ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန် အုတ်တွင်းမြို့ ကြယ်နီဆေးပေါ့လိပ်မိသားမှ အလှူငွေကျပ်သိန်း ၅၀၀ လှူဒါန်း

အုတ်တွင်း၊ ၁၆ ဇန်နဝါရီ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သီရိရတနာခန်းမတွင် ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းက ကြယ်နီဆေးပေါ့လိပ်မိသားမှ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရန်အတွက် အလှူငွေပေးအပ် လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အမှာစကားပြောကြားပြီး ကြယ်နီဆေးပေါ့လိပ်မိသားမှ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရန်အတွက် အလှူငွေကျပ်သိန်း ၅၀၀ ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တောင်ငူခရိုင် အုပ်ချုပ်ရေးမှူး ဦးမိုးထက်တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်သည်။

 

ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက အုတ်မြို့တွင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းနှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်မိုးတို့က လက်ခံရယူပြီး မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်မိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)