ကိုကိုငလက်မရုပ်ရှင် ဇာတ်ကား နိုဝင်ဘာ ၂၈ ရက်တွင် ရုံတင်ပြသမည်

ရန်ကုန်  ၁၈  နိုဝင်ဘာ 

ကိုကိုငလက်မရုပ်ရှင် ဇာတ်ကားကို နိုဝင်ဘာ ၂၈ ရက်တွင် တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် ရုံတင်ပြသမည်ဖြစ်ကြောင်း  ရုပ်ရှင်အထူးပြပွဲမှ သိရသည်။

အဆိုပါ ဇာတ်ကားတွင် အကယ်ဒမီ လူမင်း၊ ရာဇာနေဝင်း၊ အကယ်ဒမီထွန်းထွန်း၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ သဉ္ဇာနွယ်ဝင်းနှင့် သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင် ထားပြီး ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်နှင့် ရွှေတောင်ရုပ်ရှင် ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်ထားသည်။

 

a

 

“မြန်မာ့ရုပ်ရှင်မှာ ဒီလိုမျိုးပရိသတ်အတွက် ရည်ရွယ်ပြီးရိုက်တဲ့ ရုပ်ရှင်ဆိုတာ မရှိသလောက်ရှားနေပါပြီ၊ နိုင်ငံတကာ animation ကားကြီးတွေနဲ့ ယှဉ်လို့ မရပေမယ့်လည်း၊ ကျွန်တော်တို့ဆီက အနုပညာရှင် လူငယ်လေးတွေကလည်း ရှိသလောက်၊ တတ်သလောက်နဲ့ ကြိုးစားထားပါတယ်၊ တိုးတက်လာတယ်ဆိုတာကို ဒီကားကြည့်ပြီး သိရမှာပါ။ လာကြည့်တဲ့ ပရိသတ်ကို ပျော်ရွှင်စေရ မှာပါ” ဟု အကယ်ဒမီ လူမင်းက ပြောသည်။

“အခု လူကြီးတွေအတွက် ကြည့်စရာရုပ်ရှင်ကအများကြီးရှိတယ်၊ ကလေးတွေ အတွက်က ရုပ်ရှင်နည်းနေလို့ ကလေးတွေကို ဦးစားပေးပြီး ရိုက်ဖြစ်တာပါ၊ ဇာတ်ကားထဲမှာ ပါမောက္ခဆရာဝန်ကြီး တစ်ဦးက နုပျိုဆေးကို စမ်းသပ်နေချိန် နိုင်ငံခြားမှာ ဧည့်ပါမောက္ခ အနေနဲ့သွားနေရတဲ့အခါ သူ့တပည့်ဖြစ်တဲ့ ကိုလူမင်းနဲ့ လွှဲခဲ့ရာကနေ ဖော်မြူလာမှားပြီး သောက်မိရာကနေ ငလက်မလေးဖြစ်သွား တာကို  ဇာတ်လမ်းအခြေခံပြီး ရိုက်ထားတာပါ” ဟု ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က ပြောသည်။ 

သန့်ဇင်ဝင်း