ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကုသရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

ဟိုပန်   စက်တင်ဘာ  ၁၇

           

ဟိုပန်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးညီနပ်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များက ယနေ့ နံနက်(၉)နာရီက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

           

ရှေးဦးစွာ ဟိုပန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါအရေးပေါ်လူနာများအား ကုသမှုပေးနိုင်ရန်အတွက် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ရန်ပုံငွေ ကျပ်သိန်း(၇၀) ဖြင့် ဆောင်ရွက် ပြီးစီးပြီးဖြစ်သည့် အောက်ဆီဂျင်ပိုက်လိုင်းများ သွယ်တန်းထားရှိမှုအခြေအနေ၊ ကိုဗစ်-၁၉ရောဂါ အရေးပေါ်လူနာများ သီးသန့်ထားရှိကုသမည့် အခန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာပြည့်ကိုကိုက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ အားရှင်းလင်းတင်ပြခဲ့သည်။           

           

ဆက်လက်၍ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌနှင့်အဖွဲ့ဝင်များသည် ဝဏ္ဏကျော်ထင် စဝ်ခွန်ဆမ်ခန်းမသို့သွားရောက်၍ ကိုဗစ်-၁၉ရောဂါလူနာများထားရှိကုသမှုပေးနိုင် ရန် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။ ဝဏ္ဏကျော်ထင်စဝ်ခွန်ဆမ်ခန်းမတွင် အခြားဒေသမှ ဟိုပန်မြို့သို့ ပြန်လည်ဝင် ရောက်မည့် ဒေသခံပြည်သူများ၊ မြို့နယ်တွင်းရှိ ကိုဗစ်-၁၉ ရောဂါသံသယလူနာများအား RDT(Test kit) ဖြင့်စစ်ဆေး၍ ရောဂါတွေ့ရှိသူများကို ထားရှိကုသပေးသွားမည်ဖြစ်ကာ ယခင်က ၄၂ ဦးသာ ထားရှိ ကုသမှုပေးနိုင်ခဲ့သော်လည်း ယခုအခါ (၇၂)ဦးထိ ထားရှိကုသမှုပေးနိုင်မည်ဖြစ်သည်။

 

ထို့နောက် ဉက္ကဌနှင့်အဖွဲ့သည် ဟိုပန်မြို့မအားကစားကွင်းသို့ သွားရောက်၍ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ များထားရှိမှုအခြေအနေအား သွားရောက်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

 

                                                                                                                       

ခရိုင်(ပြန်/ဆက်)