ကိုဗစ်-၁၉ မျိုးရိုးဗီဇကွဲရောဂါပိုးကို သတိပြုကာကွယ်ထိန်းချုပ်

mdn

နေပြည်တော် ၁၇ ဇွန်

 

မြန်မာနိုင်ငံ၌ လတ်တလောဖြစ်ပွားနေဆဲဖြစ်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အရှိန်အဟုန် မပျက် ဆက်လက်ဆောင်ရွက်နေသည်။ ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ အထူးသဖြင့် မျိုးရိုး ဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုး စောင့်ကြည့်ခြင်းလုပ်ငန်းများကို မျက်ခြည်မပြတ် အားဖြည့်ဆောင်ရွက်လျက်ရှိသည်။

 

ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ဒုတိယလှိုင်းမှစတင်ပြီး ကိုဗစ်-၁၉ မျိုးရိုးဗီဇကွဲ ရောဂါမျိုးစိတ်သစ်ပေါ်ထွက်လာခဲ့ရာ ယခုအခါ ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့ လာခဲ့သည်။ ထိုရောဂါမျိုးစိတ်သစ်သည် ကူးစက်မှုအလွန် လျင်မြန်လွယ်ကူပြီး ထိခိုက်နစ်နာမှုလည်း လွယ်ကူသည်ကို တွေ့လာခဲ့သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်၁၉ ရောဂါ ဖြစ်ပွားလျက်ရှိသော်လည်း ရောဂါမျိုးစိတ်သစ် စတင်ရောက်ရှိလာမှုနှင့် ပတ်သက်၍ မျက်ခြည်မပြတ် စောင့်ကြပ်ကြည့်ရှုစစ်ဆေးလျက်ရှိရာ ဇွန်လ ၂၃ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇကွဲပိုးတွေ့ရှိသူများနှင့် ပတ်သက်၍  သတင်းထုတ်ပြန်ထားသည်ကို တွေ့ရှိရပါသည်။

 

ကိုဗစ်-၁၉ ရောဂါသံသယရှိသူများအား ကာကွယ်ရေးဝန်ကြီးဌာန ဆေးဘက် ဆိုင်ရာသုတေသနဌာနမှ စစ်ဆေးခဲ့သည့် ဓာတ်ခွဲစစ်ဆေးချက်အဖြေအရထိုနေ့က ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲသောပိုးတွေ့ရှိသူ ၁၁ ဦး ကို တွေ့ရှိခဲ့ရသည်။ မျိုးရိုးဗီဇကွဲရောဂါပိုးတွေ့ရှိသူများမှာ ကလေးမြို့တွင် တစ်ဦး၊ မြိတ်မြို့တွင် သုံးဦး၊ မန္တလေးမြို့တွင် လေးဦး၊ တမူးမြို့တွင် နှစ်ဦးနှင့် ရန်ကုန်မြို့တွင် ပြည်ပပြန် တစ်ဦး တို့ထံမှ တွေ့ရှိခဲ့ကြောင်းသိရသည်။ မျိုးဗီဇကွဲပိုးနှင့်ပတ်သက်၍ မျိုးကွဲပိုး သုံးမျိုး တွေ့ရှိရပြီး မူလတွေ့ရှိသည့်နိုင်ငံများမှာ အိန္ဒိယ၊ အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ အိုင်ယာလန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့မှ စတင်ခဲ့ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံသို့ ကူးစက်ရောက်ရှိလာသည့် မျိုးဗီဇကွဲ သုံးမျိုးတွင် Alpha နှင့် Delta မျိုးဗီဇကွဲနှစ်ခုမှာ ရောဂါပိုးကူးစက်နိုင်မှုနှင့် ထပ်မံကူးစက်ပျံ့နှံ့နိုင်မှု ပိုမိုမြင့်မားကြောင်း တွေ့ရှိပြီး ရောဂါပြင်းထန်မှုအနေဖြင့် ဆေးရုံတက်ရောက်နိုင် ခြေနှင့် သေဆုံးနိုင်ခြေမြင့်မားကြောင်း သုံးသပ်ထားသည်။ ထို့အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပေါ်တွင် တုံ့ပြန်မှုနှင့်ပတ်သက်၍ အချို့သော ကာကွယ် ဆေးများ၏ အကျိုးအာနိသင်အား အနည်းငယ်လျော့နည်းနိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇကွဲသစ် စတင်တွေ့ရှိမှုနှင့်ပတ်သက်၍ ကျန်းမာရေးဘက်တွင်သာမက ပြည်သူများအားလုံးအနေဖြင့် အထူးသတိပြု ကြရမည်ဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာ့နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများတွင် ကူးစက် ဖြစ်ပွားမှု မြင့်တက်လျက်ရှိရာမှ အဆိုပါနိုင်ငံများနှင့်ဆက်စပ်၍ မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် ပြီးခဲ့သည့်မေလကုန်ပိုင်းမှစတင်၍ အစုလိုက်ရောဂါ ဖြစ်ပွားမှုများ စတင်များပြားလာခဲ့သည်။ မျိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိမှုနှင့်အတူ ရောဂါ ဖြစ်ပွားမှု မြန်မာနိုင်ငံတွင် ပြန်လည်မြင့်မားလာသောကြောင့် ပြည်ပနိုင်ငံများမှ ကူးစက်ဝင်ရောက်လာနိုင်မှုကို ထိရောက်စွာထိန်းချုပ်နိုင်ရေး၊ ပြည်ပမှ ပြန်လာ သူများကို အသွားအလာထိန်းချုပ်မှု စနစ်တကျကန့်သတ်ခြင်းနှင့် အရေအတွက် ကန့်သတ်ခြင်း၊ လေကြောင်းလိုင်းများနှင့် နယ်စပ်အဝင်/အထွက် ဂိတ်များအား ယာယီပိတ်ပင်ခြင်းတို့ကို ရောဂါဖြစ်ပွားမှု အခြေအနေပေါ်မူတည်၍ တိုးမြှင့်ဆောင် ရွက်လျက်ရှိသည်။

 

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများပြားလာပါက အဆင်သင့်ဖြစ်စေရန် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဆေးရုံများ၊ ကုသရေးစင်တာများ၊ အသွားအလာ ကန့်သတ်၍ သီးသန့်ထားရှိမည့်နေရာများကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း များက ကြိုတင်ပြင်ဆင်နေပြီး ရောဂါပြင်းထန်မှုအပေါ်မူတည်၍ လူနာများအား စနစ်တကျ ကုသစောင့်ရှောက်မှုပေးနိုင်ရေးဒေသအသီးသီးရှိ ကုသရေးဆိုင်ရာ အဖွဲ့များက စီမံချက်များ၊ လုပ်ငန်းလမ်းညွှန်များ ကျန်းမာရေးဌာနနှင့်အတူ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးက တက်ညီလက်ညီ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ ပြည်သူလူထုအနေဖြင့် မိမိတို့ကိုယ်ကို ရောဂါကူးစက်မှုမရှိစေရေး၊ မိမိမိသားစုနှင့် မိမိတို့ ပတ်ဝန်းကျင်အား ကိုဗစ်-၁၉ ရောဂါပိုး၊ မျိုးဗီဇကွဲ ကူးစက်မှုမရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အမိန့်ကြေညာချက်များ၊ ညွှန်ကြား ချက်များ၊ လုပ်ငန်းလမ်းညွှန်များအတိုင်း တိကျစွာလိုက်နာဆောင်ရွက်သွားကြပါ ရန် အထူးအရေးကြီးသည်ကို အလေးထားရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။

 

ကြေးမုံ