ကိုဗစ်ကာလအတွင်း ပြင်ဦးလွင်မြို့ရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်သားရှားပါးမှုများ ကြုံတွေ့နေ

မန္တလေး ၅ ဇူလိုင်

 

ပြင်ဦးလွင်မြို့ရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် ကိုဗစ်ကာလအတွင်း လုပ်သားရှားပါးမှုများ ကြုံတွေ့နေရကြောင်း ပြင်ဦးလွင်မြို့ရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။

 

ကိုဗစ်ကာလအတွင်း အသွားအလာ ကန့်သတ်ထားမှုကြောင့် လုပ်သားခေါ်ယူ၍မရခြင်း၊ အခြားဒေသမှ လုပ်သားများ လာရောက်မှုနည်းခြင်း၊ ကိုဗစ်မဖြစ်ခင်ကာလက မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ စသည့်ဒေသများမှ လာရောက်သည့် လုပ်သားများရှိပြီး ယခု ကိုဗစ်ကာလတွင် သွားလာမှု ကန့်သတ်ထားခြင်းများရှိသည့်အတွက် ယခင်ကထက် လုပ်သားနည်းပါးသွားကြောင်း သိရသည်။

 

စိုက်ပျိုးရေးမှာ အချိန်မီလုပ်ရမယ့် အရာတွေရှိတယ်၊ ဒီအချိန်မှာ ရိတ်သိမ်း၊ ခူးဆွတ်ရမယ် ဆိုတဲ့အခါ လုပ်သားက လိုအပ်လာတယ်၊ ကိုယ့်မှာရှိတဲ့ မိသားစုနဲ့လုပ်ရတော့ ဦးစားပေးလုပ်ရမယ့် အလုပ်တွေ မလုပ်နိုင်တော့ဘူးပေါ့ ဟု စိုက်ပျိုးရေးတောင်သူတစ်ဦးဖြစ်သူ ဦးထွန်းထွန်းညွန့်က ပြောသည်။

 

လုပ်သားရှားပါးလာတဲ့အတွက် လုပ်အားခပိုပေးရခြင်းများ ရှိလာသည်ဟု သိရသည်။ ယခင်က အမျိုးသား လုပ်သားတစ်ဦးကို တစ်ရက် ၈၀ဝ၀ ကျပ်နှုန်းခန့်ပေးရပြီး ယခုအခါ ကျပ် ၁၀ဝ၀ဝ ကျော်ခန့် ပေးနေရကြောင်း သိရသည်။

 

လုပ်သားရှားပါးပြီး လုပ်အားခများပိုပေးရတာ၊ ရိတ်သိမ်းမှု နောက်ကျသည့်အတွက် ဈေးကွက်နောက်ကျခြင်းများ ရှိလာသည့်အတွက် စိုက်ပျိုးရေး ခြံပိုင်ရှင်များအနေဖြင့် နစ်နာမှုများရှိကြောင်း သိရသည်။

 

ပန်းဖြတ်တဲ့ရာသီဆိုရင် လုပ်သားကလည်း ခေါ်မရ၊ မိန်းကလေးဆိုရင် မနက် ၆ နာရီကနေ ညနေအထိ ရှစ်ထောင်၊ တစ်သောင်းလောက် ပေးနေရတယ်။ ယောကျာ်းလေးဆိုရင် တစ်သောင်းကျော် ပေးရတယ် ဟု နဂါးမောက်စိုက်ပျိုးသူ ဦးထွန်းစိန်က ပြောသည်။

 

မေသက်ထား