ကိုဗစ်-၁၉ အလွန်တွင် အလုပ်သမားဆေးရုံကြီး(ရန်ကုန်)၌ ကျောက်ကပ်ဆေးခြင်း ဝန်ဆောင်မှုလုပ်ငန်း စတင်နိုင်မည် 

ရန်ကုန် ၂၃ ဇွန်

အလုပ်သမားဆေးရုံကြီး(ရန်ကုန်) သည် နိုင်ငံတစ်ဝန်း စက်ရုံ၊ အလုပ်ရုံများနှင့် အစိုးရဝန်ထမ်းများ၏ ကျန်းမာရေးပိုင်းဆိုင်ရာ မှီခိုအားထားပြုရသော ဆေးရုံးကြီးဖြစ်သည်။ ဆေးရုံကြီးသည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့ ကြီးကြပ် ကိုင်တွယ်မှုဖြင့် သက်ဝင်လှုပ်ရှားနေခြင်းဖြစ်သည်။ အထူးသဖြင့် အစိုးရဝန်ထမ်းများနှင့် ပုဂ္ဂလိက ဝန်ထမ်းအများစုတို့၏ ကျန်းမာရေးပိုင်းဆိုင်ရာကို စောင့်ရှောက်မှုပေးနေသော အဓိကကျော ရိုး မဏ္ဍိုုင်ကြီး ဆိုလျှင် မှားမည်မဟုတ်။ မြန်မာနိုင်ငံ၏ ပထမဆုံးသော အလုပ်သမားများ ကျန်းမာရေးပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးသော ဆေးရုံးကြီးလည်းဖြစ်သည်။ ယင်းသို့ ဝန်းထမ်း/ အလုပ် သမားအများစု၏ ကျန်းမာရေးပိုင်းဆိုင်ရာ အားထားပြုရာ အဆိုပါရုံကြီးမှ ဆေးရုံအုပ်ကြီးအား  ကိုဗစ်-၁၉ မတိုင်မီစောင့်ရှောက်ပေးနေမှုများနှင့်  လတ်တ လော စောင့်ရှောက်မှုပေးနေသော အခြေအနေ များအား မြန်မာ့အလင်းသတင်းအဖွဲ့မှ သွားရောက်မေးမြန်းခဲ့မှုများကို ရေးသားဖော်ပြလိုက်ပါသည်။ 

 

မေး- အလုပ်သမားဆေးရုံကြီး(ရန်ကုန်)က ဝန်ထမ်း/ အလုပ်သမား  အများစု အားထားရတယ်လို့ သိရပါတယ်။ လတ်တလော ကိုဗစ်-၁၉ ကာလအတွင်း ဘယ်လိုကျန်းမာရေး ဝန်ဆောင်မှု ပေးနေလဲ သိပါရစေ။ 


ဆေးရုံအုပ်ကြီး- မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရယ်လို့ စကြားကတည်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လမ်းညွှန်မှုနဲ့အညီ စတင်လုပ်ဆောင်ခဲ့ပါတယ်။ အထူးသဖြင့် ဆေးရုံကြီးရဲ့ အပေါ်ဆုံးထပ်ကို သီးသန့်ပြင်ဆင်ပြီး သံသယ လူနာတွေကို စစ်ဆေးကုသပေးခဲ့ပါတယ်။ ဒီမှာသေချာစစ်ဆေး၊ နှာခေါင်း၊ အာခေါင်တို့ပတ်တွေယူပြီး ဆေးသုတေသနဦးစီးဌာနကို သွားစစ်ဆေးတာပါ။ ခုဆိုရင် စစ်ဆေးခဲ့တာ စုစုပေါင်း ၁၂ ဦးရှိပါပြီ။ တစ်ဦးတစ်ယောက်မှတော့ ကိုဗစ်-၁၉  ပိုးမတွေ့ရှိသေးပါဘူး။ ဒီဆေးရုံကြီးအတွက် ကျန်းမာရေးဝန်ကြီးဌာနကလည်း PPE ဝတ်စုံက အစ လုံလုံ လောက်လောက် ထောက်ပံ့ထားတော့ လိုအပ်မှု၊ အဆင်မပြေမှုဆိုတာ  မရှိပါဘူး။ ခုချိန်ထိ အားလုံး အဆင်ပြေပါတယ်။ 


မေး- လတ်တလော ဆေးရုံမှာ လူနာတွေ တက်ရောက်ကုသမှု ခံယူနေတာ တွေ့ရပါတယ်။ ဘယ်လို ကျန်းမာရေး ဝန်ဆောင်မှုပေးနေတယ်ဆိုတာ ဖြေကြားပေးပါဦး။ 


ဆေးရုံအုပ်ကြီး - ဒီဆေးရုံကြီးမှာ အထွေထွေရောဂါဌာန သားဖွားနှင့် မီးယပ်ဌာန၊ အရိုးနှင့်ထိခိုက် ဒဏ်ရာဌာန၊ နား၊ နှာခေါင်း၊ လည်းချောင်းဌာန၊ မျက်စိဌာန၊ ခွဲစိတ်အထူးကုဌာန ဆိုပြီး ဌာနတွေမှာ အထူးကုဆရာဝန်ကြီးတွေက နေ့စဉ်သတ်မှတ်ထားတဲ့အချိန်မှာ ကုသဝန်ဆောင်မှုပေးပါတယ်။  လိုအပ်ရင် လိုအပ်သလို ဒီမှာပဲ ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး အဆင်မပြေမှာသာ သင့်လျော်တဲ့နေရာ လမ်းညွှန်မှုပေးတာဖြစ် ပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် ဒီမှာကုသမှုမခံယူရရင်လည်း ကုန်ကျစရိတ်တွေကိုတော့ ပြန်ပြီးထုတ်ပေးပါတယ်။ ဆေးဆိုလည်း ခုဆိုရင် ရာနှုန်းပြည့်နီးပါး ထောက်ပံ့ပေးနိုင်ပါပြီ။ အရင်နဲ့တော့ အတော်လေး ကွားသွားပါပြီ။ 


မေး-  ရုပ်ဝတ္တုပိုင်းဆိုင်ရာ/ စက်ပစ္စည်းကိရိယာ ပိုင်းဆိုင်ရာ တိုးတက်မှုရှိတယ်လို့ သိရတယ်။ ဘယ်လိုအပိုင်းတွေ ပြောင်းလဲတိုးတက်လာပါသလဲခင်ဗျ။ 


ဆေးရုံအုပ်ကြီး- CT စက်တွေ တပ်ဆင်ပေးနိုင်တယ်။ ဓာတ်မှန်ဆိုလဲ ဒီဂျစ်တယ် အိပ်စ်ရေးတွေ လုပ်ပေးထားတယ်။ ခုဆိုရင် ကျောက်ကပ်ဆေးတဲ့စက်ကအစ ဒီမှာရှိနေပါပြီ။ ခုဆိုရင် ကျောက်ကပ်ဆေးဖို့ရာ အဆင်သင့်ဖြစ်နေပါပြီ။ တကယ်ဆိုရင် ကိုဗစ်- ၁၉ မဖြစ်ခဲ့ရင် ခုချိန်မှာ ကျောက်ကပ်စတင်ဆေးပေးနေပါပြီ။ မေလကတည်းက စဖို့ပဲ။ ကိုဗစ်- ၁၉ နေရာနဲ့က နည်းနေတော့ မစဖြစ်သေးတာပါ။ တကယ်လို့ ဆေးမယ်ဆိုရင်တော့ တစ်နေ့ကို လူနှစ်ဦးနှုန်းနဲ့ဆို ရုံးဖွင့်ရက် မပါ တစ်လကို လူ ၃၀ လောက်ဆေးဖြစ်မှာပါ။ ကျောက်ကပ် စဆေးဖြစ်မယ်ဆိုရင် ခုဒီဆေးရုံကြီးမှာ လတ် တလော စာရင်းအရ ၂၄ ဦးရှိတယ်။


မေး- ဟုတ်။ အရင်နဲ့တော့ အတော်လေးကွာသွားတယ်ဆိုတာ ဘယ်ကဏ္ဍတွေပြောတာလဲ ခင်ဗျ။ ပြောင်းလဲလာတဲ့ အပိုင်းလေးတွေရှိရင် ရှင်းပြပေးပါဦး။ 


ဆေးရုံအုပ်ကြီး - ပြောင်းလဲလာတဲ့အပိုင်းတွေက ပြောမယ်ဆိုရင်တော့ များပါတယ်။ ခုဆိုရင် ဆေးရုံကြီး သက်တမ်းကလည်း နှစ် ၆၀ ဝန်းကျင်ရှိပြီဆိုတော့ ကုသခံယူပိုင်းမှာလည်း တစ်နှစ်နဲ့ တစ်နှစ်မတူဘဲ ပိုများများလာပါတယ်။ ဆေးဝါးထောက်ပံ့ပေးမှု အပိုင်းမှာလည်း သိသိသာသာ ဝန်ဆောင်မှုပေးနိုင်ခဲ့တယ်။ အရင်နဲ့စာရင် ရာနှုန်းပြည့်နီးပါး လူနာတွေ လိုအပ်တဲ့ ဆေးဝါးတွေကို ထုတ်ပေးနိုင်ခဲ့တယ်။ တကယ်လို့ ဒီဆေးရုံကြီးမှာ ဆေးပြတ်နေတာတို့၊ မရှိတာတို့ ဆိုရင်လည်း အပြင်ဆေးဆိုင်တွေက ဝယ်ယူသုံးစွဲခွင့် ပြုထားတယ်။ အဲဒီလို ဝယ်ယူတဲ့အခါမှာ ကုန်ကျခဲ့တဲ့ ဆေးဖိုးငွေကို ပြန်တင်ရင် ထုတ်ပေးပါတယ်။ ပြန်ထုတ်ပေးတဲ့အခါမှာ ငွေကျပ် ခြောက်သောင်း အထိကိုတော့ ဒီဆေးရုံအုပ်ရဲ့ ခွင့်ပြုချက်နဲ့ပဲ ရက်ပိုင်းအတွင်း ပြန်ထုတ်ပေးပြီး ခြောက်သောင်း ထက်ကျော်ရင်တော့ နေပြည်တော် လှမ်းတင်ပေးရပါတယ်။ အလားတူ ဆေးပေးတဲ့အခါမှာလည်း ရန် ကုန်တိုင်းအတွင်းဆို တစ်လစာအထိပေးပြီး နယ်ဝေးဒေသတွေဆို သုံးလစာအထိ တိုးထုတ်ပေး ထားပါတယ်။ လူနာရှင်တွေအနေနဲ့က ဒီဆေးရုံနဲ့သက်ဆိုင်တဲ့ လူမှုဖူလုံရေးကတ် အဓိက ပါလာဖို့ လိုတာပါ။ 


မေး - ခုနောက်ပိုင်း ဆေးရုံလာရောက် ကုသသူတွေများလာတယ်လို့ သိရပါတယ်။ ဘယ်လိုရောဂါ ဖြစ်တဲ့သူတွေ လာရောက်ကုသမှု ပိုများလားပါသလဲ။


ဆေးရုံအုပ်ကြီး - ခုနောက်ပိုင်း လာရောက်ကုသသူ အများဆုံးကတော့ ကင်ဆာ၊ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ်၊ အသည်းနဲ့ အသည်းပိုင်းဆိုင်ရာ ရောဂါတွေ။ ခွဲစိတ်ဌာနဘက်မှာဆိုရင်လဲ လိပ်ခေါင်းနဲ့ အစာအိမ်ပိုင်းဆိုင်ရာရောဂါတွေ များလာပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကဆို ပြင်ပလူနာဌာနမှာ ငါးသောင်းခွဲနီးပါး၊ ဆေးရုံတက်ရောက်ကုသတာက လေးထောင်နီးပါးနဲ့ ခွဲစိတ်လူနာဆိုရင် သုံးထောင့်ငါးရာကျော်လောက်အထိ ကုသပေးခဲ့ရတယ်။ တစ်နှစ်ထက်တစ်နှစ်စာရင်တော့ လူနာ အရေ အတွက်က ပိုပိုများများလာတာကို တွေ့ရပါတယ်။ 


မေး- ဒီအလုပ်သမားဆေးရုံကြီးမှာ ဆရာဝန်၊ သူနာပြု နဲ့ ဝန်ထမ်းလိုအပ်ချက်တွေ ရှိနေတယ်လို့ ကြား သိရပါတယ်။ အဲဒီအပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း ဆေးရုံအုပ်ကြီး ဖြေကြားပေးပါဦး။ 


ဆေးရုံအုပ်ကြီး - ဒီအလုပ်သမားဆေးရုံ စဖွင့်တုန်းက ခုတင် ၂၀၀ ဆံ့ပါ။ ၁၉၉၉ ခုနှစ်မှာ  ခုတင် ၅၀ ထပ်ပြီး တိုးပါတယ်။ လတ်တလော ဝန်ဆောင်ပေးနေရတဲ့ ဝန်ထမ်းပိုင်းနဲ့ ပြောရရင်တော့ အထူးကု ဆရာဝန်ကြီးအပိုင်းက လိုအပ်ချက်မရှိပေမယ့် လက်ထောက်ဆရာဝန်ပိုင်း၊ အကူသူနာပြုနဲ့ စီမံဝန်ထမ်းပိုင်းဆိုင်ရာနဲ့ အောက်ခြေဝန်ထမ်းပိုင်းကအစ လိုအပ်ချက်ကတော့ အတော်လေးကို ရှိနေ တာပါ။ ခုလက်ရှိ ဝန်ဆောင်မှုပေးနေရတာ ခုတင် ၂၅၀ ကျော်ကို ခုတင် ၁၀၀ ဆံ့ဝန်ထမ်းလောက်နဲ့ ပေးနေရတော့ HR ပိုင်းဆိုင်ရာက လိုအပ်ချက် အတော်ရှိနေတာပါ။ 


မေး- ဆေးရုံအုပ်ကြီး ပြောသွားတာ လူနာရှင်တွေရဲ့ ဆေးဖိုးကုန်ကျငွေကို ပြန်ထုတ်ပေးတယ်ဆိုတော့ ပြီးခဲ့တဲ့နှစ်က ဘယ်လောက်အထိ ထုတ်ပေးနိုင်ခဲ့ပါသလဲခင်ဗျ။ 


ဆေးရုံအုပ်ကြီး - စောစောက ပြောသလိုပဲ။ အလုပ်သမားဆေးရုံကြီးအနေနဲ့ ဆေးထောက်ပံ့ပေးမှု၊ ပြင်ပဆေးဖိုးငွေ ပြန်လည်ထုတ်ပေးနိုင်မှုတွေက ခုနောက်ပိုင်း တော်တော်လေးကို ဆောင်ရွက်ပေးနိုင်တယ်လို့ ပြောလို့ရပါတယ်။ ဥပမာ လူနာတစ်ဦး တစ်နေ့ ကျွေးစရိတ်ဆိုရင်လည်း ငွေကျပ် ၁၂၀၀ နှုန်း အထိ ရှိလာပြီး အသား၊ ငါးအစ အလဲလည် ကျွေးနိုင်ခဲ့တယ်။ ဒီအလုပ် သမားဆေးရုံကြီးအနေနဲ့ အခြားအထွေထွေကုန်ကျငွေမပါဘဲ ပြင်ပဆေးဖိုး ပြန်အမ်းငွေက ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာ ငွေကျပ်သိန်းပေါင်း ငါးထောင်နီးပါး ပြန်ထုတ်ပေးနိုင်ခဲ့ပါတယ်။ 


အလုပ်သမားဆေးရုံကြီး(ရန်ကုန်)သည် ၁၉၆၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံ၏ အကြီးဆုံး အလုပ်သမား ဆေးရုံကြီးဖြစ်ပြီး အလုပ်သမားဆေးရုံ(မန္တလေး)၊ အလုပ်သမား ဆေးရုံ(ထန်းတပင်) တို့ထက် အစောဆုံးကျသော ဆေးရုံကြီးလည်း ဖြစ်ကြောင်း သိရသည်။ 

 

တွေ့ဆုံမေးမြန်း- မောင်စိန်လွင်(မြန်မာ့အလင်း)
ဓာတ်ပုံ - မင်းထက်