ကိုဗစ် - ၁၉ ပေါ့စတစ် (Positive) ပျောက်ကင်းခဲ့သူများနှင့် တွေ့ဆုံခြင်း 

၁၅ အောက်တိုဘာ

ရဲဝင်းမြတ်၊ ဓာတ်ပုံ - ဇော်မင်းလတ်

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အောက်တိုဘာ ၁၃ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉  အကြောင်း သိကောင်းစရာ  အမေး/အဖြေ အစီအစဉ်၏      ကိုဗစ်- ၁၉ ပေါ့စတစ် (Positive) ပျောက်ကင်းခဲ့သူများနှင့် တွေ့ဆုံခြင်းအစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

အစီအစဉ်မှူး ။ ။ ကိုဗစ်-၁၉  ရောဂါနဲ့   ပတ်သက်လို့ မှန်ကန်တဲ့ သတင်းအချက်အလက် တွေ၊ လိုက်နာဆောင်ရွက်ရမယ့် စည်းမျဉ်း စည်းကမ်း တွေကို   ပါမောက္ခကြီးတွေ၊   သမားတော်ကြီးတွေက အပတ်စဉ် အသိပညာပေး ရှင်းလင်းပြောကြားပေးနေတဲ့ ပညာပေးအစီအစဉ် ဖြစ်ပါတယ်။

ဒီလိုမျိုး စည်းမျဉ်းစည်းကမ်းတွေကို ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ခြင်းအားဖြင့် ရောဂါနဲ့ ပတ်သက်လို့ ပကတိဖြစ်ပေါ်နေတဲ့    အခြေအနေကို   သိနိုင်မှာဖြစ်ပြီး မလိုလားအပ်တဲ့     စိုးရိမ်ကြောင့်ကြမှုတွေကိုလည်း လျော့နည်းစေနိုင်မှာ   ဖြစ်ပါတယ်။  ဒီနေ့ အစီအစဉ်မှာ ဆိုရင်လည်း ကိုဗစ် - ၁၉ ရောဂါကို ကိုယ်တိုင်ခံစားခဲ့ရပြီး မှန်ကန်တဲ့ ကုသမှုတွေကိုခံယူကာ  ပြန်လည်သက်သာ လာသူတွေနဲ့ တွေ့ဆုံပြီး  သူတို့ ဘယ်လိုကုသမှုတွေကို ခံယူပြီး ဘယ်လိုခွန်အားတွေနဲ့ ဒီရောဂါကို ရင်ဆိုင်ကျော် လွှားခဲ့ရတယ်။ နောက်ဆက်တွဲအနေနဲ့လည်း ဆောင်ရန်၊ ရှောင်ရန်တွေကို ဘယ်လိုမျိုး လိုက်နာဆောင်ရွက်နေရ တယ်ဆိုတဲ့    အတွေ့အကြုံတွေကို   မိဘပြည်သူတွေ ခွန်အားဖြစ်စေဖို့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။ ဒီနေ့ ဆွေးနွေးပွဲအတွက် ဖောင်ကြီး Covid-19 ကုသရေး ဌာန၌ တက်ရောက်ခဲ့တဲ့ ကော့မှူးမြို့နယ်မှ ဦးအေးသိန်း၊ တာမွေမြို့နယ်မှ   ဒေါ်ခင်ခင်ဦး ၊   အင်းစိန်မြို့နယ်မှ ဦးအောင်ခင်(ခ)နီတာတို့က ပါဝင်ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

အစီအစဉ်မှူး ။ ။ ကိုနီတာကို   ပထမဆုံး  မေးချင်ပါတယ်။ ရောဂါစဖြစ်တဲ့ အချိန်ကနေ စပြီးတော့ အဲဒီအကြောင်း အတွေ့အကြုံလေးတွေကို အရင်ဆုံးပြောပြပေးပါဦးရှင့်။

ကိုနီတာ ။ ။ ဟုတ်ကဲ့ ပထမဆုံးကတော့  မြန်မာနိုင်ငံမှာ   မတ်လ  ၂၃  ရက်နေ့မှာ ကိုဗစ်စပြီး တွေ့တာပေါ့။ စတွေ့တော့ ကျွန်တော်တို့လည်း အဲဒီမတိုင်ခင်က    ဘယ်မှမသွားဖြစ်ဘူး။  ၂၉ ရက်နေ့ ကျတော့ ကျွန်တော့်အမေ့ရဲ့  မွေးနေ့ရှိတယ်ဆိုပြီးတော့   အပြင်ထွက်လိုက်တယ်။  အပြင်ကိုထွက်တာက အချိန် တစ်နာရီခွဲလောက်ပဲ ကြာလိုက်တယ်။ အပြင်ထွက်လိုက် တယ်။ ကျွန်တော်   Live  လွှင့်တဲ့  အစီအစဉ်လေးတစ်ခုကို ဝင်လိုက်တယ်။ အဲဒါပြီးတာနဲ့ ကျွန်တော်ပြန်လာတယ်။ တစ်ရက်ကျော်မှာစပြီးတော့ ဖျားတယ်။

မှတ်မှတ်ရရဆိုရင် ဧပြီ ၁ ရက်နေ့ကနေ ဖျားတယ်။ ၁၀ ရက်နေ့အထိ တောက်လျှောက်ဖျားတယ်။ ပြီးတော့ ၁၀   ရက်နေ့   ညမှာကျတော့   ကျွန်တော်နဲ့  တွေ့ခဲ့တဲ့ ကျွန်တော့်မိတ်ဆွေတစ်ယောက်က ပေါ့စတစ် (Positive) ဖြစ်တယ်ဆိုတဲ့   သတင်းထွက်လာတယ်။   အဲဒီတော့ ကျွန်တော်က ကိုယ့်စိတ်ထဲမှာ ဒါဆိုရင်တော့ ကျွန်တော် ဖျားတာ ၁၀ ရက်လောက်ဆိုတော့ ပုံမှန်တော့ မဟုတ် လောက်ဘူး။  ဒါတစ်ခုခုကြောင့်  ဒီလောက်ဖျားတာနဲ့ တူတယ်ပေါ့။

အဲဒီတော့   ဘယ်လိုပဲဖြစ်ဖြစ်  ဒါကို ကျန်းမာရေးဝန်ကြီးဌာနကို ဆက်သွယ်ရမယ်ဆိုပြီးတော့ ကျန်းမာရေး ဝန်ကြီးဌာန ဖုန်းနံပါတ်ကို ယူတယ်။ ပြီးတော့ ရန်ကုန်တိုင်း   ကျန်းမာရေးဝန်ကြီးဌာနကို   စပြီး ကျွန်တော် ဆက်သွယ်လိုက်တယ်။ ဆက်သွယ်လိုက်တော့ ဖြစ်စဉ် ကိုမေးတော့ ကျွန်တော်ဒီလိုပဲ အပြင်ကို အချိန်ပိုင်းလေး ထွက်တာရှိတယ်။ ပြီးတော့ ကျွန်တော်တို့ မိတ်ဆွေထဲက တစ်ယောက်ကလည်း ပေါ့စတစ်ဖြစ်သွားတယ်ပေါ့နော်။ အဲဒီတော့ ကျွန်တော်ဖျားတာလည်း ၁၀ ရက်ကျော်ပြီ ဆိုတော့ ဒါဆိုရင် Q ဝင်ဖို့ လိုအပ်သလားပေါ့။ လိုတယ် ဆိုရင် ကျွန်တော်လိုအပ်သလို လုပ်ပါ့မယ်ဆိုတာမျိုး စပြီး တော့ ဆက်သွယ်လိုက်တယ်။

အဲဒီကို စဆက်သွယ်တာက ဧပြီ ၁၂ ရက်နေ့မှာပေါ့။ ၁၄ ရက်နေ့ နေ့ခင်းပိုင်းမှာ ကျွန်တော့်ကို ဗော်လန်တီယာ (Volunteer) ကားနဲ့  လာခေါ်တယ်။  အင်းစိန်ဆေးရုံ စရောက်သွားတယ်။ အဲဒါပြီးတော့ ကျွန်တော့်ကို အဲဒီနေ့ ညနေကတော့ သွေးပဲ ဖောက်စစ်တာပေါ့။ ၁၅ ရက်နေ့ မနက်မှာ ကျွန်တော့်ကို Swab တွေ၊ ဘာတွေစယူပြီး ဧပြီ ၁၇ ရက်နေ့ မနက်မှာကျတော့ အဖြေထွက်ပြီ။

အဖြေထွက်တော့ ကျွန်တော် ပေါ့စတစ်ဖြစ်ပြီဆိုတာကို သိရပြီ။  အဲဒီကနေမှ  ကျွန်တော် ဝေဘာဂီဆေးရုံ ရောက်ပြီးတော့ ဆေးဝါးကုသမှုကို ခံယူတယ်။ ၁၀ ရက် ကြာပြီးတော့ ၂၇ ရက်နေ့မှာ ပြန်စစ်တဲ့အချိန် ကျွန်တော် ပေါ့စတစ်ပဲ ထပ်ထွက်တယ်ဆိုပြီးတော့ ထပ်နေရတယ်။ နောက် ၅ လပိုင်း ၃ ရက်နေ့မှာ တစ်ခေါက်ထပ်စစ်တဲ့ အချိန်မှာ နဂ္ဂတစ် (Negative) စထွက်တယ်။ ပြီးတော့ ၆ ရက် နေ့ ထပ်ပြီးတော့ စစ်တယ်။ ၇ ရက်နေ့ အဖြေ ထွက်တဲ့အချိန်မှာ နဂ္ဂတစ်ထပ်ထွက်တယ်။ ကျွန်တော်က ပေါ့စတစ်  နှစ်ကြိမ်၊ နဂ္ဂတစ်  နှစ်ကြိမ် အဲဒီလိုမျိုးနဲ့ ကျွန်တော်က ကိုဗစ်ကို အဆင်ပြေစွာနဲ့ ပြန်ပြီး ဖြတ်ကျော် နိုင်တယ်။

အစီအစဉ်မှူး ။ ။ဟုတ်ကဲ့။   ဒီတော့  ရောဂါလက္ခဏာ အနေနဲ့ကတော့ ဖျားတာပဲ ပြတာပေါ့ နော်။ ဖျားတာတစ်ခုပဲ လားရှင့်။

ကိုနီတာ ။ ။ ဖျားတယ်။ ဖျားတာကတော့ ကျွန်တော် ဆေးခန်း နှစ်ရက်ပြလိုက် သေးတယ်။ အဲဒီနှစ်ရက်ပြတာက ပထမဖျားတဲ့ ပုံစံက  အအေးမိပြီးတော့ ဖျားသလို၊ တုပ်ကွေးဖျားသလိုလောက် ပဲပေါ့။ အဲလိုမျိုးလေးပဲ ဖျားတာ။

ဒါပေမယ့်   နှစ်ရက်ပြီးသွားတဲ့  အချိန်မှာလည်း မနက်ပိုင်းဆို သက်သာတယ်။ ညနေပိုင်းဆိုရင် ကိုယ်ပူက ပြန်ပြန်တက်လာတယ်။ အဲဒီလိုမျိုး ဖြစ်လာတာပေါ့။ ပြီးတော့   ပထမဆုံးအချိန်မှာတုန်းကတော့  ဒီတစ်ပတ် လောက်က ချောင်းတော်တော်ကို ဆိုးတာ၊ လည်‌ချောင်း တွေပါ နာတဲ့အဆင့်အထိကို ဆိုးတာ။ အဲဒီလိုအနေအထား မျိုးပေါ့။

ဒါပေမယ့်လည်း   အဲဒါပြီးသွားတဲ့  အချိန်ကျတော့  ချောင်းဆိုးက   ပျောက်သွားတယ်။  ဒါပေမယ့်  ဆေးရုံ ရောက်သွားပြီးတဲ့ နောက်ပိုင်းကျတော့  Pressure အလွန် ကျလာတဲ့ အနေအထားမျိုး ဖြစ်လာတယ်။ ကျွန်တော့်ရဲ့ ဖြစ်တဲ့ပုံစံက   Pressure  အတော်ကျတယ်၊  မူးတယ်၊ ကိုယ်ပူတာကတော့   ဆေးရုံရောက်သွားတဲ့အချိန်မှာ မဖြစ်တော့ဘူး။ အဓိက Pressure အလွန်ကျတယ်။ အဲဒါမျိုး ခံစားရတာပေါ့နော်။

အစီအစဉ်မှူး ။ ။ ဟုတ်ကဲ့ပါရှင့်။ နောက်ထပ်ကတော့ ဦးအေးသိန်းကို မေးချင်ပါတယ်။ အန်ကယ့်အနေနဲ့ရော ကိုဗစ်-၁၉ ရောဂါပိုးစပြီးတော့ တွေ့ရှိတယ်ဆိုတာကို ဘယ်လိုမျိုးသိခဲ့တာလဲ။ အဲဒါလေး ပြောပြပေးပါဦး။

ဦးအေးသိန်း ။ ။ ကျွန်တော်ရဲ့   လက်ပွန်းတတီးမိတ်ဆွေတစ်ယောက်က စပြီးတော့ တွေ့တာပေါ့။   သူက  ရန်ကုန်မှာနေတယ်။ နေတဲ့အခါ သူဖြစ်ပြီး သူဖျားတယ်။ ဖျားပြီးတော့ အနံ့မရဘူး ပြောတယ်။ ကျွန်တော်ကလည်း အဲဒီမှာ နည်းနည်း ဖျားလိုက် တယ်။ ဖျားပြီးတော့  အနံ့မရတော့ဘူး။

အနံ့မရတဲ့အခါ   သူဖြစ်ရင်တော့၊  သူ့ကို စစ်တဲ့အခါ ကျတော့ ပေါ့စတစ်လည်း တွေ့တယ်ဆိုတော့ ကျွန်တော့် ကို စစ်လည်း တွေ့မယ်ဆိုတာ  ယုံကြည်ပြီးသား ဖြစ်သွား တယ်။ ဘာလို့လဲဆိုတော့ တပူးပူးတတွဲတွဲ နေတာကိုး။ အဲဒါနဲ့ နောက်ရက်မှာ စစ်တာပေါ့နော်၊ ၆ ရက်နေ့မှာ  စစ်တယ်။ ၇ ရက်နေ့မှာ ဆေးရုံတက်ရတာပေါ့။ ဖောင်ကြီး ကို တန်းသွားရတာ။  အဲဒီလို ဖြစ်ခဲ့တာပေါ့။

အစီအစဉ်မှူး ။ ။ ဟုတ်ကဲ့ပါရှင်။   အဲဒီတော့  ရောဂါလက္ခဏာကရော ဘယ်လိုမျိုးတွေ ပြလဲရှင့်။

ဦးအေးသိန်း ။ ။ ရောဂါလက္ခဏာကတော့  နည်းနည်းဖျားလိုက်တယ်။ အနံ့မရဘူး။ သိပ်ထွေထွေထူးထူး မရှိဘူး။ ဒါပေမယ့် ကျွန်တော့်ကိုယ် ကျွန်တော် ယုံကြည်ထားတာကတော့ လက်ပွန်းတတီး ရှိတာက   ဒီဟာက  ကူးစက်မြန်တာဆိုတော့  အဲဒါကို  ယုံကြည်ထားတယ်။ ဖြစ်ကိုဖြစ်တော့မှာဆိုပြီး သိတယ်။ ကြိုတင်ပြင်ဆင်တာတွေတော့ လုပ်ရတာပေါ့။

 

အစီအစဉ်မှူး ။ ။ ဟုတ်ကဲ့ပါ။ အန်တီဒေါ်ခင်ခင်ဦးရှင့်။ အန်တီအနေနဲ့ကရော   ဒီရောဂါ စပြီး ဖြစ်တဲ့အချိန်မှာ ဘယ်လိုအနေအထားမျိုးရှိသလဲ။ အဲဒါကို ပြောပြပေးပါဦး။

ဒေါ်ခင်ခင်ဦး ။ ။ အန်တီတို့က  တစ်မိသားစုလုံး ဖြစ်တာ။ အားလုံးပေါင်း ၁၀ ယောက်။ အဖေက အသက် (၈၃ နှစ်)၊ နောက်ကလေးက အသက် (၁၂နှစ်)အရွယ်ရှိတဲ့ ကလေးပါပါတယ်။ ဘယ်လို အန်တီ တို့ ဆီမှာ ကူးစက်လဲဆိုတော့ အန်တီအဖေက အိပ်ရာပေါ် မှာရှိတဲ့ လူမမာတစ်ယောက်။ သူ့ကိုပြုစုတဲ့ Nurse တွေ ရှိတယ်။ အန်တီတို့ အိမ်မှာ လရှည်နေတယ်။ သူ့အိမ်ကို တစ်ပတ်ပြန်ချင်တယ်ဆိုတော့ အန်တီတို့က ပေးပြန်လိုက် တယ်။ သူပြန်ရောက်ပြီးတော့ ၈ နာရီလောက်ပဲ အန်တီတို့ အဖေနဲ့နေတဲ့အချိန်မှာ  အသက် (၈၃  နှစ်)ကျန်းမာရေး မကောင်းတဲ့ အန်တီအဖေ စဖျားတယ်။

ဖျားတော့ အန်တီတို့က ချက်ချင်းသိတယ်။ ချက်ချင်း ပဲ သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဌာနကို အကြောင်း ကြားတယ်။    အကြောင်းကြားပြီးတော့   ဒီကလေးကို အန်တီတို့ ဆေးရုံကို ပို့တယ်။ အန်တီတို့က တာမွေမြို့နယ် မှာ  နေတယ်ဆိုတော့   စံပြဆေးရုံကိုပို့တယ်။  ပို့တော့ ဒီကလေးက  အဲဒီနေ့က မစစ်ဖြစ်ဘူး။ နောက်တစ်ရက် စစ်လိုက်တယ်။ နောက်တစ်ရက်မှာ သူ Positive ဆိုတာ အန်တီတို့က သိတယ်။

သိတဲ့အချိန်မှာ အန်အဖေက သုံးရက်ဖျားနေပြီ။ ဖျားတဲ့အခါမှာ အန်တီတို့က သိလည်းသိနေပြီ။ ဗဟုသုတ လည်း ထိုက်သင့်သလောက်ရှိတယ်။ ဒီလူမမာအဖေကို တစ်ယောက်တည်း  လွှတ်လို့မရဘူးဆိုတဲ့ အသိရှိတယ်။ အဲဒီအခါကျတော့ မောင်နှမတွေအကုန်လုံး သုံးယောက် တစ်လှည့်စီနဲ့  အဖေ့ကိုပြုစုပြီး  စံပြဆေးရုံကို ရောက် တယ်။ စံပြဆေးရုံကို ၁၈ ရက်နေ့ညမှာ အန်တီတို့ ရောက် တယ်။ ၁၉ ရက်နေ့မှာ အန်တီတို့ကို စစ်တယ်။ ၂၀ ရက်နေ့ မှာ အန်တီတို့ ဆေးရုံကို ရောက်သွားတဲ့ လေးယောက်က Positive ဖြစ်တယ်။

အိမ်မှာ ကျန်ခဲ့တဲ့ ခြောက်ယောက်ကလည်း Positive ဖြစ်တယ်။   အဲဒီကနေ   အန်တီတို့ကို  စံပြဆေးရုံကနေ ဧရာဝတီ ကိုဗစ်စင်တာက လာခေါ်သွားတယ်။ အန်တီ ကတော့ မဖျားဘူး၊ ချောင်းမဆိုးဘူး၊ အနံ့မပျောက်ဘူး။ ဒါပေမယ့်   အန်အဖေနဲ့   အစ်မနှစ်ယောက်ကတော့ တော်တော်ဖျားလိုက်တယ်။   အဲဒီက စဖြစ်တယ်။ ၂၀ ရက်နေ့မှာ ပိုးတွေ့လူနာအဖြစ် သတ်မှတ်ခံရပါတယ်။

အစီအစဉ်မှူး ။ ။ အခုကတော့ ရောဂါစဖြစ်တဲ့ အခြေ အနေကို မေးပြီးပြီဆိုတော့ နောက် ဆေးရုံတက်တဲ့ အခြေအနေ၊ ဆေးရုံမှာ ဘယ်လိုကြုံတွေ့ ခဲ့ရတယ် ဆိုတာလည်း ပြောပြပေးပါဦး။

ကိုနီတာ ။ ။  မှတ်မှတ်ရရ မြန်မာနှစ်ဆန်း ၁ ရက်နေ့ ၁၇ ရက်နေ့မှာ  ပေါ့စတစ်ဖြစ်ပြီး ဝေဘာဂီဆေးရုံရောက်သွားပြီ။  ဆေးရုံရောက်သွားတဲ့ အချိန်မှာ   အဆောင်  ၁ ၊  အခန်း ၆ မှာ နေရတယ်။ ကျွန်တော်နဲ့  နောက် ညီလေးတစ်ယောက် ပါပါတယ်။  နှစ်ယောက်   တစ်ခန်းပေါ့။  ရောက်ရောက်ချင်းမှာတော့ အဲကွန်းက မအေးဘူး။ ပူနေတာပေါ့။ ပူနေတော့ ဆရာဝန် တွေကလည်း   မသိဘူး။   မသိဘူးဆိုတာက  PPE  နဲ့ လာတော့ တော်တော်များများက မသိရဘူးပေါ့နော်။

အဲဒါနဲ့ ဆရာဝန်တွေက မေးတယ်။ ဘာလိုအပ်လဲ ဆိုတော့။   အဲကွန်းတော့   အဆင်မပြေဘူးဆိုတော့  နောက်နေ့မှာ Air Cooler လာထားပေးတယ်။ အဲကွန်း လာပြင်ပေးတယ်။ ပြင်တော့လည်း တစ်ညပဲ အဆင်ပြေ လိုက်တယ်။ နောက်ဆုံးကျတော့    အသစ်တစ်လုံး လာလဲ ပေးတယ်။ ဒါကနိုင်ငံတော်က လုပ်ပေးတာပါ။ ဆေးဝါး ကုသမှုကျတော့လည်း ဆရာဝန်၊ ဆရာမတွေက အတော် ကို နွေးထွေးပါတယ်။ ကျွန်တော်ဆို ရောဂါဖြစ်တဲ့ လူနာနာမည်ကတော့ အဆိုတော်နီတာလို့ မသိကြဘူးလေ။  နာမည်အရင်းက အောင်ခင်ဆိုတော့  အောင်ခင်ဆိုတာ ဘယ်သူမှန်း မသိကြဘူးပေါ့။ အဲဒီလိုမျိုး အနေအထားနဲ့ကို ဆရာဝန်တွေက ကျွန်တော့်ကို အဆိုတော်မှန်းမသိပေမယ့် အားလုံးကို တစ်ပြေးညီ ကုသပေးတယ်။ စောင့်ရှောက် ပေးတယ်။ အားလုံးကို ဂရုစိုက်ပေးတယ်။ အဲဒီအပေါ်မှာ လည်း  အလွန်ကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ ခုနက ပြောဖို့ တစ်ခုလေးမေ့သွားတယ်။ ရောဂါလက္ခဏာကလေ ခုနအန်တီပြောမှ သတိရသွားတယ်။

အဲဒါဘာလဲဆိုတော့ အများအားဖြင့် အနံ့ပျောက်မှ ကိုဗစ်ဖြစ်တယ်လို့ ယူဆကြတာလေ။ ကျွန်တော်ဆိုလည်း ဆေးရုံမတက်ခင်ကတည်းကနေ ဒီနေ့အချိန်အထိ အနံ့ တစ်ခါမှ မပျောက်ဖူးဘူး။ ဒါပေမယ့် ကိုဗစ်ဖြစ်သွားတယ်။ တော်တော်များများကတော့ ကျွန်တော့် မိတ်ဆွေထဲမှာ နှစ်ယောက်လောက် ဆုံးပါးသွားကြတယ်။

အနံ့ပျောက်တော့မှ   သူက  ဆေးရုံသွားဖို့  ပြင်ဆင် လိုက်တာကိုး။ အဲဒီလို လုပ်တဲ့အချိန်မှာ အချိန်လွန်သွား ပြီးတော့ ကိုဗစ်ကနိုင်သွားတာပေါ့။ အဲဒီလို ဆုံးပါးသွား တာမျိုး နှစ်ယောက်လောက် တွေ့ရတယ်။ အဲဒီတော့ အနံ့ပျောက်ပျောက်၊ မပျောက်ပျောက် တစ်ခုခုပေါ့နော် ဖျားတာတို့၊ နာတာတို့တစ်ခုခု ကိုယ့်ဟာကိုယ် ပုံမှန်မဟုတ် ဘဲ သံသယတစ်ခုခုရှိပြီဆိုရင် ကျန်းမာရေးဝန်ကြီးဌာနကို ဆက်သွယ်သင့်တယ်။

ဆက်သွယ်ပြီးတော့   မြန်မြန်လေးသွားရင်  ကိုယ့် အတွက် စောစောစီးစီး ကုသနိုင်တယ်။ တချို့ကလည်း  မိတ်ဆွေတွေက   ပြောပါတယ်။  ဆေးရုံသွားတော့ရော ဘာထူးမှာမို့လို့လည်း ဆေးမှ မပေါ်သေးတာဆိုတာမျိုး ပြောတာရှိပါတယ်။ အဲဒီတော့ ကျွန်တော်က ပြောပြတယ်၊ “ထူးပါတယ် လို့။

ဘာလို့လဲဆိုတော့ နံပါတ်တစ် Swab ယူလိုက်ပြီ ဆိုရင် ကိုယ့်မှာ  ရောဂါပိုး  ရှိ / မရှိ  နံပါတ်တစ် သိမယ်။ ရောဂါပိုးရှိတယ်ဆိုရင် ဆရာဝန် ဆရာမတွေက လိုအပ်တဲ့ ကုသမှု၊ ပြုစုမှုကို လုပ်ပေးတယ်။ အဆုတ်ကို ဓာတ်မှန် ရိုက်ပေးတယ်။

ဓာတ်မှန်ရိုက်လိုက်ရင်  အဆုတ်က  ဘယ်လောက် ထိခိုက်ထားသလဲဆိုတာကို   ကြည့်ပြီးတော့  ဆရာဝန်၊ ဆရာမတွေက   လိုအပ်တဲ့  ဆေးဝါးတွေ  ကုပေးတယ်။ အဲဒီလိုမျိုးအပိုင်းတွေလည်း အများကြီးရှိတယ်။ ဒီအတိုင်း ကြီးပဲ အပြင်မှာဆိုလို့ရှိရင် ရိုးရိုးဖျားတယ်လို့ပဲ ထင်နေရင် အဆုတ်က   ဘယ်လောက်အထိ  ဒဏ်ရာဖြစ်ပြီးတော့ ဘယ်လောက်   ဆိုးရွားနေသလဲဆိုတာ  ကိုယ်မသိရတဲ့ အတွက် အချိန်တိုအတွင်းမှာပဲ ဆုံးပါးသွားတာမျိုး  တွေ့ရ တာပေါ့နော်။   အဲဒါမျိုး  မဖြစ်စေချင်ဘူး၊  အားလုံးကို စောစောစီးစီးလေး ဆေးရုံနဲ့ဆက်သွယ်ပါ၊ ကျန်းမာရေး ဝန်ကြီးဌာနနဲ့ ဆက်သွယ်ပါလို့ ပြောပြချင်ပါတယ်။

အစီအစဉ်မှူး ။ ။ အန်တီ   ဒေါ်ခင်ခင်ဦးရှင့်၊  အန်တီကလည်း ဧရာဝတီစင်တာမှာ ဆေးရုံ တက်ပြီးတော့ ပြန်ပြီးသက်သာလာတဲ့လူဆိုတော့ အဲ့ဒီမှာ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေလေးလည်း ပြောပြပေးပါဦး။

ဒေါ်ခင်ခင်ဦး ။ ။ အန်တီက စံပြဆေးရုံမှာ စပြီးတော့ ပြောပြရမှာပေါ့နော်။    အန်တီတို့ ဆယ်ယောက်မှာက ကိုဗစ်ကို စနစ်တကျ တိုက်တယ်လို့ ပြောရမှာပေါ့နော်။    အိပ်ရာထဲလဲနေတဲ့    အဖေကို တစ်ယောက်တည်း   လွှတ်ပေးရင်   ဘယ်လိုပဲဖြစ်ဖြစ် ကိုဗစ်က အဖေ့အသက်ကို သယ်သွားမှာပဲ။ 

နံပါတ်တစ်က   စိတ်ပိုင်းဆိုင်ရာပဲ၊   ငါတို့ တိုက်နိုင် သလောက် ကုမယ်ဆိုပြီးတော့ တွေးတယ်။ အန်တီတို့ ဖြစ်သွားတဲ့ ၁၀ ယောက်မှာဆိုရင် အဖေ့အသက် (၈၃နှစ်) က ဖျားတယ်။ အသက် (၅၈နှစ်)ရှိတဲ့ အစ်မတစ်ယောက်က ဖျားတယ်။ ကျန်တာတွေ အားလုံးကတော့ ဖျားလည်း မဖျားဘူး၊   အနံ့လည်း   မပျောက်ဘူး၊  ချောင်းလည်း မဆိုးဘူး။

 အဲဒီကနေ    စံပြဆေးရုံကို   ရောက်သွားတယ်။ ရောက်သွားတဲ့အခါမှာ ဆေးရုံကြောက်ကြတယ်ဆိုတာ အခက်အခဲလေးတွေ နည်းနည်းတော့ရှိတယ်။ ရှိတဲ့အခါ ဘာဖြစ်လို့လဲဆိုတော့ အန်တီပြောနေတဲ့ သုံးယောက်မှာ ဆိုရင်  အန်တီက  တတိယအများဆုံး  Wave ရှိတဲ့လူ၊ ကိုနီတာတို့က   အနည်းဆုံး။   ဆရာဦးအေးသိန်းတို့ ကျတော့ နည်းနည်းပဲဖြစ်သေးတယ်။ အန်တီတို့တုန်း ကတော့ ရာချီထောင်ချီတွေ့နေပြီ၊ ဆေးရုံမှာ ဝန်နဲ့အား မမျှဘူး။

အန်တီတို့လို     ဗဟုသုတရှိတဲ့လူ၊      နဂိုကတည်းက ပြင်ဆင်ထားတဲ့သူအတွက်ကတော့   အန်တီအဖေက အဖျားကို ၁၀၁ / ၁၀၂ ဖြစ်နေတယ်။ အန်တီတို့က ဘယ်လို သွားလဲဆိုရင်   အောက်ဆီဂျင်ဘူးကြီးပါ  မသွားတယ်။ လူကလည်း သုံးလေးယောက်နဲ့ သွားတာဆိုတော့ လူရဲ့ အောက်ဆီဂျင် မကျဖို့လိုတယ်၊ အောက်ဆီဂျင်တိုင်းရမယ်၊ အဖျားတိုင်းရမယ်ပေါ့နော်။ အဖျားအလွန်ကြီးနေရင်တော့ မြန်မြန်သွားသင့်တာပေါ့။

ဟိုရောက်တဲ့အခါကျတော့လည်း တစ်ခုရှိတာပေါ့၊ ပေါ့စတစ်ဖြစ်ထားမှန်း မသိတဲ့လူတွေ၊ ပေါ့စတစ် မဖြစ် သေးတဲ့လူတွေ၊ ပေါ့စတစ်ဖြစ်ထားတဲ့ လူတွေလည်း ရှိမယ်။ နဂ္ဂတစ်ဖြစ်လား၊ မဖြစ်လား မသိသေးတဲ့ သူတွေ လည်း ရှိတယ်။  အားလုံးကတော့  သံသယလူနာဆိုတဲ့ အဆောင်ပေါ့။

နေရာအခက်အခဲကြောင့် ဒါလေးတွေတော့ ရှိတယ်။ တချို့ ကြောက်ကြတယ်ဆိုတာ အဲဒါကို ကြောက်ကြတာ ပေါ့။ နေရာအခက်အခဲရယ်၊   နောက်ပြီး  ကျန်းမာရေး ဝန်ထမ်း အခက်အခဲပေါ့။ အန်တီတို့လည်း အဲဒီအချိန်မှာ ကိုယ်က   နည်းနည်းသန်သန်မာမာလည်း   ရှိတယ်။ ဗဟုသုတလည်းရှိတော့ တော်တော်များများကို လုပ်ပေး နိုင်တယ်။  အဓိကကတော့   အကြောက်လွန်တာရယ်၊ ဗဟုသုတနည်းတာရယ်၊   ဘာဖြစ်ရင်  ဘာလုပ်ရမလဲ ဆိုတာရယ်၊ နောက်တစ်ခုက လူများတဲ့အတွက်ကြောင့် ဆေးရုံတွေမှာ သန့်ရှင်းရေးဝန်ထမ်းရယ်၊ ကျန်းမာရေး ဝန်ထမ်းရယ်က ယခုလို လူများတဲ့အတွက် ပိုပြီးလိုအပ်ပါ တယ်။

ဒီအခက်အခဲတွေ ဖြတ်သန်းတဲ့အခါမှာ အန်တီတို့ကို ပေါ့စတစ်ဖြစ်ပြီဆိုတဲ့အချိန်မှာ ဧရာဝတီ ကိုဗစ်စင်တာ ကနေပြီး  ဆေးရုံကားနဲ့   အန်တီတို့   လေးယောက်ကို စံပြဆေးရုံကနေ    ခေါ်သွားတယ်။   အိမ်ကကျန်တဲ့ ခြောက်ယောက်ကို    ဧရာဝတီစင်တာကနေ   ကားနဲ့ လာခေါ်တယ်။ ဟိုရောက်တဲ့အခါ ဧရာဝတီကိုဗစ်စင်တာ က နည်းနည်းကောင်းတဲ့သူ   များတယ်။    နည်းနည်း Serious ဖြစ်တဲ့သူက နည်းတယ်။

အန်တီတို့လည်း ဘာပဲဖြစ်ဖြစ် ဆေးရုံမှာတွေ့ခဲ့တဲ့ အတွေ့အကြုံအရ အန်တီတို့ဆိုရင် သုံးရက်နဲ့ ရောက်လာ တယ်။ တချို့ကျတော့ ခြောက်ရက်လောက်နေမှ ဆေးရုံ ကို ရောက်လာကြတယ်။ အသက်ကြီးတဲ့လူတွေ၊ ရောဂါ အခံရှိတဲ့လူတွေ   အားအင်ချည့်နဲ့တဲ့   လူတွေကျတော့ ဘာလုပ်ရမှန်းမသိဘူး။ တကယ်သနားဖို့ ကောင်းတယ်။ အောက် ဆီဂျင်တွေ ဘာတွေပေးတယ်။ အန်တီတို့ကျတော့ အဖေရယ်၊ နောက်ထပ် သုံးယောက်ရယ်က ဧရာဝတီ စင်တာမှာ လေးရက်နေပြီးတော့ ဖောင်ကြီးကို ဆက်သွား တယ်။   အဲဒီအချိန်မှာ   သက်ဆိုင်ရာ  ဆရာဝန်ပြောတဲ့ စကားလေးက အလွန်ချစ်ဖို့ကောင်းတယ်။

ဒေါ်ခင်ခင်ဦး ဘုန်းဘုန်းကြီး ကျွန်တော်တို့လက်ထဲ ပြန်ရောက်ဖို့ သုံးရက်ပဲ  လိုပါတော့တယ်  ကျွန်တော်တို့ နိုင်အောင်တိုက်ကြရအောင်တဲ့ဆိုတော့   ကိုယ်လည်း အားရှိတယ်။    အန်တီတို့က    လုံးဝစိတ်ဓာတ်မကျဘူး။ အန်တီတို့အဖေဆိုရင် အဖျား ၁၀၁ / ၁၀၂ က ခြောက်ရက် နောက်ပြီးတော့ ခြောက်ရက်မြောက်တဲ့နေ့မှာ အန်တီ အဖေက လုံးဝအဖျားပျောက်သွားတယ်။ အောက်ဆီဂျင် မှန်သွားတယ်။

အန်တီတို့က   တကယ်  ကိုဗစ်ကို  အရွယ်စုံ၊  ဆိုက်စုံ နိုင်လာတာ။  ၁၂  နှစ်ကလေးက ဖျားလည်း မဖျားဘူး၊ အနံ့လည်း   မပျောက်ဘူး။   ဘာပဲပြောပြော   ကလေးက သူ့အမေဆီက ဆက်ကူးတာပါ။ ကောင်းတာတွေလည်း ရှိတယ်။ အဆင်ပြေခဲ့တာတွေလည်း ရှိတယ်။ တွေ့ခဲ့ရတဲ့ အခက်အခဲလေးတွေပေါ့။ တချို့လည်း ကိုယ့်ရှေ့မှာတင် ဆုံးပါးသွားတဲ့သူတွေလည်း ရှိတာပေါ့။ ကိုယ့်ရှေ့တင်ပဲ အလွန်ဆိုးပြီး ပြန်ကောင်းလာတဲ့သူတွေလည်း ရှိပါတယ်။ အမျိုးစုံတော့ အန်တီတို့က ကြုံခဲ့ရပါတယ်။

အစီအစဉ်မှူး ။ ။ ဟုတ်ကဲ့ပါရှင့်။ ဒါဆိုလို့ရှိရင် စိတ်ဓာတ်ခိုင်မာဖို့  လိုအပ်တာပေါ့နော် အန်တီ။

ဒေါ်ခင်ခင်ဦး ။ ။ မှန်တာပေါ့။  အရေးကြီးတာကလေ ကိစ္စမရှိဘူး။   သူလည်းဖြစ်  ကိုယ်လည်း  ဘယ်လိုတိုက်မလဲ၊  ငါအကောင်းဆုံး ဘယ်လို ပြင်ဆင်ပြီး  နေထိုင်မလဲ။  စိတ်ဓာတ်က  ၅ဝ ရာခိုင်နှုန်း တကယ်အရေးကြီးတယ်။ အန်တီတို့က ကိုယ်တွေ့မို့လို့၊ တချို့က တစ်ယောက်တည်း   ရောက်လာကြတယ်။ သူအောက်ဆီဂျင်လိုနေလည်း မပြောတတ်ဘူး။ အညစ် အကြေးရှိနေလည်း    သူဒါကို    ပြောလို့မတတ်ဘူး။ Volunteer ကလေးတွေလည်း အလွန်သနားဖို့ ကောင်းတယ်။

ဒီ PPE ဝတ်စုံကြီးဝတ်ပြီး အန်တီတို့လို ပေါ့စတစ် လူနာတွေကြား သွားရတယ်ဆိုတော့ ဝန်နဲ့အားနဲ့ မမျှဘူး အဲဒီလိုပြောချင်တာပါ။ အန်တီတို့ တော်တော်များများ လည်း ဗဟုသုတလည်းရတယ်။  ဒီအထဲကို ရောက်ခဲ့တဲ့ အတွက် လူတွေကိုလည်း  ကူညီနိုင်ခဲ့တယ်။  ကိုယ်က သန်သန်မာမာ ကျန်းမာတဲ့သူ၊ အတွေ့အကြုံတွေလည်း အများကြီးရခဲ့တယ်။ အောင်မြင်စွာနဲ့ ကျော်ဖြတ်ခဲ့တယ်။

အစီအစဉ်မှူး ။ ။ အန်ကယ် ဦးအေးသိန်းရှင့်၊ အန်ကယ်အနေနဲ့ ကိုဗစ် - ၁၉ ကုသရေးဌာန ဖောင်ကြီးမှာ သွားရောက်ပြီး ဆေးကုသမှုခံယူခဲ့ရတဲ့ အတွက် အဲဒီရဲ့ အတွေ့အကြုံကို ပြောပြပေးပါဦး။

ဦးအေးသိန်း ။ ။ ကျွန်တော် ၆ ရက်နေ့က ပိုးတွေ့တယ်လို့ အသိအမှတ်ပြုတယ်။ ၇ ရက်နေ့ မှာ ဖောင်ကြီးဆေးရုံကုသရေးစင်တာကို ရောက်သွားတယ်။  ကုသရေးစင်တာ  ရောက်သွားတယ်ဆိုပေမယ့်  အဆင်ပြေတယ်။  ဆေးရုံရောက်တယ်ဆိုရင်ပဲ အဲဒီမှာ ဖောင်ကြီးက ပိုပြီးနေရတာတွေလည်း အဆင်ပြေတယ်။ အဲဒီမှာ နေဖို့၊ ထိုင်ဖို့၊ စားဖို့၊ သောက်ဖို့ အကုန်လုံး အဆင် ပြေပါတယ်။

အဲဒီတော့ မနက်ပိုင်းဆိုရင် စောစောအိပ်ရာကထပြီး မနက်စာစားပြီး ကိုယ်လက်ကြံ့ခိုင်ရေး၊ အသက်ရှူတာ၊ နေပူစာလှုံတာတွေ ဒါတွေလုပ်ဖို့ သွားရပါတယ်။ အဓိက ဖောင်ကြီးသွားရင် ကြိုတင်ပြင်ဆင်ရတယ်။ စောစောက ဒေါ်ခင်ခင်ဦး ပြောသလိုပါပဲ ကုသဆေးတွေ၊ ကာကွယ် ဆေးတွေ မပေါ်သေးဘူး။ ကျွန်တော်တို့ ဘာလုပ်သင့်သလဲ ဆိုတော့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင် မှုဆိုပြီး ဒီလိုမျိုး စဉ်းစားမိတယ်။ စိတ်ပိုင်းဆိုင်ရာကတော့ ဒါကဖြစ်မှာပဲ။ လူဆိုတာ အများလည်းဖြစ်နေပြီ ကိုယ်လည်း ပတ်သက်ရာ ပတ်သက်ကြောင်း ဖြစ်လည်းဖြစ်လာ ပြီ။ ဖြစ်သွားပြီဆိုရင် ကြောက်စရာမလိုဘူး။ ကိုယ်ကစပြီး ကြံ့ကြံ့ခံပြီး ရင်ဆိုင်ကြရမယ်။ ဒါက ရှောင်လို့မရတဲ့ကိစ္စ ဖြစ်သွားပြီ။   စိတ်ပိုင်းဆိုင်ရာ  ကြောက်စရာမလိုသလို၊ ရုပ်ပိုင်းဆိုင်ရာလည်း ဖွံ့ဖြိုးနေဖို့လိုတယ်။ ကြံ့ခိုင်နေဖို့ လိုတယ်။ စိတ်ချည်းပဲ မာနေလို့မရဘူး။ ဒါဖြစ်ရင် ဘယ်လို စားသောက်နေထိုင်ရမယ်ဆိုတာကို ဆင်ခြင်ရမယ်။

ဘာတွေဖြစ်သွားသလဲဆိုတော့ အယူမှား၊ အမှတ်မှား တာတွေလည်းရှိတယ်။  အားရှိရင်၊ ကိုယ်ခံအားကောင်းရင် ဒီရောဂါပိုးက မကူးနိုင်ဘူး၊ ပျောက်နိုင်တယ်လို့ လူတွေက တော်တော်များများ သိတယ်။ သိတဲ့အခါကျတော့ အဲဒီမှာ လည်း တန်ရင်ဆေး၊ လွန်သွားရင် ဘေးဖြစ်သွားတတ် တယ်။  အားကောင်းအားရှိအောင် ခွစားနေရင် အစာ မကြေဘူး၊ ဝမ်းတွေ ဘာတွေပျက်မယ်၊ လေတွေဘာတွေ ပွမယ်ဆိုရင် ပြဿနာဖြစ်နိုင်တယ်။ ဒါတွေဖြစ်ရင် ကိုယ်ခံ အား ကျသွားနိုင်ပါတယ်။ အဲဒီတော့ စားသောက်နေထိုင် တဲ့အခါ  သတိလေးနဲ့ ပုံမှန်အတိုင်း အားဖြစ်နေအောင် ဘယ်လိုစားရမယ်။ ကြောက်တဲ့စိတ်ကို ဖျောက်ပစ်ရမယ် ရင်ဆိုင်ရမှာ   ကျော်လွှားရမယ်ဆိုတော့  အဲဒါမျိုးလေး တွေကို ထားရပါမယ်။

ကိုယ်သွားတဲ့အခါ ဆေးရုံကလည်း တချို့က မိသားစုနဲ့ရောက်သွားတော့   ပြဿနာမရှိဘူး။  အဘိုးကြီး၊ အဘွားကြီး  အသက်ကြီးတဲ့သူတွေက  တစ်ယောက်တည်း ရောက်သွားရင် ပြဿနာရှိတယ်။ အဲဒီတော့ ဆရာဝန်၊ ဆရာမတွေက   မှန်လုံကနေ  သူတို့တွေက ကျွန်တော် တို့ကို စောင့်ရှောက်နေရတယ်။ ကျွန်တော်တို့ကိုယ်တိုင် သွေးပေါင်ချိန်ရတယ်။ နောက်ပြီး  အောက်ဆီဂျင်ကို ကိုယ့်ဘာသာတိုင်းရတယ်။ အပူချိန်လည်း ကိုယ့်ဘာသာ ကိုယ် တိုင်းရတယ်ဆိုတော့ ဒီလောက် ကျန်းမာတဲ့သူ၊ သန်စွမ်းတဲ့သူတွေရှိတယ်။ အဲဒီရောဂါနဲ့ ပတ်သက်လို့ သက်ကြီးရွယ်အိုတွေရှိတယ်။ အဲဒီမှာ ချစ်စရာကောင်းတာက အကုန်လုံးဝိုင်းလုပ်ကြတယ်။ အကုန်လုံးညီညွတ် နေကြတာပဲ၊     စားစရာဆိုလည်း   တစ်ယောက်နဲ့ တစ်ယောက် ကျွေးတယ်၊ ပိုတာပေးတယ်။ အဲဒီမှာဆိုရင် တော်တော်များများ သက်ကြီးရွယ်အိုတွေကို ကယ်နိုင်ဖို့ လူငယ်တွေက   နေ့ည  ပိုပြီးကြိုးစားတယ်။ ဆရာဝန်၊ ဆရာမတွေကလည်း ဒီလိုဇယားတွေပြရတာပေါ့။ သွေးပေါင်ဘယ်လောက်ရှိတယ်ကြည့်ပြီး ဘယ်သူက ဆေးစား၊ ဘာဆေးစား   အဲဒီလို   ဆေးတွေပေးတယ်။  အဲဒါကို စားတယ်။ တချို့ယူမစားနိုင်တဲ့ အဘိုးအိုတွေ၊ သက်ကြီး ရွယ်အိုတွေ၊ ရောဂါပြင်းထန်တဲ့သူရှိတယ်။

အဲဒါကို လှုပ်နိုင်တဲ့သူတွေက ဝိုင်းပြီးကူညီကြတာ ရေချိုးပေး၊ လက်သည်းညှပ်ပေးတာကအစ၊ ခေါင်းလျှော် ပေးတာကအစ အကုန်လုံး ဝိုင်းလုပ်ပေးတာ အဲဒီလူတွေ ပြန်ကောင်းလာတယ်။   တကယ်လည်း  ချီးကျူးစရာပဲ၊ လုပ်ပေးတဲ့သူတွေရော၊ ဆေးရုံကလည်း စားတာ၊ သောက် တာ၊ နေတာထိုင်တာ လိုလေသေးမရှိဘူး အကုန်လုပ်ပေး တယ်။ တချို့အခက်အခဲ တော်တော်များများကို မရှိတော့ ဘူး၊ ကျွန်တော်တို့ တွေ့တာကတော့လေ။ တချို့ကျတော့ လည်း စိတ်ပိုင်းဆိုင်ရာ  မိသားစုနဲ့ဝေးတော့ ဒေါသလေး တွေ  ပါလာတာလေးတွေကိုလည်း   ဝိုင်းဝန်းဖျောင်းဖျ ကြရတာပေါ့၊ အများနဲ့  လုပ်တဲ့ကိစ္စ၊  ကုန်ကျတာတွေ ကိုရော၊ လိုလေသေးမရှိ လုပ်ပေးတာတွေကိုရော ဒါတွေ ကို ကြုံခဲ့ရပါတယ်။ တကယ်တမ်းပြောရရင်တော့ ဒီဟာကို ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော ကြံ့ကြံ့ခိုင်ခိုင်ရှိရင် ဒီရောဂါကာကွယ် ဆေးတွေ မပေါ်ခင်မှာ ကျွန်တော်တို့ နေနိုင်မယ်။ ဆေးပေါ် လာခဲ့ရင်  ကောင်းသွားမှာပေါ့။   အဲဒီတော့   ကျွန်တော် ပြောချင်တာကတော့ ကြံ့ခိုင်ဖို့ပါပဲ။

အစီအစဉ်မှူး ။ ။ ကျေးဇူးတင်ပါတယ်။    ကိုနီတာရှင့်၊ အစ်ကိုက စပြီးရောဂါကူးစက်ခံရတဲ့ အချိန်မှာ   ပတ်ဝန်းကျင်ရဲ့  သဘောထားအမြင်တွေကို သိချင်ပါတယ်။

ကိုနီတာ ။ ။ ကျွန်တော်က   ပထမ   သာကေတအိမ်မှာ  မိသားစုနဲ့  အိမ်မှာစဖျားပြီ ဆိုကတည်းက အခန်းခွဲပြီး နေလိုက်တယ်။ အခန်းခွဲ နေလိုက်ပြီးတော့ ဧပြီလ ၁ ရက်ကနေ ၈ ရက်နေ့အထိ သာကေတအိမ်မှာ နေတယ်။ ဧပြီလ ၉ ရက်နေ့ကျတော့ ၁ဝ မိုင်က အမေ့အိမ်ကို လာလိုက်တယ်။ အဲ့ဒီကနေပြီး ကျွန်တော်က ဒီဟာစဆက်သွယ်ပြီးတာ့ ဒီကွာရာတင်းကို ရောက်ပြီး ပေါ့စတစ်ဖြစ်တယ်။ အဲ့ဒီမှာ ပတ်ဝန်းကျင် ဘာညာက ကောင်းပါတယ်။ အကုန်လုံးဘာမှ တိုက်ခိုက် တာမျိုး မရှိဘူး။ အဆင်ပြေပါတယ်ခင်ဗျာ။

အစီအစဉ်မှူး ။ ။ အဲဒီလို ရောဂါဖြစ်တဲ့အချိန်မှာ ကိုယ့်ရဲ့ခံစားချက်က   ဘယ်လိုများ ရှိလဲရှင့်။   အားငယ်တာမျိုး၊ ကြောက်ရွံ့တာမျိုး အဲဒါ မျိုးတွေပေါ့နော်။

ကိုနီတာ ။ ။ အဲဒီလိုတော့ မရှိဘူးခင်ဗျာ၊ ပထမ ကျွန်တော်နဲ့ အင်းစိန်ဆေးရုံ Quarantine   မှာနေရတဲ့   တစ်ခန်းထဲက  အန်တီ တစ်ယောက်ရှိတယ်။ အဲဒီအန်တီက ရောက်လာကတည်း က ချောင်းတွေ ဆိုးနေတာ။ ချောင်းဆိုးလိုက် ဝမ်းလည်း မကောင်းတော့ အိမ်သာဝင်ထွက်လိုက် ဒီလိုမျိုး ဖြစ်နေ တာပေါ့။ အဲဒီတော့ ကျွန်တော့်စိတ်ထဲမှာ ကျွန်တော် ကတော့ ကောင်းတယ်ပေါ့လေ။  သူက သိပ်အဆင်မပြေ ဘူးနဲ့ တူတယ်။ မနက်ဖြန် အဖြေထွက်ရင်တော့ သူ့အခြေ အနေမကောင်းဘူးနဲ့   တူတယ်။  ကျွန်တော်စိတ်ထဲမှာ အဲဒီလိုထင်တာ။ ဒါပေမယ့် အဖြေထွက်တော့ ပြောင်းပြန် ဖြစ်နေတယ်။ ကျွန်တော်က ပေါ့စတစ်ဖြစ်တယ်။ အဲဒီ အန်တီက နဂ္ဂတစ်ဖြစ်သွားတယ်။ ပထမ စစသိသိချင်း တော့ အံ့သြသွားတယ်။ ဒါပေမယ့် ကြောက်သွားတာတို့၊ ဘာတို့ စိတ်ပိုင်းဆိုင်ရာ မဖြစ်ဘူး။ အေးအေးဆေးဆေးပဲ၊ တည်တည်ငြိမ်ငြိမ်ပဲ။   ကိုယ်ဒါကို  အေးအေးဆေးဆေး ဖြတ်သန်းမယ်။     ရအောင်ကြိုးစားမယ်။  အဓိက စားသောက်နေထိုင်မှုတွေကို    ဆရာဝန်၊   ဆရာမတွေ ပြောတဲ့အတိုင်း တိတိကျကျ လိုက်နာမယ်၊ သေချာလေး လိုက်လုပ်မယ်ပေါ့နော်။ အဲဒါပြီးသွားလို့ရှိရင် ကိုယ့်အနေနဲ့ အခုဆိုရင်   လူနာတွေ   အများကြီးရှိလာပြီးဆိုတော့ စားသောက်နေထိုင်မှုနဲ့ ပတ်သက်ပြီး မျှဝေပေးချင်တယ်။

မနက်ဆိုရင် ၅ နာရီခွဲ၊ ၆ နာရီလောက် အိပ်ရာက ထပြီးတော့ ဆရာဝန် Round လှည့်တဲ့ အချိန်မတိုင်ခင်မှာ သွေးပေါင်တိုင်းတာ၊ အဖျားတိုင်းတာ အားလုံး လုပ်ထားရ တယ်။ အဲဒါမျိုးနဲ့ နေ့တိုင်းတောက်လျှောက် ဖြတ်သန်း ရတယ်။ အစ်ကို တစ်ရက်ကို ရေလေးလီတာသောက်တယ်။ အစ်ကိုက  နေ့တိုင်းသွေးပေါင်ကျလာတယ်။  အစ်ကိုရဲ့ Result က တစ်ခါမှ အဲဒီလိုသွေးပေါင်ကျတာတို့ Life မှာ မရှိဘူး။ ဒါပေမယ့် ကိုဗစ်ဖြစ်သွားပြီးတဲ့အချိန်မှာ နေ့တိုင်း သွေးပေါင်ကျကျလာတယ်။ နောက်ဆုံး ဘယ်လောက် အထိကျလဲဆိုတော့ ၅ဝ အထိကျတယ်။ အောက်သွေး ဆိုရင် ၅၀ ပဲ ရှိတော့တယ်။

အဲဒီလို အခြေအနေမျိုးမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ တော်တော်ကျတယ်။ အဓိက ရုပ်ကတော်တော် ကြီးကိုကျသွားပြီး    ကိုယ့်ကိုယ်ကိုယ်လည်း  သိတယ်။ ဒီဟာကို   ရုန်းကန်ဖို့အတွက်  အစားအသောက်  အနေ အထိုင် များများကြိုးစားပြီး စားရမယ်။ အစ်ကိုက အနံ့ မပျောက်ဘူး၊ အရသာတော့ ပျက်သွားတယ်။ အရသာ ပျက်သွားတဲ့အတွက်ကြောင့်      တစ်ရက်တစ်ရက်ကို ကြိုးစားပြီး အစားအစာတွေကို စားရတယ်။ ဒီအားရှိမယ့် ငှက်သိုက်၊ ကြက်ပေါင်းတို့ပေါ့နော်။ ကိုယ့် မိတ်ဆွေတွေ ကလည်း Ensure လာပေးတယ်။ Ensure ကို အမှန်တိုင်း ပြောရရင် ငယ်ငယ်တုန်းက ကြားဖူးတယ်လေ။  Ensure ဆိုတာ လူကြီးတွေ ဆေးရုံတက်တဲ့အခါ Ensure လေး တိုက်ဆိုပြီး ကြားဖူးတယ်ဆိုတော့ အဲဒီလိုမျိုး သိတာပေါ့ နော်။ ကိုယ်တကယ် အသက်ဘေးနဲ့ ကြုံလာတဲ့အချိန်မှာ Ensure တိုက်ဆိုတော့ စိတ်ထဲမှာတော့ ကိုယ့်ဟာကိုယ် အခြေအနေ   မကောင်းတော့ဘူးလား   မသိဘူးဆိုပြီး ဖြစ်တာပေါ့နော်။ Ensure  တိုက်တယ်ဆိုတဲ့   အဆင့်က နောက်ဆုံးအဆင့်ဆိုတဲ့ လူမျိုးတွေကို တိုက်တာ၊ Ensure ကို ကိုယ်က နည်းနည်းဝေးတော့ စာလုံးပေါင်းကို သိပ်မသိ ဘူး။   ကိုယ့်ဟာကိုယ် စိတ်ထဲကနေပေါင်းတာ Unsure မသေချာတော့လို့    တိုက်တာလို့  ထင်လိုက်သေးတယ်။ အမှန်တော့ အဲဒီလိုမဟုတ်ဘူး Ensure ပေါ့နော်၊ အဲဒီလို မျိုးလေးတွေ   ပြင်ဆင်ပြီးတော့   သောက်သုံးခဲ့တယ်။ အဲဒီလိုမျိုးတွေနဲ့    ဖြတ်သန်းခဲ့တော့   နှစ်ပတ်အတွင်း ပြန်ကောင်းလာပါတယ်။  အဲဒါလေးကို   မျှဝေပေးချင် ပါတယ်။

အစီအစဉ်မှူး ။ ။ အန်ကယ် ဦးအေးသိန်းရှင့်၊ အန်ကယ့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပေါ့စတစ် လူနာအဖြစ် သိရတဲ့အချိန်မှာ ပတ်ဝန်းကျင်ရဲ့ သဘော ထား အမြင်ကိုလည်း ပြောပြပါဦး။

ဦးအေးသိန်း ။ ။ အဲဒီအချိန်ကာလတုန်းက ကျွန်တော် ဖြစ်ပြီဆိုတော့ ဘေးကပတ်ဝန်းကျင် ကြောက်သွားတာပေါ့နော်။   ဆေးရုံသွားတဲ့အချိန်မှာ ရပ်ကွက်ထဲက တစ်ရပ်ကွက်လုံးပဲ လူတွေ ထွက်ကြည့် ကြတာပေါ့နော်။   လာခေါ်တဲ့ကားကလည်းပဲ  လူနာ တင်ယာဉ်၊ PPE ဝတ်စုံတွေဆိုတော့ အထူးအဆန်းတွေ ဖြစ်နေကြတယ်။  ဒါပေမယ့်  သူတို့ အားပေးကြတယ်။ Fighting ဆိုပြီး လက်မထောင်ပြတဲ့သူတို့၊ အားပေးတဲ့ သူတို့ ရှိကြပါတယ်။ ဒါက ပထမအကြိမ်ပဲ ရှိသေးတယ်။

အိမ်ကနေ လာခေါ်သွားတာ၊ Quarantine စင်တာကို ခေါ် သွားတဲ့အချိန်မှာ  လူ ၂၀  ကျော်/ ၃ဝ လောက်မှာ ပေါ့စတစ်ဖြစ်တဲ့လူက  ကျွန်တော်တို့  သုံးယောက်ပဲ ရှိတာဆိုတော့   ကျန်တဲ့လူတွေက   တွန့်သွားတာပေါ့။ အတူနေရာ ကနေပြီး အကုန်လုံး နေရာခွဲလိုက်ကြတော့၊ ကိုယ်က နဂိုကတည်းက ပြင်ဆင်ထားတာ ကျိန်းသေကို ဖြစ်မယ့် လူဆိုတော့ သိပ်ပြဿနာမရှိဘူး။ တချို့ကလည်း မျက်နှာငယ်သွားကြတယ်။ ဒါပေမယ့်  စိုးရိမ်တာ တစ်ခုပဲ ရှိတယ်။  ပတ်ဝန်းကျင်က ပြဿနာကျွန်တော့်အပေါ်မှာ  သိပ်မရှိဘူး။  အိမ်မှာ   ကျွန်တော့်မြေးလေးတွေရှိတော့ ငါဖြစ်ရင် သူတို့ ဘယ်လိုတွေများ   ဖြစ်နေမလဲမသိဘူး   အဲဒါ တစ်ချက်။ နောက်တစ်ခါ ကျွန်တော်က ပါတီမှာ လည်း  ဥက္ကဋ္ဌဖြစ်တော့ ဒီရွေးကောက်ပွဲလည်းနီးတော့   လူတွေအများကြီးနဲ့    စကားပြောပြီး လုပ်ထားတော့ ဒုက္ခပဲပေါ့။ ကျွန်တော့် စိတ်ကို ကျွန်တော် ဖြေယူရတယ်။ ငါ့ကြောင့်ပဲ အကုန်ကူးကုန်ပြီလား၊   ဘာလားညာလား    ပေါ့နော်။ ဒါပေမယ့် နဂိုကတည်းကိုက Mask တွေ တပ် ထားတယ်။ သုံးပေ၊ ခြောက်ပေ အဲဒီလိုတွေနေပြီး အဲဒီလို တွေလုပ်နိုင်ခဲ့တဲ့အတွက် ပြဿနာသိပ်မရှိခဲ့ဘူး။  အဲဒါလေး ကို ကြိုပြီးတော့ လုပ်နိုင်ခဲ့လို့  တော်သေးတယ်လို့  ပြောရ မှာပေါ့။ အများကြီးအကာအကွယ်ရပါတယ်။ Mask တွေ တပ်တယ်။  ခပ်ခွာခွာနေတယ်ပေါ့နော်။    ကျွန်တော်က အများကြီး  တစ်နယ်လုံး စကားပြောဆက်ဆံလာရတော့ တော်တော် စိုးရိမ်မိပါတယ်။ ကျွန်တော်က ဖြစ်တာပါ။ ကျန်တဲ့သူတွေက     ကျွန်တော့်အပေါ်     စိုးရိမ်တဲ့သူ၊  စိတ်မကောင်းတဲ့သူတွေတော့ရှိတယ်။    

အစီအစဉ်မှူး ။ ။ အန်တီခင်ခင်ဦးရှင့်၊ အန်တီအနေနဲ့ ရော  ကိုယ်က  ဒီရောဂါ   ပေါ့စတစ်ဖြစ်ပြီလို့ သိလိုက်ရတဲ့အချိန်မှာ အန်တီရဲ့ စိတ်ခံစားချက် ရယ်၊     နောက်ပြီးတော့     ကျန်းမာရေးဝန်ထမ်းတွေ ရဲ့ စောင့်ရှောက်မှုပေါ့နော်။ အန်တီဆေးရုံတက်ပြီး ဆေးကုသမှုခံယူနေစဉ်ကာလမှာ သူတို့ရဲ့  စောင့်ရှောက်မှု အနေအထားကို ပြောပြပေးပါဦး။

ဒေါ်ခင်ခင်ဦး ။ ။ အန်တီ အဖေအနေအထားက ပေါ့စတစ် ဖြစ်ပြီဆိုတာ     သိလိုက်ရတော့ တအားပြင်ဆင်သွားတယ်။ နောက်ကိုယ့်အဖေ ကလည်း အိပ်ရာပေါ်လဲနေတဲ့သူဖြစ်တဲ့အတွက်ကြောင့်   သုံးယောက်လောက် ကူမှရမယ်။ ခုနကပြောသလို အန်တီ တို့က အားလုံးပေါင်း ၁၀ ယောက် ဖြစ်လိုက်တဲ့အခါကျ တော့ ကိုယ့်ရဲ့  အဖေကို   အန်တီတို့က   သုံးယောက်၊ သုံးယောက်စီပဲ စောင့်နိုင်တယ်။ အန်တီတို့မှာ ဖျားတာ၊  နာတာ ဘာမှမရှိဘူးဆိုတော့ အန်တီတို့က လူကောင်း ပကတိလို လုပ်နိုင်တယ်။ အန်တီက အဲဒီမှာ ဘာကိုယ်ချင်း စာစိတ် ဖြစ်လဲဆိုတော့ သက်ကြီးရွယ်အိုတွေ ရောဂါဖြစ် တဲ့သူတွေ  တစ်ယောက်တည်း  ပက်လက်ကလေး  ရှိနေတယ်။  အဓိကကတော့ ကြောက်စိတ်ပေါ့။  ဗဟုသုတ နည်းတာကိုး။  အန်တီတို့ ညီအစ်မတွေ အဲဒီမှာရလိုက် တာကတော့ လူ့အသက်တော်တော်များများကို ကယ်ခဲ့ နိုင်တယ်။ ကိုယ့်မိဘလို သဘောထားပြီး အညစ်ကြေး တွေကအစ လုပ်ပေးနိုင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ အန်တီတို့ရဲ့ ဆေးရုံတွေမှာက နေရာအခက်အခဲရယ်၊ အောက်ဆီဂျင်  အခက်အခဲရယ်၊ ကျန်းမာရေးဝန်ထမ်း အားနည်းတာရယ်၊  သန့်ရှင်းရေး ဝန်ထမ်းအားနည်းတာ ရယ် အဲဒီလေးခုကို  ကြုံရတယ်။   အဲဒီလိုကြုံရတော့ ကိုယ်နိုင်တာ ကိုယ်လုပ်ပေးမယ်၊ ကိုယ့် အဖေတောင် မသေစေချင်တာ၊ ပတ်ဝန်းကျင်တစ်ခုလုံးလည်း မသေ စေချင်ဘူး။ အဲဒီစိတ်ကလေးနဲ့  အန်တီတို့  ကျော်ဖြတ် ခဲ့တယ်။

ကိုနီတာတို့၊ အန်ကယ်ဦးအေးသိန်းတို့ဖြစ်တဲ့ အချိန်မှာက ဂရုစိုက်မှုတွေ အများကြီးလုပ်ပေးနိုင်သေးတယ်။ အန်တီတို့တွေကျတော့ အခြေအနေအကြောင်းကြောင်း ကြောင့် နေ့စဉ် လူနာ ၅၀၀ နဲ့ ၁၀၀၀ ကြားဖြစ်လာတယ်။ အန်တီတို့ တိုင်းပြည်ရဲ့ အနေအထားအရ ဆေးရုံသွားရင် အခက်အခဲမရှိဘူးလို့  မပြောချင်ဘူး။  ရှိကို ရှိပါတယ်။ ဒါပေမယ့်လည်း ရှိလို့မသွားဘူးဆိုတာမျိုး မလုပ်ပါနဲ့။

ဖျားနေရင် သက်ဆိုင်ရာကျန်းမာရေးဌာနနဲ့ ဆက်သွယ်ပြီး ဒီအခိုက်အတန့်ကို  နည်းနည်းသည်းညည်း ခံပါ။ Swab ယူတာ ဝန်နဲ့အားနဲ့ မမျှတော့ သံသယလူနာ ဆောင်မှာ  နည်းနည်းကြာသွားတာတွေ   ရှိပါတယ်။ အခက်အခဲတွေမရှိဘူး မပြောပါဘူး။ ဒါပေမယ့် ဒါလေး ကို ရင်ဆိုင်ပါ။ ဖျားပြီဆိုတာနဲ့ သက်ဆိုင်ရာကျန်းမာရေး ဌာနကို သွားပါ။ အကူအညီတောင်းပါ။

နောက်တစ်ခုက အန်တီတို့ ဧရာဝတီ ကိုဗစ်ကုသရေး စင်တာကို ရောက်သွားတယ်။ ရောက်သွားတဲ့အချိန်မှာ အလွန်အဆင်ပြေပါတယ်။   စားတာသောက်တာလည်း အချိန်မှန်၊ ဧရာဝတီ စင်တာမှာရှိတဲ့ လူတွေအကုန်လုံး ကို ကျန်းမာရေးစောင့်ရှောက်မှုနဲ့  ကုသပေးတဲ့အဖွဲ့က မော်နီတာ (Monitor) နဲ့ ကြည့်တယ်။ အဲဒါတွေလည်း ကိုယ်က ဝိုင်းလုပ်ပေးတယ်။ နောက်ဆုံး အိမ်သာတွေ၊ ဘာတွေ ဆေးတယ်၊ ကိုယ်က သန့်ရှင်းရေးကို ဦးဆောင် ပြီးလုပ်တဲ့အခါကျတော့ ကလေးတွေလည်း အများကြီး ပါလာကြတယ်။

အန်တီတို့ရဲ့ မြန်မာလူမျိုးတွေရဲ့ ချစ်စရာအကျင့် က သူတစ်ဖက်သားကို   ကူညီတတ်တဲ့  အကျင့်ပါ။   မသိ ချင်ယောင်ဆောင်သူ နည်းနည်းပါးပါးရှိပေမယ့် အများစု က အဲဒီလို ကူညီချင်တဲ့စိတ်ရှိတယ်။ တော်တော် ကူညီ ကြတယ်။ ဒါကြောင့် အန်တီပြောချင်တာက နိုင်ငံတော် ရော၊ သက်ဆိုင်ရာရော လိုလေသေးမရှိအောင် လှူဒါန်းနေ ကြတဲ့ အလှူရှင်တွေ၊ အကုန်လုံးရော၊ မပြည့်စုံတဲ့ကြားက အားဖြည့်ပြီး လုပ်ဆောင်ပေးတဲ့ ကျန်းမာရေးဝန်ထမ်း တွေရော အားလုံးကို ကျေးဇူးတင်ကြောင်း ပြောချင်တယ်။

ပတ်ဝန်းကျင်အနေနဲ့ကျတော့ အန်တီတို့ပတ်ဝန်း ကျင်က အလွန်စိုးရိမ်တယ်။ ဘာလို့လဲဆိုတော့ အသက် (၈၀) အရွယ် အန်အဖေက စကူးတဲ့အတွက် စိုးရိမ် စိတ်ဖြစ်တယ်။   နောက်   အန်တီကိုယ်တိုင်က   သွေး လေးဖက်နာရောဂါသည်၊ ရောဂါအခံရှိတော့ ကိုဗစ်က တိုက်ခိုက်ရ လွယ်ကူတယ်။ ဒါကိုလည်း အန်တီတို့က နိုင်ခဲ့တာပေါ့။ စိုးရိမ်စိတ်နဲ့ ဂရုတစိုက်လုပ်တဲ့  ပတ်ဝန်း ကျင်ကိုလည်း ကြုံခဲ့ရတဲ့အတွက် ကျေးဇူးတင်တယ်။ ပြောချင်တာက  အလွန်ကြီး   ကြောက်စရာမလိုဘူး။ မကြောက်ပါနဲ့။  ဒါကို   စနစ်တကျလေး   ရင်ဆိုင်ပေါ့။  ဗဟုသုတတွေ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက် တွေ လေ့လာထားရမယ်။ မသိရင်လည်း သိတဲ့သူကို မေးရမယ်။  နောက်တစ်ခုက   အလွန်အကျွံကြီးလည်း မရဲပါနဲ့။ အန်တီတို့ဆို Social Distancing ဆိုပေမယ့် အန်တီတို့ဆို  အိမ်ထဲက   စဖြစ်သွားတာ။  တစ်ယောက် နဲ့ တစ်ယောက်ဖြစ်ပုံလေးတွေ   မတူဘူး။   အဲဒါလေး ပြောချင်ပါတယ်။  အားလုံးကို ကျေးဇူးတင်ပါတယ်။ ကိုယ့်လိုပဲ ကျော်ဖြတ်နိုင်ပါစေလို့  ဆုတောင်းပါတယ်။ အန်တီတို့ဆို  ဆိုက်စုံ၊   အရွယ်စုံပြဿနာမျိုးစုံကို ကျော်ဖြတ်ခဲ့တာ။  အောင်နိုင်ခဲ့တယ်။   လေးဖက်နာ သမားတွေကို ပြောချင်တာက မကြောက်ပါနဲ့။  ကိုယ်ခံ အားကောင်းလည်း ကူးချင်ကူးလာနိုင်တာ။ စိတ်ဓာတ် မကျပါနဲ့။ ကျော်ဖြတ်ပါ။ ပတ်ဝန်းကျင်ကလည်း ဂရုစိုက် တဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။

အစီအစဉ်မှူး ။ ။ အန်တီဆိုရင် ဆေးရုံတက်တဲ့အချိန်မှာ လူနာအချင်းချင်းကို    ရိုင်းပင်းကူညီခဲ့တာရှိခဲ့တယ်။ ရှေ့လျှောက်ပြီး အန်တီအနေနဲ့ ကိုဗစ်တိုက်ဖျက်ရေးမှာ ဘယ်လိုများ အတူတကွ ပါဝင် ကူညီဆောင်ရွက်သွားမလဲ ဆိုတာ သိချင်ပါတယ်။

ဒေါ်ခင်ခင်ဦး ။ ။ အန်တီအသက်က  (၅၃ နှစ်) ဖြစ်တဲ့ အတွက်   Volunteer လုပ်ဖို့ကို မရှာတော့ဘူး။ Volunteer လုပ်မယ့်ကလေးတွေကိုတော့ လုပ်ပေးပါလို့ အန်တီက ဖိတ်ခေါ်တယ်။ လုပ်ပေးပါလို့ ဖိတ်ခေါ်တဲ့အခါမှာ သူတို့ရဲ့ မိသားစုစားဝတ်နေရေး ဆိုတာက ရှိသေးတယ်။ ဒီလို တစ်ယောက်တည်းလာတဲ့ သူကို လုပ်ပေးတဲ့အချိန်မှာ သူတို့ကိုလည်း နောက်က ကူညီမယ့်သူ ပေါ်လာပါစေဖို့ အန်စိတ်ကူးမှာ ရှိတယ်။ အန်တီတို့က   မိသားစုအရွယ်မျိုးစုံ   ဖြစ်တာကြောင့် ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ တတ်နိုင်သလောက် ဂရုစိုက်ပေး တယ်။ အသက်ကြီးတဲ့ သူတွေဆိုလည်း တယ်လီဖုန်းနဲ့ စောင့်ရှောက်မှုပေးတယ်။ မနက်မိုးလင်းတာနဲ့ ဘယ်လိုရှိလဲ၊ အဖျားတိုင်းပါပေါ့။ သက်ဆိုင်ရာ ဆရာဝန်နဲ့ စောင့် ရှောက်မှုပေးတာကို လုပ်ပေးတာပေါ့နော်။

ဒုတိယအဆင့်က   အန်တီတို့မိသားစုက     ပိုပြီး ဝမ်းသာဖို့  ကောင်းတာက မိသားစုအများကြီးဖြစ်တဲ့ အတွက် သွေးရည်ကြည် အများကြီးလှူနိုင်တယ်။ ဒါကလည်း ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့အညီ အန်တီတို့ ဘယ်အချိန်၊  ဘယ်လူနာမဆို လှူဖို့အသင့်ရှိပါတယ်။ ပေါ့စတစ် ဖြစ်ပြီးသွား တဲ့ လူနာတွေကိုလည်း လူ့အသက်တွေ  ကယ်တင်ဖို့ သွေးရည်ကြည် လှူကြပါလို့ တိုက်တွန်းချင်ပါတယ်။ အန်တီတို့က အသက်အရွယ်အရ ကျရာတာဝန်၊ နိုင်ရာ တာဝန်ကို ထမ်းဖို့ အဆင်သင့်ပါပဲလို့ ပြောချင်ပါတယ်။

အစီအစဉ်မှူး ။ ။ ကိုနီတာရှင့်။ အစ်ကိုကိုယ်တိုင် ကိုဗစ် ပထမလှိုင်းမှာကတည်းက ကူးစက်ခံထားရတာပေါ့။ အစ်ကို့အနေနဲ့ သွေးရည်ကြည်လှူဒါန်း တာတွေလည်း  လုပ်နေပြီဆိုတော့  ရှေ့ဆက်ပြီးတော့ ကိုဗစ်တိုက်ဖျက်ရေးမှာ တစ်တပ်တစ်အား ဘယ်လိုပါဝင် သွားမလဲ။

ကိုနီတာ ။ ။ အဓိကကတော့ ကျွန်တော်က အနုပညာရှင်ဖြစ်တဲ့အတွက်ကြောင့် အင်တာဗျူးတွေမှာ ဗဟုသုတတွေ မျှဝေပေးတယ်။ ဘယ်မီဒီယာကပဲ မေးမေး  မီဒီယာတိုင်းလိုလိုကို   ဖြေပေးတယ်။  ဒါက ကျွန်တော်တို့ ကြုံတွေ့ခဲ့ရတဲ့ကိစ္စကို မျှဝေပေးချင်တဲ့ စိတ်ကြောင့်ပါ။ နောက်တစ်ခုက တချို့အကြောက်လွန် ကြတယ်။ အကြောက်လွန်တဲ့အတွက်ကြောင့် လုပ်သင့် လုပ်ထိုက်တာ မလုပ်ဘဲ အိမ်မှာ ကျိတ်ကုကြတယ်ပေါ့။ အဲဒီလို  ကျိတ်ကုပြီး ဆုံးပါးသွားတာတွေ ရှိတယ်။ ကျွန်တော့်မိတ်ဆွေထဲမှာတောင် နှစ်ယောက်လောက်ရှိတယ်။ အဲဒီလို ဖြစ်ကုန်တာတွေ မဖြစ်စေချင်ဘူး။

စောစောစီးစီးသိပြီးတော့ ကျန်းမာရေးဝန်ကြီးဌာနကို ဆက်သွယ်ပါ။ ပြီးရင် လိုအပ်ချက်တွေကို ကုသမှုခံယူပါ။ ဒါဆို  အားလုံးအဆင်ပြေသွားမယ်။   နောက်တစ်ခုက ကျွန်တော့် သွေးရည်ကြည်နဲ့ပေါ့။ ကျွန်တော်က နဂ္ဂတစ် (Negative) ထွက်ပြီးတာနဲ့ ၉ ရက်နေ့မှာ ဖောင်ကြီးကို ရောက်သွားတယ်။ ဖောင်ကြီးမှာ  ကွာရင်တင်း (Quar-antine) နှစ်ပတ်နေရသေးတယ်။ ပြီးမှ အိမ်မှာ တစ်ပတ် ထပ်နေရတယ်။ အဲဒီသုံးပတ်ပြီးတာနဲ့ ကျွန်တော့် သွေးအဖြေရလဒ်ထုတ်တယ်။ သွေးအဖြေရော၊  Antibody Level  ပါစစ်ပြီးတော့မှ ကျွန်တော့်ကို သွေးရည်ကြည်လှူဖို့ ခွင့်ပြုလိုက်တယ်။ ကျွန်တော့်သွေးရည်ကြည်ကို စလှူတယ်။ လှူပြီးလို့ တစ်လလောက်အကြာမှာ ကျန်းမာရေး ဝန်ကြီးဌာနက  ကျွန်တော့်ကို   ဆက်သွယ်လာတယ်။ ကိုနီတာတို့ လှူထားတဲ့ သွေးရည်ကြည်နဲ့ လူနာတွေကို ကုသပေးတဲ့အခါ   လူနာကိုးယောက်မှာ    အားလုံးနီးပါး ပြန်ကောင်း ကြတယ်ပေါ့။

အဲဒါနဲ့ ပတ်သက်ပြီး သွေးရည်ကြည်လှူတဲ့ လူနာ တွေကို  ကျန်းမာရေးနှင့်   အားကစားဝန်ကြီးဌာနက နိုင်ငံတော်အဆင့်ဂုဏ်ပြုပွဲ လုပ်ပေးတယ်။ ကျွန်တော်လည်း အံ့သြသွားတယ်။ နိုင်ငံတော်က ကျွန်တော်တို့ကို အသိအမှတ်ပြုတယ်။  ဒီရလဒ်က ပိုကောင်းတယ် ဆိုတာ သိသွားတယ်။  သိသွားတဲ့အတွက်ကြောင့်  လိုအပ်ရင် လှူပါ့မယ်လို့ ကျွန်တော်တို့ ဆက်သွယ် တယ်။ ပထမ အကြိမ် လှူပြီးလို့ လေးလပြည့်တဲ့အချိန်၊ စက်တင်ဘာ ၂၀ ရက်နေ့မှာ ဒုတိယအကြိမ် လှူတယ်။ လှူရတဲ့အတွက်  ဝမ်းသာတယ်။  ကိုဗစ်ပထမလှိုင်းမှာ  ဖြစ်သွားတဲ့ ကျွန်တော်တို့တစ်ဖွဲ့လုံး အကုန်လှူကြ တယ်။ ကျွန်တော် တို့အဖွဲ့မှာ အနုပညာရှင်တွေက များတယ်။ ကိုမျိုးကြီး (အဆိုတော်)တို့လည်း လှူတယ် ဆိုတော့ အားလုံးလည်း သိသွားကြတယ်။ သိသွားတဲ့ အတွက် ပေါ့စတစ်ကနေ နဂ္ဂတစ်ပြန်ဖြစ်သွားတဲ့သူတွေ က သွေးရည်ကြည်လှူဖို့ အတွက်ကို လှူချင်စိတ်တွေ ဖြစ်လာတယ်။ အဲဒီအတွက် လည်း  ဝမ်းသာပါတယ်။ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပြန်ပြီးတော့  တိုင်းပြည် အတွက်၊   လူနာတွေအတွက် တစ်ထောင့်တစ်နေရာ ကနေ ပါဝင်ပေးကြပါလို့ ဒီကနေ ဖိတ်ခေါ်ချင်ပါတယ်။  ဒုတိယအကြိမ် လှူပြီးတဲ့ အခါမှာပဲ တတိယအကြိမ် လှူဖို့ စာရင်းတစ်ခါတည်း ပေးခဲ့တယ်။ ၂၀၂၁ ဇန်နဝါရီ ၂၀ ရက်နေ့ကျရင် တတိယအကြိမ်လှူဖို့ ပြင်ဆင်ထား ပါတယ်။ အားလုံးလှူပေးဖို့လည်း ဖိတ်ခေါ်ပါတယ်။

အစီအစဉ်မှူး ။ ။ အန်ကယ်   ဦးအေးသိန်းရှင့်၊ အန်ကယ်အနေနဲ့ကော   ပေါ့စတစ် ဖြစ်တဲ့လူနာတွေက   များနေပြီဆိုတော့   သူတို့တွေ အတွက် ခွန်အားပြည့်စေမယ့် စကားလေးမျှဝေပေးခဲ့ပါဦး။

ဦးအေးသိန်း ။ ။ အဓိက ကတော့ စောစောက ကျွန်တော်ပြောသလို   မကြောက် ဖို့၊ ကိုယ့်စိတ်ဓာတ်  ကြံ့ခိုင်ဖို့၊ ကိုယ်ကျန်းမာရေးကောင်း အောင်  တာဝန်ယူပြင်ဆင်ထားဖို့၊စည်းကမ်းရှိဖို့၊ နောက်တစ်ခါ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က   ကြေညာထားတဲ့ စည်းကမ်းအတိုင်း နေထိုင်ကြဖို့ ပါ။ တစ်ယောက်ချင်းစီရဲ့ တာဝန်ကျေမှ စုပေါင်းတာဝန် ကျေမယ်။ ဒါမှ  အားလုံးကို   ကျော်ဖြတ်နိုင်မှာပါ။ တစ်ယောက်ယောက်က   စည်းကမ်းမလိုက်နာရင် သူကနေတစ်ဆင့် ပြဿနာတွေက ပွားသွားနိုင်တယ်၊ ရောဂါတွေပြန့်ပွားသွားနိုင်တယ်။ အဓိက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက    ကြေညာထားတဲ့   သတ်မှတ်ထားတဲ့  စည်းကမ်းတွေနဲ့အညီ၊ ပညာပေး ထားတာတွေနဲ့အညီ  တစ်ယောက်ချင်းစီ တာဝန်ယူ မယ်ဆိုရင် စုပေါင်းပြီး အနိုင်ရမှာပါ။

ကျွန်တော်တို့     ပေါ့စတစ်ဖြစ်တဲ့   သူကနေ ပြန်ကောင်းသွားတဲ့သူတွေ သွေးရည်ကြည်လှူတာ ကျွန်တော်လည်း   လှူချင်တာပေါ့။    ဘယ်လို လှူရမှန်းသာ မသိသေးတာ။ အဲဒါကို လှူဖို့အကြောင်း ကြားမယ်ဆိုရင်၊   လှူပါဆိုရင်   လှူဖို့အသင့်ပါပဲ။ ကျွန်တော်ကနေတစ်ဆင့်  ကျွန်တော့်မှာရှိတဲ့ မိတ်ဆွေ တွေကလည်း လှူကြမှာပဲ။ အသိပညာလည်း ရှိကြ ပါတယ်။ တိုင်းပြည်လည်း ချစ်တယ်၊ ပြည်သူလည်း ချစ်တဲ့သူတွေဆိုတော့လေ။   မကြောက်ကြပါနဲ့။ ကျွန်တော်တို့   ဝိုင်းလုပ်ကြရင်   အောင်မြင်မယ်လို့ ပြောချင်ပါတယ်။

ကျွန်တော်တို့  ဒီလို  စစ်ဆေးတဲ့အခါမှာ Positive ဖြစ်ပြီ၊ ပိုးတွေ့ပြီဆိုတဲ့ အခါကျတော့  စိတ်ဓာတ်ကျသွား လို့ မရပါဘူး။  ငါတော့ ပိုးတွေ့ပြီ၊   ရောဂါဖြစ်ပြီဆိုတော့ စိတ်ဓာတ်ကျလို့ မရပါဘူး။ စိတ်ဓာတ်က  ငါဘယ်လို ကျော်ဖြတ်ရမလဲပေါ့နော်။ အဲဒီလို  ကိုယ်တိုင်ကြိုးစားမှ ရမှာပါ။  ကိုယ်ကိုယ်တိုင်ကြိုးစားမှ   အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ အဲဒီဥစ္စာကို တကယ်လည်း ကြိုးစားခဲ့တာပါ။ စိတ်ပိုင်း ဆိုင်ရာကို မြှင့်တင်ပေးမယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်တယ်။  ကိုယ့်ကိုယ်ကိုယ်ပဲ  အားကိုးမယ်။  ဘယ်လို နေမယ်၊ ဘယ်လိုထိုင်မယ်၊ ဘယ်လိုစားမယ်၊ ဘယ်လို သောက်မယ်ပေါ့။   ကျန်းမာရေးနှင့်   အားကစားဝန်ကြီး ဌာနက ညွှန်ကြားထားတဲ့အတိုင်း  လိုက်နာပြုကျင့် နေထိုင်တယ်။ ကိုယ်တိုင်လည်း အာဟာရပြည့်အောင် ဘယ်လိုစားသောက်ရင် ကောင်းမလဲ၊ နေထိုင်မကောင်း မဖြစ်အောင်   ဘယ်လိုနေထိုင်ရင်   ကောင်းမလဲ၊  ကိုယ်တိုင်ကြိုးစားမှ   ဒီကိစ္စကြီးကို  အောင်မြင်မှာ ဖြစ်ပါတယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။

အစီအစဉ်မှူး ။ ။ ယခုအစီအစဉ်မှာ ပါဝင်သူ အားလုံးရဲ့  မေးမြန်းဖြေကြားမှုများ၊ ပြောစကားများ၊ အားပေးမှုများအရ ဖတ်ရှုနေကြ သူများ၊ ကိုဗစ် - ၁၉ ရောဂါခံစားနေရသူများနဲ့ မိသားစု များ အားလုံးစိတ်ဓာတ်ခွန်အားများစွာ ရရှိနိုင်မယ်လို့ ယုံကြည်မိပါတယ်။  အားလုံးကို   အထူးကျေးဇူးတင် ပါတယ်။