ကိုဗစ်အလွန်ကာလတွင် စကျင်ကျောက်ဈေးနှုန်းများ တစ်ပြေးညီဖြစ်စေရန် စကျင်လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းသွားမည်

မန္တလေး ၂၆ ဇန်နဝါရီ

ကိုဗစ်အလွန်ကာလတွင် ကျောက်ဆစ်လုပ်ငန်းပြုလုပ်နေသူများအား စကျင်ကျောက်ဈေးနှုန်းများ တစ်ပြေးညီ ရောင်းချပေးနိုင်ရေးအတွက် စကျင်လုပ်ငန်းရှင်များအသင်းကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စကျင်လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းသွားရန်အတွက် လုပ်ငန်းရှင်များမှ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီးဖြစ်ကြောင်း၊ ဖွဲ့စည်းရာတွင်လည်း အနည်းဆုံးဦးရေ ၂၀ ကျော်ဖြင့် စတင်ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း၊ ဖွဲ့စည်းရာ၌ ဆင့်တက်ပြုပြင်ခြင်းလုပ်ငန်း မှတ်ပုံတင်ရှိပြီးသူများဖြင့် စတင်ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း၊ ထိုအသင်းများဖွဲ့စည်းပြီးပါက စကျင်ကျောက်များရောင်းချရာတွင် ဈေးနှုန်းများကို တစ်ပြေးညီ ဖြစ်စေရန် ရောင်းချပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

"စကျင်ကျောက်ဈေးနှုန်းတွေ တစ်ပြေးညီဖြစ်စေဖို့ ကိုဗစ်အလွန်ကာလမှာ စကျင်လုပ်ငန်းရှင်များအသင်းကို ဖွဲ့စည်းသွားမှာပါ။ လက်ရှိကို ဗစ်ကာလမှာတော့ အွန်လိုင်းကနေ အရောင်းအဝယ်တွေဖြစ်ကြပါတယ်။ အရောင်းအဝယ်ဖြစ်ကြပေမယ့်လည်း တစ်ချို့မှာလိုက်တဲ့အော်ဒါတွေမှာ အခက်အခဲဖြစ်နေတာလေးတွေ ရှိတာတွေ့ရပါတယ်။ အသင်းဖွဲ့စည်းပြီးသွားရင် ဒီလိုအခက်အခဲတွေ မဖြစ်ပေါ်အောင် ဆောင်ရွက်သွားမှာပါ။ အသင်းဖွဲ့စည်းမယ်ဆိုရင် အဖွဲ့ဝင်တွေက ဆင့်တက်လုပ်ငန်း မှတ်ပုံတင်ရှိရပါမယ်။ လုပ်ငန်းမှတ်ပုံတင်မထားသူကို အသင်းထဲမှာ အပါမခံသေးပါဘူး။ လုပ်ငန်းမှတ်ပုံတင် ပြုလုပ်ပြီးမှ အသင်းဖွဲ့စည်းပေးသွားမှာပါ။ လက်ရှိမှာ လုပ်ငန်းမှတ်ပုံတင်ရှိတဲ့ ဆင့်တက်လုပ်ငန်းရှင်က ၆၀ ကျော်ရှိတယ်။ ကျွန်တော်တို့ စကျင်ရွာမှာ စကျင်ကျောက်ထုတ်လုပ်ပြီး ဘုရားဆင်းတုတော်တွေထုဆစ်တဲ့ ကျောက်တဲပေါင်း ၃၀၀ ကျော်ရှိတယ်။ ဆင့်တက်လုပ်ငန်းရှင်တွေအနေနဲ့ မှတ်ပုံတင်ပြီးလုပ်ကြဖို့ပါ" ဟု  မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် စကျင်ကျေးရွာမှ ကျောက်စစ်လုပ်ငန်းရှင် ဦးစိုးဝင်းက ပြောသည်။

အဆိုပါ အသင်းဖွဲ့စည်းပြီးပါက ခရီးသွားလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာစေရန် ခရီးသွားများနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စကျင်ကျေးရွာတွင်တည်ရှိနေသည့် သွားရောက်လည်ပတ်နိုင်သည့် နေရာများစွာနှင့် ရှေးဟောင်းသမိုင်းဝင်လက်ရာများစွာကိုလည်း လေ့လာကြည့်ရှုနိုင်ကြောင်း၊ စကျင်ကျေးရွာသို့ လာရောက်လည်ပတ်ကြမည့် ခရီးသွားများအတွက် ၎င်းတို့သွားရောက်လည်ပတ်လိုသည့် နေရာများကို လိုက်ပါကူညီပို့ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ စကျင်လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းသွားရန်အတွက် အသင်းအဖွဲ့များဆိုင်ရာ မှတ်ပုံတင်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ တင်ပြလျှောက်ထား၍ ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

မင်းထက်အောင်(မန်းကိုယ်ပွား)