ကိုဗစ်အလွန်မှာ ဘာတွေ တွေ့လာရနိုင်သလဲ

ခင်မောင်ညို(ဘောဂဗေဒ)

 

ကိုဗစ်အလွန်ကာလမှာ ဘာတွေဖြစ်လာနိုင်သလဲ။ စီးပွားရေးလုပ်ငန်းတွေ ဘယ်လိုပြောင်းလဲသွားနိုင်သလဲ ဆိုတာ အိမ်နီးချင်းနိုင်ငံမှ သုတေသီတစ်ယောက်က ခုလို ကြိုတင်တွက်ဆထားတာ တွေ့ရပါတယ်။

 

သေချာပေါက်ပြောနိုင်တာက အခုအချိန်မှာ ပုံမှန် လို့ ပြောနေတာတွေအများစုကို တွေ့ကြရမှာမဟုတ်ဘူး။ အသစ်တွေတွေ့ရမယ်။ ဒါကြောင့် ပုံမှန်အသစ် (New Normal) ကို တွေ့ကြုံရမယ်လို့ ပြောကြတယ်။ ဖောက်သည်တွေရဲ့ ဝယ်ပုံဝယ်နည်းတွေ ပြောင်းလဲသွားမယ်။ ဒီလိုဆိုရင် စီးပွားရေးလုပ်ငန်းတွေရဲ့ လုပ်ပုံကိုင်ပုံတွေလည်း လိုက်ပြီး ပြောင်းလဲရမှာအမှန်ပါ။ ဒီကပ်ရောဂါကို ကာကွယ်ဖို့နဲ့ ဖြေရှင်းဖို့ ကြိုးစားရင်းနဲ့ ဖောက်သည်တွေ စားသုံးသူတွေရဲ့ အလေ့အထတွေ ပြောင်းလဲသွားကြမယ်။ ဒါကိုပဲ ပုံမှန်အခြေအနေသစ်လို့ ခေါ်တာပါ။

 

၁။ ကမ္ဘာကြီးကို နည်းပညာက အဓိကမောင်းနှင်မယ်။

စားသုံးသူတွေရဲ့ အပြောင်းအလဲနဲ့ လိုက်လျော ညီထွေပြောင်းလဲခြင်း မလုပ်နိုင်တဲ့ လုပ်ငန်းတွေ ဒုက္ခ ရောက်မယ်။ တချို့ဆိုရပ်ဆိုင်းသွားနိုင်တယ်။ အွန်လိုင်းက စာသင်တာမျိုးတွေ ပိုခေတ်စားလာမယ်။ လူတွေရဲ့ လုပ်အားအစား နည်းပညာတွေ စက်ရုပ်တွေက လုပ်ငန်းအတော်များများမှာ ဝင်ရောက်အစားထိုး နေရာယူကြမယ်။ အလျင်အမြန် ပြောင်းလဲနေတဲ့ ကမ္ဘာကြီးကိုအမီလိုက်ဖို့က နည်းပညာတွေကို ပိုပြီးအားကိုးရမယ်။ နည်းပညာက လူ့လုပ်အားကို အစားထိုးရုံသာမက လုပ်သားအရေအတွက်တွေကိုပါ လျှော့ချလာနိုင်တယ်။ အိမ်မှာနေပြီး အလုပ်လုပ်လို့ရတဲ့ အတွေ့အကြုံကြောင့် တကယ်တမ်းအလုပ်ခွင်ထဲမှာ လုပ်သားဘယ်လောက် ရှိရင်ဖြစ်တယ်ဆိုတာ ပြန်ပြီးချိန်ဆလာ နိုင်တယ်။ လုပ်သားတွေ လျှော့ချလာနိုင်တယ်။

 

၂။ အွန်လိုင်းကနေ အင်တာနက်သုံးရောင်းဝယ်မှုတွေ ပိုများလာနိုင်တယ်။

ကိုဗစ်အကျပ်အတည်းကြောင့် စားသုံးသူတွေရဲ့ ဝယ်ယူတဲ့အလေ့အထတွေ ပြောင်းလဲသွားနိုင်တယ်။ ပုံမှန်အခြေအနေ သစ်နဲ့ အသားကျလာနိုင်တယ်။ နည်းပညာကြောင့် ထုတ်လုပ်သူနဲ့ နောက်ဆုံး စားသုံးသူတို့ ကြားခံအနည်းဆုံးနဲ့ ဆက်သွယ်လာနိုင်တယ်။ လယ်ကွက်ကနေ ထမင်းစားစားပွဲအရောက် ချိတ်ဆက်တာမျိုးတွေ လုပ်လာနိုင်တယ်။ ကြားခံလူတွေက ခါတိုင်းလို အရေးမပါတော့ဘူး။ အွန်လိုင်းကနေ တောက်လျှောက် တိုက်ရိုက်ရောင်းကြဝယ်ကြတာတွေ ပိုများလာမယ်။ ဖေ့စ်ဘွတ်လို လူမှုကွန်ရက်တွေမှာတင်ပြီး ကြော်ငြာတာတွေ ပိုများလာမယ်။ ကိုယ့်ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု အကြောင်း သတင်းအချက်အလက်အပြည့်အစုံပေးတာတွေ ပိုများလာနိုင်တယ်။

 

ရေတိုကာလမှာအရောင်းနဲ့ ဝယ်အားအသစ်မကိုက်ညီ သေးမီပျက်စီးလွယ်ပြီး သိမ်းဆည်းရတာခက်တဲ့ အသား ငါးတို့၊ ဟင်းသီးဟင်းရွက်တို့ကို ဝယ်ယူသိမ်းဆည်းတာ၊ ကြာရှည်ခံအောင်လုပ်တာ၊ ထပ်ပြီး အချောကိုင်ဖို့လုပ်တာတွေ လျော့နိုင်တယ်။ စားသုံးသူတွေဘက်က ပိုပြီးအင်အားကောင်းလာနိုင်တယ်။ ထုတ်လုပ်သူတွေက စားသုံးသူတွေရဲ့ အကြိုက်နဲ့ ကိုက်အောင် ပိုကြိုးစား အားထုတ်လာကြ လိမ့်မယ်။ အိမ်အရောက်ပို့တာတွေပိုပြီး ခေတ်စား လာနိုင်တယ်။ ထပ်ပြီးပြင်ဆင်စရာ လုပ်စရာမလိုတဲ့ အစားအစာတွေကို လူတွေပိုပြီးသဘောကျလာမယ်။

 

၃။ ချွေတာချင့်ချိန်ပြီးမှ ဈေးဝယ်လာကြမယ်။

စီးပွားရေးအခြေအနေ သိပ်မကောင်းကြတာရယ်၊ ကပ်ဖြစ်နေတဲ့အချိန်မှာ ဘယ်ဟာက တကယ်လိုအပ်တယ် ဘယ်ဟာတွေကတော့ အပိုတွေမရှိရင်လည်း ဖြစ်တဲ့ဟာတွေ ဆိုတာ သဘောပေါက်လာလို့ရယ် သေသေချာချာစဉ်းစား ပြီးမှဝယ်ကြခြမ်းကြ လုပ်လာမယ်။ စိတ်ခံစားချက်တွေ၊ စိတ်အလိုလိုက်ဝယ်တာတွေ လျော့လာနိုင်တယ်။ လှလို့ ပေးဝယ်တာမျိုးမဟုတ်ဘဲ နေဖို့အတွက် အိမ်ဝယ်တာမျိုး ဖြစ်လာမယ်။ ဇိမ်ခံပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေဝယ်တာ လျှော့ပြီး ချွေတာစုဆောင်းမှုတွေ ပိုလုပ်လာကြမယ်။ တန်ဖိုးကြီးလက်ဝတ်ရတနာဝယ်တာ ဈေးကြီးတဲ့ဆိုင်တွေ သွားစားတာမျိုးတွေ လျော့လာမယ်။ ကိုဗစ်အကျပ်အတည်းကြောင့် ခြေချုပ်မိနေကြလို့ပြီးရင် ခရီးသွားလိုက်ဦးမယ်လို့ ကြုံးဝါးနေကြပေမယ့် စီးပွားရေးမကောင်းရင်သွားနိုင်ကြပါ့မလား။ ဒါကြောင့် ခရီးသွားလုပ်ငန်းနဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်းတွေအပေါ် အကျိုးသက်ရောက်မှုတွေ ရှိနိုင်တယ်။

 

ဒါပေမယ့် အသစ်အဆန်းဖြစ်တယ်လို့ ထင်ရအောင် လုပ်နိုင်ရင် ပေးရတဲ့ငွေနဲ့တန်တယ်လို့ ထင်ရတဲ့လုပ်ငန်းတွေ အဆင်ပြေနိုင်တယ်။ လုပ်ငန်းရှင်သန်ရပ်တည်နိုင်မယ်။

 

၄။ လမ်းညွှန်ချက်တွေနဲ့အတူ အများပြည်သူက ပိုးမွှားကင်းစင်ရေးကို ပိုပြီးဂရုစိုက်လာကြမယ်။

အနာဂတ်မှာ နောက်ထပ်ရောဂါဖြစ်ပွားတာမျိုးတွေမကြုံတွေ့ရလေအောင် ပိုးမွှားတွေဖော်ထုတ်တားဆီးတဲ့ နည်းလမ်းတွေ ပိုမိုအသုံးပြုလာလိမ့်မယ်။ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေ၊ ခရီးသွားလုပ်ငန်းနဲ့ နိုင်ငံတကာ လေကြောင်းတွေမှာ သန့်ရှင်းအောင်၊ ပိုးမွှားကင်းစင် အောင် ပိုပြီးကြိုးစားအားထုတ်လာကြလိမ့်မယ်။ ပိုပြီး တော့လည်း သန့်ရှင်းလာကြလိမ့်မယ်။ အများပြည်သူစုဝေးရာ ဇာတ်ရုံလို နေရာမျိုးတွေမှာ ကျန်းမာရေးကို အထောက်အကူ ဖြစ်စေတဲ့ နည်းလမ်းအသစ်တွေ ပိုပြီးကျင့်သုံးလာကြမယ်။

 

၅။ ဝန်ဆောင်မှုလုပ်ငန်းတွေဟာ ပိုပြီးပုဂ္ဂလိက ဆန်လာမယ်။

မလိုအပ်ဘဲလူများများ တရုန်းရုန်းနဲ့စုဝေးတာမျိုးတွေ မဖြစ်ရအောင် လုပ်လာကြမယ်။ အလှပြင်တာတွေ၊ အနှိပ်ခန်းတွေနဲ့ အလှပြင်ခန်းတွေမှာ ကြိုတင်ချိန်းဆိုပြီး အချိန်ခွဲခြား ဝန်ဆောင်မှုပေးတာတွေ ဖြစ်ပေါ်လာနိုင် တယ်။ ခေတ်မီနည်းပညာတွေကို ပိုပြီးအသုံးပြုလာမယ်။

 

ဒါတွေက သူတို့ရဲ့ တွက်ကိန်းတွေပါ။ သူတိုနဲ့ထပ်တူထပ်မျှ မတူညီနိုင်ပေမယ့် ကျွန်တော်တို့ဆီမှာလည်း ပြောင်းလဲမှုတွေ ပေါ်ပေါက်နိုင်ပါတယ်။ ဘယ်လိုပြောင်းလဲနိုင်သလဲ၊ ဘယ်လိုပြောင်းလဲကြမလဲဆိုတာ ကြိုတင်စဉ်းစား ချင့်ချိန်ဖို့သင့်ပါတယ်။

 

လူတွေအနေနဲ့ပြောရရင် တစ်ဖက်မှာက အလုပ်သမား ဝန်ထမ်းဖြစ်နေပြီး တစ်ဖက်ကလည်း စားသုံးသူ ဖြစ်နေပါတယ်။ ဝန်ထမ်းနဲ့စားသုံးသူဆိုတာကလည်း ဆက်စပ်နေတာပါ။

 

ဝန်ထမ်းဘဝ အပြောင်းအလဲတွေကနေ စားသုံးသူရဲ့ဘဝကို ပြောင်းလဲစေနိုင်ပါတယ်။ ပြောင်းလဲရာမှာ စားသုံးသူ အနေနဲ့ရော အလုပ်လုပ်သူအနေနဲ့ပါ နှစ်ဘဝစလုံး ပြောင်းလဲသွားတယ်လို့ ဆိုရပါမယ်။

 

ကျွန်တော်တို့က တစ်ယောက်ချင်းအနေနဲ့ပဲဖြစ်ဖြစ်၊ လုပ်ငန်းတစ်ခုအနေနဲ့ဖြစ်ဖြစ် ဘယ်လောက် ပြောင်းလဲကြမလဲ၊ ဘာတွေပြင်ဆင်ထားကြရမလဲဆိုတာက ကျွန်တော်တို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်ပါလိမ့်မယ်။   ။