမှာ ထွက်ပေါ်လာတဲ့ Dexamethasone လို့ခေါ်တဲ့ ဆေးတွေက အစောကြီးကတည်းက Trials တွေမပေါ်ခင်ကတည်းက ကျွန်မတို့ စတင်သုံးစွဲခဲ့ကြတာတွေ ရှိပါတယ်။

အဲဒီကနေ နောက်ပိုင်း မေလဆန်းလောက်မှာ ကျွန်မတို့ဆီကို ရောက်ရှိလာတဲ့ လူနာတွေရဲ့ လိုအပ်ချက်အရ ကိုယ်ခံစွမ်းအားအရမ်းနည်းပြီး ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို အစားထိုးထည့်ထားတဲ့ လူနာတွေဖြစ်တဲ့အခါမှာ နိုင်ငံတကာအသုံးပြုနေပြီဖြစ်တဲ့ နည်းလမ်းတစ်ခုအနေနဲ့ သွေးရည် ကြည်ကုသမှုလုပ်ငန်းတွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက Ad hoc Committee ဖွဲ့စည်းပြီး ဆရာကြီးဦးရဲမြ ခေါင်းဆောင်ပြီး သွေးရည်ကြည်ကုထုံးတွေကို စတင်ပြီးကုသလာခဲ့ကြပါတယ်။

ပထမ Phase အနေနဲ့ဆိုရင်တော့ ကျွန်မတို့ ကုသသူအားလုံးဟာ သက်သာပြီး ပြန်ဆင်းသွားကြပြီ ဖြစ်ပါတယ်။ ပထမအတွေ့အကြုံရဲ့ နည်းနာတွေကို အကုန်လုံးပေါင်းစပ်ပြီး ဒုတိယ Phase အနေနဲ့ ဩဂုတ် ဒုတိယပိုင်းနဲ့ နောက်ပိုင်း လူနာတွေဟာ ပိုပိုပြီးနောက်ကျပြီးမှ ရောက်လာကြတဲ့ လူနာတွေ၊ ဆိုးဝါးတဲ့ လူနာတွေ၊ ကျွန်မတို့ အခုလူနာတွေ တော်တော်များများက အသက် ၆၀ အထက်မှာ ၆၀ ရာခိုင်နှုန်း ရှိပါတယ်။ အခံရောဂါတွေနဲ့လည်း ၇၀ ရာခိုင်နှုန်းလောက် တွဲနေတဲ့လူတွေ ဖြစ်ပါတယ်။

ကျွန်မတို့ ဒီလူနာတွေကို ကုသရတဲ့အတွက် သွေးရည်ကြည်ကုထုံးတွေက အခုဆိုရင် ၈၀ ကျော်၊ ၉၀ နီးပါးကို ရောက်ရှိသွားပြီဖြစ်ပါတယ်။ ဒီသွေးရည်ကြည်ကုထုံးတွေက လူတိုင်းကုဖို့လိုတာလားဆိုတော့ မဟုတ်ပါဘူး၊ ICU HDU တွေ မရောက်အောင်၊ ရောက်ခါနီးကာလ၊ ရောက်နေဆဲ ကာလမှာ ကျွန်မတို့ မြန်မြန်ဆန်ဆန်ကုသနိုင်ဖို့အတွက် ကုသမှုတွေဖြစ်ပါတယ်။

ဒါတွေကို Ad hoc Committee ကို လူနာရဲ့ အခြေအနေ၊ သူရဲ့ အခြေခံရောဂါ၊ တွေ့ရှိချက်တွေကို တင်ပြပေးလိုက်ရပါတယ်။ သွေးအုပ်စုတူမှ တစ်ယောက်ကို နှစ်ထုပ်၊ သုံးထုပ်နဲ့ ကုသမှု ပေးခဲ့ကြတာဖြစ်ပါတယ်။ ကုသခဲ့ကြတဲ့ အချိန်အခါမှာ အဖွဲ့ကနေ စဉ်းစားဆုံးဖြတ်ပြီး သွေးလှူဘဏ်ကနေ သွေးလှူရှင်တွေကို ရှာဖွေပေးခဲ့ကြပါတယ်။ သွေးလှူရှင်တွေ ပထမအကြိမ်ဂုဏ်ပြုပွဲကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင် မှတ်တမ်းတင်ဂုဏ်ပြုပေးခဲ့တဲ့အတွက် ကျွန်မတို့ သူတို့အတွက်လည်း ကျေးဇူးတင်ဂုဏ်ယူနေဆဲပါ။

ဒါကြောင့် ကျွန်မတို့ သွေးရည်ကြည်ကုထုံးတွေကို လိုအပ်တဲ့လူနာတွေကို ကြိုးစားကုသခဲ့ကြပါတယ်။ ဝေဘာဂီဆေးရုံနဲ့တကွ သွေးလှူဘဏ်တွေကိုရော၊ Ad hoc Committee ကိုရော၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကိုရော ကျွန်မတို့ အများကြီးကျေးဇူးတင်ပါတယ်။ ဒုတိယ Phase မှာလည်း လူနာတွေရဲ့ ၄၀ ရာခိုင်နှုန်းကျော်က ပျောက်ကင်းပြီး ပြန်ဆင်းသွားကြပါပြီ။ နောက် ထပ် ၄၀ ရာခိုင်နှုန်းကျော်က အခုအချိန်ထိ ကုသမှုတွေ ခံယူနေဆဲပါ။ 

ကျွန်မတို့အနေနဲ့ ဒီသွေးရည်ကြည်ကုထုံးတွေနဲ့ ဒုတိယ Phase မှာ မကယ်လိုက်နိုင်တာတော့ ၂၀ ရာခိုင်နှုန်းလောက် ရှိနေပါတယ်။ ဒါတွေအားလုံးဟာလည်း သူတို့ရဲ့ အသက်ကြီးမှု၊ ရောဂါအခံတွေနဲ့တကွ အဆုတ်တွေ ပျက်ဆီးမှုအခြေအနေပေါ်မှာ မူတည်လာခဲ့ကြပါတယ်။ ဒါကြောင့် သွေးရည်ကြည်ကုထုံးနဲ့အတူ Remdesivir ဆိုတဲ့ဆေးကို ဝန်ကြီးဌာနရဲ့ ပံ့ပိုးထောက်ပံ့မှုနဲ့ ရရှိခဲ့ကြပါတယ်။ ဒီဆေးဟာ ဆေးသစ် မဟုတ်ပါဘူး။

နိုင်ငံတကာမှာ အများကြီး အသုံးပြုနေကြပြီးသားပါ။ Antiviral အဖြစ်နဲ့ အခြားနိုင်ငံတွေမှာ သုံးနေကြပြီးသားဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အခုမှ စသုံးတာ ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ အခုသုံးနေတဲ့ အရေအတွက်က သိပ်မများသေးပါဘူး။ အခုမှ ၇၀ နီးပါးပဲ ရှိပါသေးတယ်။ သိပ်မများသေးတဲ့အတွက် အကျိုးအာနိသင်ကိုတော့ အတိအကျကြီး ကျွန်မတို့ မပြောနိုင်သေးပါဘူး။

ဒါပေမယ့် ကျွန်မတို့ပေးနေရတဲ့ လူနာတွေရဲ့ ထက်ဝက်ကျော်ဟာ အသက် ၆၀ ကျော်တွေဖြစ်တယ်။ လူနာတွေရဲ့ တော်တော်များများဟာ အခံရောဂါတွေ ရှိတဲ့အတွက်ကြောင့် အကြမ်းအားဖြင့် ဆိုရင်တော့ ကျွန်မတို့ သုံးတဲ့လူနာ တော်တော်များများဟာ သူတို့ရဲ့ရောဂါလက္ခဏာတွေ မြန်မြန် သက်သာလာပါတယ်။

ကျွန်မတို့ရဲ့ ICU နေရတဲ့ ရက်တွေ နည်းနည်းတိုလာပါတယ်။ မေ့ဆေးအထူးကြပ်မတ် ကုသဆောင်ကြီးကို ပံ့ပိုးနိုင်ဖို့အတွက် ကျွန်မတို့ စောစောလေးကုသဖို့ လိုအပ်လာပါတယ်။ ဒါကြောင့် အခုအချိန်အခါမှာ သွေးရည်ကြည်အလှူရှင်တွေ အားလုံးကိုလည် အများကြီးကျေးဇူးတင်မိပါတယ်။

အဲဒီတော့ လူတိုင်းဟာ Remdesivir ပေးဖို့ လိုသလားဆိုတာလည်း ရှိလာပါတယ်။ လူတိုင်း ပေးဖို့ မလိုပါဘူး။ ICU / HDU ထဲကို ရောက်ခါနီးအထိ လူနာတွေရဲ့ ရောဂါပြင်းထန်အား၊ ပြင်းပြင်းထန်ထန် အဆုတ်ရောင်ရောဂါနဲ့ အဆုတ်ပျက်စီးတဲ့ရောဂါတွေ ဖြစ်လာပြီစတာနဲ့ ကျွန်မတို့ဖက်က အချိန်မီကုသပေးဖို့လိုအပ်ပါတယ်။ အဲဒီထက် နောက်ကျတာတွေကတော့ ရလာဒ်တွေ၊ ကျွန်မတို့ မကယ်နိုင်ခဲ့တဲ့အပိုင်းတွေ အများကြီးတွေ့ကြုံရပါတယ်။

ဒါကြောင့် ကျွန်မတို့ အတွေ့အကြုံကနေ စောစောကုကြမယ်။  ကျွန်မတို့ဆီကို စောစော‌ ရောက်အောင်လာကြမယ်။ စောစောကုနိုင်မှ သက်သာပျောက်ကင်းမှု အခွင့်အလမ်းတွေရရှိမယ်လို့ ကျွန်မ ဒီကနေ ပြောချင်ပါတယ်။ ကျွန်မတို့ စောစောသိနိုင်မယ်။ စောစောရောက်မယ်။  စောစော သိပြီးတော့ အကြာကြီးဝေ့နေလို့ လည်းမရပါဘူး။ ဒါကြောင့် ကျွန်မတို့ စောစောသိ၊ စောစောတွေ့၊ စောစောရောက်၊ စောစောကုနိုင်ကြဖို့အတွက် ပြည်သူတွေအားလုံးမှာ တာဝန်ရှိသလို Share the Responsibility ဆိုတဲ့အတိုင်း ကျွန်မတို့အားလုံး တာဝန်ယူပြီး ဆောင်ရွက်ပေးနေကြတယ်ဆိုတာ ပြောကြားရင်းနဲ့ ကျွန်မ ဒီမေးခွန်းလေးကို ဖြေလိုက်ပါတယ်ရှင်။ အားလုံးကို အများကြီးကျေးဇူးတင်ပါတယ်။ ဒီနေ့အစီအစဉ်လေးကို ဒီမှာပဲ ရပ်နားလိုက်ပါတယ်ရှင်။   ။