ကိုဗစ်-၁၉ လူနာများထားရှိရန် ဧရာဝတီစင်တာကို စုစုပေါင်း ခုတင်(၇၇၀)အထိ ထပ်မံတိုးချဲ့ဆောင်ရွက်သွားမည်

ရန်ကုန် ၂၂ စက်တင်ဘာ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လိုအပ်ချက်နှင့် လမ်းညွှန်မှုအရ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (ဒုတိယဥက္ကဋ္ဌ) ပါမောက္ခ ဒေါက်တာဇော်ဝေစိုး၊ ကော်မတီအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာမြင့်မြင့်ငြိမ်းနှင့် ဧရာဝတီဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဇော်ဇော်တို့၏ ညှိနှိုင်းမှုဖြင့် ကိုဗစ်-၁၉ လူနာများထားရှိရန် ဧရာဝတီစင်တာကို စုစုပေါင်း ခုတင် (၇၇၀) အထိ ထပ်မံတိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါလူနာများကို လက်ခံကုသပေးလျက်ရှိသော ဧရာဝတီစင်တာကို စင်တာ (A)၊ (B)၊ (C) အဖြစ် တိုးချဲ့ဆောက်လုပ်သွားမည်ဖြစ်ပြီး စုစုပေါင်း ခုတင် (၇၇၀) ဆံ့ ကုသရေးစင်တာအဖြစ် ဧရာဝတီဖောင်ဒေးရှင်းက ဦးစီးဆောင်ရွက်သွားမည် ဖြစ်သည်။ ကုသရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်သော ဧရာဝတီစင်တာ (A)တွင် (၄၂၅)ခုတင်၊ သုဝဏ္ဏဘောလုံးကွင်းရှိ လက်ရွေးစင်ကစားသမားအဆောင် ဧရာဝတီစင်တာ (B) တွင် ခုတင် (၂၇၀)၊ အရေးပေါ်လူနာများကို အနီးကပ်ကြပ်မတ် ကုသပေးနိုင်မည့် သုဝဏ္ဏအားကစားကွင်းရှိ ဧရာဝတီစင်တာ (C) (Covid-19 Critical Care Unit) တွင် (၇၅)ခုတင် ပါရှိမည်ဖြစ်ကာ စက်တင်ဘာလကုန်၌ စင်တာ(B) နှင့် (C) တို့တွင် လူနာများ လက်ခံနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ဧရာဝတီစင်တာ (A)၊ (B)၊ (C) တစ်ခုချင်းစီအလိုက် ကျန်းမာရေးနှင့် စေတနာ့ဝန်ထမ်း စုစုပေါင်း (၃၅၀) အဆင်ပြေစွာ နေထိုင်နိုင်ရန် အဆောင်နေရာများကိုလည်း စီမံဆောင်ရွက်ပေးထားပြီး အဆိုပါ စင်တာ (၃)ခုစလုံးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စီမံခန့်ခွဲမှုရုံးကိုလည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရုံးတွင် ဖွင့်လှစ်ထားရှိကြောင်း သိရသည်။ ထို့ပြင် ဧရာဝတီဖောင်ဒေးရှင်းသည် ဧရာဝတီစင်တာ (A)၊ (B)၊ (C) တွင် ဆေးကုသမှုခံယူမည့် လူနာများ၊ ယင်းစင်တာများတွင် တာဝန်ယူဆောင်ရွက်နေသည့် ကျန်းမာရေးနှင့် စေတနာ့ဝန်ထမ်းများအတွက် နေ့စဉ်စားသောက်မှုများကိုလည်း တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်သည်။

သတင်း - ရဲရင့်ရှိုင်း

ဓာတ်ပုံ - ကိုမိုး