ကိုဗစ်-၁၉ ကာလအတွင်း စာပေ၊ သတင်းမီဒီယာ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်တို့မှ အနုပညာရှင်များအတွက် ငွေကျပ်သန်း ၁၅၀ ထောက်ပံ့လှူဒါန်းမည့်ကိစ္စနှင့် ပတ်သက်၍ အွန်လိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၂၉ စက်တင်ဘာ

ကိုဗစ်-၁၉ ကာလအတွင်း စာပေ၊ သတင်းမီဒီယာ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်တို့မှ အနုပညာ ရှင်များအတွက် နယ်ပယ်တစ်ခုလျှင် ငွေကျပ်သန်း ၃၀ ဖြင့် နယ်ပယ်ငါးခုအတွက် စုစုပေါင်း ငွေကျပ်သန်း ၁၅၀ ထောက်ပံ့လှူဒါန်းမည့်ကိစ္စနှင့် ပတ်သက်၍ အွန်လိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းတွင် ကျင်းပသည်။

အွန်လိုင်းအစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဉီးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဉီးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ စာပေနယ်ပယ်မှ ကိုယ်စားလှယ် ဦးထင်လင်းဉီး၊ သတင်းမီဒီယာနယ်ပယ်မှ ဉီးကျော်စွာမင်း၊ ဉီးမြတ်ခိုင်၊ ဉီးချစ်ဝင်းမောင်၊ ဉီးဝဏ္ဏ (မာဂျေ)၊ ဉီးမြင့်ကျော်၊ ဉီးနိုင်မင်းဝေ၊ ဒေါ်နန်းဖော့ဂေ၊ ဒေါ်မေရီငြိမ်းချမ်း၊ ဒေါ်တင်ဇာ၊ ဉီးဌေးအောင်၊ ဉီးခွန်စိုင်းအောင်၊ ရုပ်ရှင်နယ်ပယ်မှ ဉီးညီညီ ထွန်းလွင်၊ ဉီးအေးကြူလေး၊ သဘင်နယ်ပယ်မှ မင်းသား ဉီးဖိုးချစ်၊ ဉီးနေဝင်း၊ ဂီတနယ်ပယ်မှ ဉီးဇော်ထူးအောင်၊ ဉီးမြင့်မိုးအောင်၊ ဒေါ်ဟေမာနေဝင်း၊ ဉီးနိုင်ဇော်၊ ဉီးကိုကိုလွင်၊ ဉီးကြည်မင်းသိန်း၊ စန္ဒရားသိန်းမြင့်သန်းတို့က နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ သက်ဆိုင်ရာနေရာအသီးသီးမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်  တက်ရောက်ဆွေးနွေးကြသည်။

အစည်းအဝေးတွင် COVID–19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ပြန်ကြားရေးဝန်ကြီးဌာနက ငွေကျပ်သန်း ၁၅၀ ကို ကိုဗစ်ကာလအတွင်း စာပေ၊ သတင်းမီဒီယာ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်တို့မှ အနုပညာရှင်များအတွက် နယ်ပယ်တစ်ခုလျှင် ငွေကျပ် သန်း ၃၀ ဖြင့် နယ်ပယ်ငါးခုအတွက် စုစုပေါင်း ကျပ်သန်း ၁၅၀ ကို ထောက်ပံ့လှူဒါန်းရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

စာပေနယ်ပယ်တွင် မြန်မာနိုင်ငံစာရေးဆရာအသင်း၊ မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ၊ ကဗျာဆရာသမဂ္ဂ၊ မြန်မာစာရေးဆရာကလပ်၊ အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်း၊ မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းနှင့် မြန်မာနိုင်ငံ ပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များအသင်း၊ သတင်းမီဒီယာနယ်ပယ်တွင် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာဂျာနယ်လစ်သမဂ္ဂ၊ မြန်မာဂျာနယ်လစ် ကွန်ရက်၊ BNI ၊ အမျိုးသမီးသတင်းစာဆရာများအသင်း၊ အထက်မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ ရုပ်ရှင်နယ်ပယ်တွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ သဘင်နယ်ပယ်တွင် မြန်မာနိုင်ငံ သဘင်အစည်းအရုံး၊ ဂီတနယ်ပယ်တွင် မြန်မာနိုင်ငံ ဂီတအစည်းအရုံး၊ မြန်မာနိုင်ငံ တေးသံရှင်များအသင်း၊ မြန်မာနိုင်ငံ တေးသီချင်းမူပိုင်ရှင်များအသင်း၊ မြန်မာနိုင်ငံ တေးသီချင်းမူပိုင်ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံ ဂီတပညာရှင်များအသင်း၊ မြန်မာနိုင်ငံ အသံပညာရှင်များအသင်း၊ မြန်မာ့ဂီတ အကျိုးစီးပွားကာကွယ် စောင့်ရှောက်ရေးအဖွဲ့တို့မှ အနုပညာရှင်များ ပါဝင်ကြောင်း သိရသည်။

ဆွေးနွေးညှိနှိုင်းချက်များအရ စက်တင်ဘာ ၃၀ ရက်တွင် သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်များထံ ငွေကျပ် သန်း ၃၀ စီကို လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ကိုယ်စားလှယ်များမှတစ်ဆင့် စာပေ၊ သတင်းမီဒီယာ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်တို့မှ စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရသော အနုပညာသမားများအား ဆက်လက်ထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်