ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း လမ်းပေါ်နေကလေးများ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်  ၂၅  မေ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ကပ်ရောဂါ ကျရောက်နေသည့်အချိန်တွင် ကာကွယ်စောင့်ရှောက်ရန်လိုအပ်သည့် ထိခိုက်လွယ် အခြေအနေတွင်ရှိသော လမ်းပေါ်နေကလေးသူငယ်များအတွက် လုပ်ငန်းစီမံချက်ကို ရေးဆွဲဆောင်ရွက်လျက်ရှိသည်။ 

 

၎င်းစီမံချက်အရ စခန်းအခြေပြု တုံ့ပြန်ဆောင်ရွက်ခြင်းအနေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ လမ်းပေါ်နေကလေးများ ယာယီစောင့်ရှောက်ရေး စခန်း(နာနတ်တော)ရှိ ယာယီထိန်းသိမ်း စောင့်ရှောက်ထားသည့် လမ်းပေါ်နေကလေးများအား ကိုဗစ်-၁၉ အသိပညာ ပေးခြင်းနှင့် လိုအပ်ချက်တို့ကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် UNICEF (မြန်မာ)၊ Terres Des Homes Lausanne (TDHL)၊ World Vision (မြန်မာ) တို့မှ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် သွားရောက်ခဲ့ကြသည်။

 

ထိုသို့သွားရောက်ခဲ့ရာတွင် လက်ရှိစောင့်ရှောက်ထားသည့် ကလေးသူငယ်များတွင် မွေးရာပါ ဉာဏ်ရည်ဖွံ့ဖြိုးမှု အားနည်းခြင်း၊ စိတ်ကျန်းမာရေးပြဿနာများ၊  အာဟာရချို့တဲ့မှုများရှိကြောင်း၊ အထွေထွေကျန်းမာရေး ချို့ယွင်းမှု များအား လတ်တလောအခြေအနေတွင် မတွေ့ရှိရကြောင်း၊ ရှင်သန်ကြီးပြင်းရာ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်၍ ဗီဇ၊ စရိုက်နှင့် အပြုအမူပိုင်းဆိုင်ရာတွင် အားနည်းချက်ရှိသူ အများစုဖြစ်ပါကြောင်း၊ ကလေးများတွင် ကော်ရှုခြင်းအလေ့အထ ရှိသည်ကို တွေ့ရပါကြောင်း၊ ကလေးများ၏စိတ်ပိုင်းဆိုင်ရာ ပြုပြင်ရေးအတွက်  TDHL ၊ World Vision နှင့် UNICEF (မြန်မာ)တို့မှ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကလေးများတွင် ရာဇဝတ်မှုကျူးလွန် မှုရှိခဲ့သူများ၊ သင်ကြားသင်ယူမှုနှင့် လူမှုဆက်ဆံရေးခက်ခဲမှုရှိသူများ မတွေ့ရှိရပါကြောင်း၊ လိုအပ် ချက်များအနေဖြင့် မီးဖိုချောင်သုံးပစ္စည်းများ၊ နှာခေါင်းစည်းနှင့် Hand Gel ၊ ဆေးဝါးပစ္စည်းများ လိုအပ်ကြောင်း လေ့လာတွေ့ရှိရသည်။

 

ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် AD မီးပွိုင့်၊ ပါရမီ မီးပွိုင့်၊ မြောက်ဥက္ကလာပ မီးပွိုင့်၊ အောင်မင်္ဂလာမီးပွိုင့်၊ သီရိမင်္ဂလာဈေး၊ ဘုရင့်နောင်ဈေး၊ သိမ်ဖြူမီးပွိုင့်၊ ၎င်း(၇)နေရာတွင်ရှိသော ကလေးများ၏ မိသားစုများအတွက် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ကြက်ဥနှင့် တစ်ကိုယ်ရည်သုံး ကာကွယ်ရေးပစ္စည်း များဖြစ်သည့် နှာခေါင်းစည်း၊ Hand Gel စသည်တို့ ထောက်ပံ့ပေးရန်၊ လမ်းပေါ်နေကလေးများနှင့် မိသားစုများ အတွက် ငွေကြေး ထောက်ပံ့ရန်၊ ကိုဗစ်ကာလဖြစ်သည့်အတွက် မိဘထံ ပြန်လည်အပ်နှံပေးခြင်းထက် ယာယီ ဆက်လက်ထိန်းသိမ်း ထားရန်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် ရပ်ရွာအခြေပြု တုံ့ပြန် ဆောင်ရွက်ခြင်းကိုလည်း မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်