ကိုဗစ်စီးပွားရေး ကုစားမှုအစီအစဉ်အရ မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းများ ဆောင်ရွက်နိုင်ရေး၊ စိုက်ပျိုးရေ ပေးဝေနိုင်ရေးတို့အတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

မင်းဘူး   ၄   ဇူလိုင်       

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ကိုဗစ်စီးပွားရေး ကုစားမှုအစီအစဉ် Covid-19 Economic Relife Plan (CERP)အရ တောင်သူများအနေဖြင့် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများ ဆောင်ရွက်နိုင်ရေး၊ စိုက်ပျိုးရေ ပေးဝေနိုင်ရေးတို့အတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဥယျာဉ်ဇင် ကျေးရွာရှိ သိမ်ကုန်းနည်းပညာ ပြန့်ပွားရေးစင်တာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းမှ တွေ့ဆုံဆွေးနွေးရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီးနောက် ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်နီလာမော်မှ ရာသီဥတု အခြေနေအရ ဆောင်ရွက်သင့်သည့် မိုးစပါးစိုက်ပျိုးနည်းစနစ်များအကြောင်းနှင့် ကိုဗစ်စီးပွားရေး ကုစားမှုအစီအစဉ် Covid-19 Economic Relife Plan (CERP)အရ  ၂၀၂၀ ပြည့်နှစ်တွင် မိုးစပါးမျိုးစေ့ထုတ်ဧကများ ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့် မျိုးစေ့ထုတ်ပေးထားရှိမှု အခြေအနေများကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့သည်။

 

ထို့နောက် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်အုံးမှ မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသော ရာသီဥတုနှင့် မိုးရွာသွန်းမှုအခြေအနေများနှင့် လတ်တလော တိုင်းထွာရရှိချက် အဖြေများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်ဇော်သိန်းမှ ရေလွှဲဆည်များနှင့် မန်းချောင်း ရေလှောင်တမံများအတွင်း လက်ရှိဆည်ရေဝင်ရောက်မှု အခြေအနေနှင့် ဆည်ရေ ပေးဝေမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်၍ တက်ရောက်လာသော တောင်သူများမှ မိမိတို့ဒေသအတွင်း ဆည်ရေ ပေးဝေနိုင်မှု မလုံလောက်၍ စပါးပျိုးထောင်ရက်များနောက်ကျနေကြောင်း၊ နှစ်စဉ်စိုက်ပျိုးရေ အခက်အခဲ မရှိစေရန် နိုင်ငံတော်အဆင့်တင်ပြပြီး ဆည်မြောင်းတာတမံများကို ပြုပြင်ပေးစေလိုကြောင်း၊ မင်းဘူး(စကု) မြို့နယ်အနေဖြင့် စပါးအခြောက်ခံစက် ထားရှိပေးစေလိုကြောင်း၊ ယခုကဲ့သို့ ဆည်ရေအခက်အခဲဖြစ်ပေါ်ပါက မန်းချောင်းအတွင်းမှ ရေတင်စက်များဖြင့် စိုက်ပျိုး ရေရရှိနိုင်ရေး စီစဉ်ပေးစေလိုကြောင်း၊ စက်ရေတွင်းများတူးဖော်၍ မြေအောက်ရေးသွင်း စိုက်ပျိုးနေရသည့်အတွက် စိုက်ပျိုးစရိတ်နှစ်ဆခန့် ကုန်ကျနေမှုများလည်းရှိကြောင်း စသည့် အချက်များကို တက်ရောက် တောင်သူဦးကြီးများက အသီးသီးဆွေးနွေးတင်ပြခဲ့ကြသည်။

 

အဆိုပါတင်ပြ ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက် တင်ပြပေးမည့် အချက်များနှင့် လုပ်ဆောင်ပေးနိုင်မည့် အချက်များကို ပြန်လည်ဖြေရှင်း ဆွေးနွေးခဲ့ကြသည်။ ၎င်းတွေ့ဆုံဆွေးနွေပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စာလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။    

ခရိုင်(ပြန်/ဆက်)