ကိုဗစ်ကာလ ဆင်စခန်းများပိတ်ထားရသည့်အတွက် ဝန်ထမ်းများ ဝင်ငွေရရှိစေရန် ဝါးလက်မှုပညာရပ်များ သင်ကြားပေး

မန္တလေး ၃၀ နိုဝင်ဘာ  

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ဆင်စခန်းများ ပိတ်ထားရသည့်အတွက် ဝန်ထမ်းများ ဝင်ငွေများရရှိစေရန် ဝါးလက်မှုပညာရပ်များ သင်ကြားပေးနေကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းမှ ဝါးနက်ဆင်စခန်းနှင့် ဒီးဒုတ်ဆင်စခန်းတို့၏ ထိန်းသိမ်းရေးတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးတင်ကျော်မိုးထံမှ သိရသည်။ 

ကိုဗစ် - ၁၉  ရောဂါဖြစ်ပွားနေသည့်ကာလ ဆင်စခန်းသို့ လာရောက်လည်ပတ်သည့် ပြင်ပဧည့်သည်များကို ဝင်ရောက်ခွင့်မပြုဘဲ ဆင်ဦးစီးများနှင့် ဆင်ထိန်းများ တစ်ဖက်တစ်လမ်းမှ ဝင်ငွေများ ရရှိစေရန်အတွက် ဝါးလက်မှုပညာရပ်များကို သင်ကြားပေးနေကြောင်း၊ ထိုသို့ သင်ကြားပေးပြီးနောက် ၎င်းတို့၏တစ်ရက် ဝင်ငွေမှာ လက်ရှိတွင် ၅၀၀၀ မှ ၆၀၀၀ ကျပ် ရရှိနေကြောင်း သိရသည်။

“ကိုဗစ်ကာလမှာ ဆင်စခန်းတွေ ပိတ်ထားရတဲ့အတွက် ဆင်ဦးစီးတွေနဲ့ ဆင်ထိန်းတွေ အားလပ်နေတဲ့အချိန်မှာ ဝင်ငွေတစ်ခုရရှိစေဖို့ ရည်ရွယ်ပြီး ဝါးလက်မှုပညာများ သင်ကြားပေးနေတာပါ။ ခုလိုအချိန်မှာ ထိုင်နေမယ့်အစား ဝါးကုလားထိုင် လုပ်မယ်ဆိုရင် သူတို့အနေနဲ့ တစ်ခုံကို ၄၅၀၀ ကျပ်ကနေ ၆၀၀၀ ကျပ်အထိ အသီးသီး ရောင်းရပါတယ်။ သူတို့အတွက် တစ်ရက်ကိုဝင်ငွေ ၅၀၀၀၊ ၆၀၀၀ ကျပ်လောက်ရရှိပါတယ်။ ကိုဗစ်ကာလဖြစ်နေတော့ ရှေ့ဆက်သွားဖို့ အခက်အခဲဖြစ်နေပါတယ်။ ကိုဗစ်အလွန်မှာတော့ ဝါးကိုအဆင့်မြင့်ထုတ်ကုန် ထုတ်လုပ်နိုင်အောင် ပြင်ဆင်ထားပါတယ်။ ယခုချိန်မှာလည်း ထိုက်သင့်သလောက်ဝင်ငွေ ရရှိနေပါပြီ” ဟု ၎င်းကရှင်းပြသည်။

ဝါးကိုအခြေခံပြီးပြုလုပ်ထားသည့် ဝါးကုလားထိုင်၊ ဝါးယက်တောင်၊ ဝါးစားပွဲ၊ ဝါးကုလားထိုင်၊ ဝါးကုတင်၊ ကုလားထိုင်စတီအမြင့်များ ပြုလုပ်ပြီး ရောင်းချပေးနေကြောင်း၊ နောက်ပိုင်းကာလများတွင် ဝါးလုပ်ငန်းရှင်များ၊ ကြိမ်လုပ်ငန်းရှင်အသင်းများနှင့် ချိတ်ဆက်ပြီး အဆင့်မြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ဆောင်ရွက်မှုများရှိနေကြောင်း၊ ထုတ်လုပ်နိုင်ရန်အတွက်လည်း ကုမ္ပဏီတစ်ခုမှ ကူညီပံ့ပိုးမှုများ ပေးသွားမည်ဖြစ်ကြောင်း၊ ယခုပြုလုပ်နေသည့် ဝါးလက်မှုထုတ်ကုန်များကို ဆင်စခန်းရှိ ဝန်ထမ်းများသာမကပဲ မန္တလေးမြို့ အနီးဝန်းကျင်ရှိ စိတ်ပါဝင်စားသူများကိုလည်း ဝါးနှင့်ပတ်သက်သည့် ပညာရပ်များ လာရောက်သင်ကြားနိုင်စေရန်  ပြင်ဆင်နေကြောင်းလည်း သိရသည်။ 

မင်းထက်အောင်(မန်းကိုယ်ပွား)