ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး မြန်မာ့စီးပွားရေးဘဏ် မွန်ပြည်နယ်ရုံးနှင့်  ဘဏ်ခွဲ(၁)(၂) တို့အား ပိုးသတ်ဆေးပက်ဖျန်း

မော်လမြိုင်  ၄   ဧပြီ

 

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ် မွန်ပြည်နယ်ရုံးနှင့် ဘဏ်ခွဲ(၁)၊ (၂)တို့အား ပိုးသတ်ဆေးပက်ဖျန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မြန်မာ့စီးပွားရေးဘဏ် မွန်ပြည်နယ်ရုံးအား ပိုးသတ်ဆေးဖျန်းခြင်းကို မွန်ပြည်နယ် မီးသတ်ဦးစီးဌာနမှ ဧပြီ ၃ ရက် ညနေပိုင်းက ဆောင်ရွက်ခဲ့ပြီး ဘဏ်ခွဲ(၁)(၂)အား ဒုတိယအကြိမ် ပိုးသတ်ဆေးဖျန်းခြင်းကို ယနေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့ အမှတ်(၆) အဆင့်မြင့်ဆက်သွယ်မှုတပ်ရင်းမှ ဗိုလ်မှူး ရန်နောင်ဦးနှင့် အဖွဲ့များက လာရောက် ပက်ဖျန်းခဲ့ကြသည်။

 

မွန်ပြည်နယ်အတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် ပိုးသတ်ဆေးဖျန်းခြင်းအပြင် ပင်စင်လစာ ထုတ်ယူကြသည့် အငြိမ်းစားဝန်ထမ်းများ၊ ဘဏ်နှင့် ဆက်သွယ်သူများ၊ ငွေသွင်း/ငွေထုတ် လာရောက်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်း တို့ကို အစိုးရရုံးဖွင့်ရက်များတွင် ဆောင်ရွက်ပေးလျက်ရှိပြီး ဘဏ်အဝင်ဝတွင် လက်များသန့်စင်စွာ ဆေးကြောနိုင်ရန် အတွက် လက်ဆေးဆပ်ပြာရည်နှင့် လက်ဆေးဘေစင်များကိုလည်း ထားရှိဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ဝေလင်း(ပြန်/ဆက်)