ကိုလိုနီခေတ်ဦးကျောက်မျက်နှင့် ရွှေတူးဖော်ရေးလုပ်ငန်းများ (အပိုင်း-၂)

သိပ္ပံစာရေးဆရာကိုကိုအောင်

အထက်မြန်မာနိုင်ငံရှိ သတ္တုတွင်းများအနက် ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူဒေသရှိ သတ္တုတွင်းမှာ အထင်ရှားဆုံးဖြစ်သည်။ ဘော်တွင်းမိုင်း သို့မဟုတ် နမ္မတူသတ္တုတွင်းဟု နာမည်ကြီးခဲ့ကာ ခဲ၊ ငွေ၊ သွပ်တို့ အများအပြား ထွက်ရှိသည်။ မြန်မာဘုရင်များလက်ထက်က ဘော်တွင်းကို တရုတ်လူမျိုးများက တူးဖော်ကြကာ ခဲသတ္တုရိုင်းတွင်ပါသော ငွေစင် ကို ထုတ်ယူရန်အတွက်သာ အဓိကထား၍ လုပ်ကိုင်ခဲ့ကြသည်။ နိုင်ငံခြားသားများသည် ထိုသတ္တုတွင်းကို ၁၈၉၁ ခုနှစ်ခန့်တွင် စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ကြရာမှ လုပ်ငန်းရှင်များ အဆင့်ဆင့် လက်ပြောင်းခဲ့ပြီးနောက် ၁၉၀၆ ခုနှစ်တွင် Burma Mines Ltd.၏ မူပိုင်ဖြစ်လာခဲ့တော့သည်။


ခေတ်မီစက်များအသုံးပြု၍ တွင်ကျယ်စွာ ထုတ်လုပ်လာ

ဘားမားမိုင်းလီမိတက်ကို ၁၉၀၆ ခုနှစ်တွင် မတည်ရင်းနှီးငွေ ပေါင်စတာလင် ၄၅၀၀၀၀ ဖြင့် စတင်တည်ထောင်ခဲ့သည်။ ဘော်တွင်းဒေသမှ ဂလီနာ သတ္တုများကို ထုတ်ယူရန်အတွက်ဟု မှတ်ပုံတင်လျက် ကုမ္ပဏီရုံးချုပ်ကို 20, Copthall Avenue, London E.C. ၌ ဖွင့်လှစ်ခဲ့သည်။ ဒါရိုက်တာလူကြီးများမှာ F.A.Govett ၊ J.M.Fells ၊ M.F.Kinderley ၊ L.Sterne ၊ R.Tilden Smith နှင့် H.C. Hoover တို့ ဖြစ်ကြသည်။ ထိုအချိန်မှစ၍ ခေတ်မီစက်များကို အသုံးပြုလာသော ကြောင့် ဘော်တွင်းမှ သတ္တုအထွက်နှုန်း တိုးတက်လာ ခဲ့သည်။ ၁၉၀၉ ခုနှစ်တွင် ဘော်တွင်းမိုင်းမှ ငွေကျပ် ၁၁၀၃၀၉၄ တန်သော ခဲ ၅၈၈၈ တန်နှင့် ငွေကျပ် ၄၄၉၄၆ ဖိုးရှိသော ငွေစင် ၁၆ ဒသမ ၅ ဟန္ဒြိတ်ကို ထုတ်ယူနိုင်ခဲ့သည်။ ၁၉၁၀ ပြည့်နှစ်တွင်လည်း ငွေကျပ် ၄၃၀၀၀ တန်ဖိုးရှိသော ခဲငွေရောရာသတ္တု ၉၇၅ တန် နှင့် ၂၄ သိန်းခွဲဖိုးရှိသော ခဲသတ္တု ၂၉၅၃၃ တန်ကို တူးဖော်ရရှိခဲ့သည်။ ၁၉၀၉ ခုနှစ်တွင် ဘားမားမိုင်း ကုမ္ပဏီသည် ငွေကျပ် ၁၄၉၆၀ တန်ဖိုးရှိသော သံ ၇၄၈၀ တန်ကိုလည်း တူးဖော်ရရှိခဲ့သည်။


ဘားမားမိုင်းလီမိတက်ကို နောက်ပိုင်းတွင် ငွေကျပ် ၁၀ တန် အစုရှယ်ယာများ ခေါ်ယူလျက် မတည်ရင်းနှီးငွေကျပ် ၁၃၅ ဒသမ ၄၂ သန်း မြှုပ်နှံကာ ကျယ်ပြန့်စွာ တိုးချဲ့ဖွဲ့စည်းခဲ့သည်။ Burma Corpo-ration Ltd.ဟု အမည်ပြောင်းလျက် ဘော်တွင်းမှ ခဲ၊ ငွေ၊ သွပ်များကို အကြီးအကျယ် တူးဖော်ထုတ်လုပ်ခဲ့ သည်။ အိန္ဒိယရှိ ဗြိတိသျှအစိုးရထံမှ ၁၉၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်မှစ၍ အနှစ် ၃၀ အတွက် ဧရိယာ ၁၀ စတုရန်းမိုင်ရှိသော သတ္တုတွင်းမြေကို တူးဖော်ခွင့် ရထားခဲ့သဖြင့် ဒုတိယကမ္ဘာစစ် ဖြစ်ပွားသည်အထိ လက်ဝါးကြီးအုပ်ကာ ထုတ်လုပ်နိုင်ခဲ့သည်။ လုပ်ငန်း တိုးတက်အောင်မြင်သဖြင့် ဘားမားကော်ပိုရေးရှင်း လီမိတက်သည် ဘော်တွင်းနှင့် သတ္တုကျိုချက်ရာဌာန ဖြစ်သော နမ္မတူအကြား ရထားလမ်း ၁၃ မိုင် ဖောက် လုပ်ဆက်သွယ်ခဲ့ရာ ထိုရထားလမ်းမှာ မန္တလေး-လားရှိုးရထားလမ်းပေါ်ရှိ နမ်းမှော်ဘူတာအထိ လမ်း ပေါက်ခဲ့သည်။ နမ္မတူရှိသတ္တုကျိုစက်မှာ တစ်ရက် လျှင် တန်တစ်ထောင်အထိ ကျိုချက်နိုင်သည်။ သတ္တု ကျိုရာတွင် အသုံးပြုရသော သံကိုလည်း ဘော်တွင်း ၌ပင် တူးဖော်ရရှိသဖြင့် ဘော်တွင်းနှင့် နမ္မတူကို လျှပ်စစ် ဓာတ်အားပေးရန်အတွက် မန်းစံတွင် ရေအား လျှပ်စစ်စက်ရုံတစ်ခုကို တည်ဆောက်ခဲ့သည်။ ဘော်တွင်း၌ သတ္တုတူးဖော်သယ်ထုတ်ရန်အတွက် Tiger Tunnel ခေါ် ဥမင်ကြီးမှာ ပေ ၇၂၅၀ ရှည်လျားပြီး တူးဖော်ရရှိ သော သတ္တုရိုင်းများကို သယ်ယူရန်အတွက် ဥမင်ကြီးထဲတွင် နှစ်လမ်းသွားရထားလမ်း ဖောက်လုပ် ထားသောကြောင့် လုပ်ငန်းတွင်ကျယ်လျင်မြန်ခဲ့သည်။ သတ္တုတူးဖော်ရာတွင်လည်း လျှပ်စစ်သတ္တုတူးစက် များကို အသုံးပြုကာ ၉၃၉ ပေအရှည်အထိ တူးနိုင် သော Circular Shaft သတ္တုတူး လွန်သွားဖြင့် တူးဖော်ခဲ့သည်။
ဘော်တွင်းမိုင်းတွင် ၁၉၂၆ ခုနှစ် ဇွန်လ ၃၀ ရက် အထိ စူးစမ်းရှာဖွေတွက်ချက်ထားသော သတ္တုရိုင်း ပမာဏမှာ ငွေ ၂၂ ဒသမ ၃ ရာခိုင်နှုန်း၊ ခဲ ၂၅ ဒသမ ၂ ရာခိုင်နှုန်း၊ သွပ် ၁၆ ဒသမ ၆ ရာခိုင်နှုန်း၊ ကြေးနီ ၁ ဒသမ ၃ ရာခိုင်နှုန်းပါဝင်သော သတ္တုရိုင်းစုစုပေါင်း ၄၁၄၀၅၇၁ တန် ဖြစ်သည်။ ယင်းပမာဏအနက်မှ ၁၉၂၆ ခုနှစ်အထိ သတ္တုရိုင်း ၃၅၆၂၂၂ တန်ကို တူးဖော်ကာ ခဲသန့်သန့် ၅၁၂၇၀ တန်၊ ခနောက်စိမ်းပါ ခဲ ၇၁၉ တန်၊ ငွေစင် ၅၂၃၆၇၃၀ အောင်စ၊ ကြေးနီ ၉၈၉၆ တန်နှင့် သွပ် ၃၃၆၄၃ တန်တို့ကို ထုတ်ယူနိုင်ခဲ့ သည်။ ကုမ္ပဏီအနေဖြင့် ၁၉၂၆ ခုနှစ်အထိ အစိုးရသို့ အခွန်တော် ငွေကျပ်သန်း ၄၀ ပေးဆောင်ခဲ့ရသည်။


နိုင်ငံခြားသား အရင်းရှင်များက လက်ဝါးကြီးအုပ်

ဂလီနာခေါ် ခဲသတ္တုရိုင်းများကို မန္တလေးစီရင်စု စကားတောင်၊ ပျော်ဘွယ် ရမည်းသင်းစီရင်စု၊ တောင်ငူ စီရင်စုနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်လည်း တွေ့ရှိရ သည်။ ပျော်ဘွယ်၊ ရမည်းသင်း စီရင်စုတစ်ဝိုက်ရှိ ဂလီနာ သိုက်များကို ရှာဖွေတူးဖော်ရန် Mount Pima Mining Co.Ltd. က လိုင်စင်ယူ၍ လက်ဝါးကြီးအုပ် ချုပ်ကိုင်ထား သည်။ ၁၉၀၈ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်က မတည် ရင်းနှီး ငွေကျပ် ၂၀၀၀၀၀၀ မြှုပ်နှံ၍ တည်ထောင်ခဲ့သော ကုမ္ပဏီဖြစ်သည်။ ဒါရိုက်တာလူကြီးများမှာ Colonel S.G.Redcliff၊ G.S.Clifford နှင့် W.J.Cotterell တို့ဖြစ်ကြသည်။ ကုမ္ပဏီရုံးကို အမှတ် ဂ-၁၂၊ စပတ်လမ်း၊ ရန်ကုန်မြို့တွင်ဖွင့်လှစ်၍ Mower & Co. က အုပ်ချုပ်မှု ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သည်။ တောင်ငူစီရင်စု နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်မူ ဂလီနာတူးဖော်ရေးကို တိုင်းရင်းသားများက လုပ်ကိုင်ခဲ့ကြသည်။
ခဲမဖြူနှင့်အဖြိုက်နက် ဓာတ်သတ္တုများကို မော်ချီးဒေသ နှင့် တနင်္သာရီဘက်တွင် တွေ့ရှိရသည်။ ရှေးအခါက တိုင်းရင်းသားများသည် ဓာတ်သတ္တုများ တူးဖော်ခြင်းကို အလွန်ရှေးကျသောနည်းများ၊ လက်သုံးကိရိယာများဖြင့် တူးဖော်လုပ်ကိုင်ခဲ့ကြသည်။ နိုင်ငံခြားသားအရင်းရှင် ကုမ္ပဏီများက နယ်မြေဒေသသို့ သွားလာရေးခက်ခဲခြင်း၊ ရာသီဥတုနှင့် အလုပ်သမားပြဿနာများရှိခြင်းတို့ကြောင့် စိတ်ဝင်စားမှုမရှိခဲ့ကြပေ။ ၁၉၀၀ ပြည့်နှစ်လွန် ကာလသို့ ရောက်ရှိလာသည့်အခါ အရောင်းအဝယ်သွက်လာသဖြင့် နိုင်ငံခြားသားအရင်းရှင်ကြီးများက ခေတ်မီစက်များနှင့် နည်းပညာများကို အသုံးပြုလျက် သတ္တုတူးဖော်ရေးကို လက်ဝါးကြီးအုပ်ကာ လုပ်ကိုင်လာခဲ့ကြသည်။


မော်ချီးဒေသက သတ္တုသိုက်များ

မော်ချီးဒေသရှိ ခဲမဖြူနှင့်အဖြိုက်နက်သတ္တုသိုက်များ ကို O Riley က ပထမဆုံးတွေ့ရှိကာ သတ္တုပမာဏကို ဖော်ထုတ်ခဲ့သည်။ ထို့နောက် ၁၉၁၀ ပြည့်နှစ်ခန့်တွင် J.J.A. Page သည် မော်ချီးဒေသသို့ ရောက်ရှိလာပြီး သတ္တုကြော များကို လေ့လာခဲ့သည်။ ထိုစဉ်ကတွေ့ရှိခဲ့ရသော သတ္တု ကြော ၁၀ ကြောသည် တစ်ကြောလျှင် အနည်းဆုံး ၂ ဒသမ ၅ ပေမှ ၅ ပေအထိ ထုရှိသည်ဟု ခန့်မှန်းရသဖြင့် သတ္တု တူးဖော်စက်ရုံအတွက် အဓိက စက်ပစ္စည်းများကို ၁၉၁၁ ခုနှစ်တွင် မှာယူတည်ဆောက်ခဲ့ရာ ၁၉၁၅ ခုနှစ်တွင် ပြီးစီး ခဲ့သည်။ ထို့နောက် မော်ချီးမိုင်းကုမ္ပဏီလီမိတက်ကို တည်ထောင်၍ တူးဖော်ရေးကို စတင်လုပ်ကိုင်ခဲ့သည်။ ပထမကမ္ဘာစစ်အတွင်း ဝူလ်ဖရန် ဝယ်လိုအား ကောင်းခဲ့ သဖြင့် တစ်လလျှင် တန် ၂၀ မှ ၅၀ အထိ ထုတ်ယူခဲ့သည်။ မော်ချီးသတ္တုတွင်းတွင် ဒုတိယကမ္ဘာစစ် ဖြစ်ပွားသည်အထိ သတ္တုကြော ၆၄ ကြောကို ကုမ္ပဏီက တူးဖော်လုပ်ကိုင်ခဲ့ သည်။

 

တနင်္သာရီဒေသ မြိတ်၊ ထားဝယ်စီရင်စုတို့ရှိ ခဲမဖြူ၊ အဖြိုက်နက် သတ္တုတွင်းများကို ၁၈၇၂ ခုနှစ်ခန့်က စတီး ဘရားသားကုမ္ပဏီက ဝင်ရောက်စမ်းသပ် တူးဖော်ခဲ့ဖူး သော်လည်း အကျိုးအမြတ်အတွက် အလားအလာ မကောင်းဟုဆိုကာ လုပ်ငန်းကိုစွန့်ပြီး လိုင်စင်ကို အစိုးရသို့ပြန်အပ်ခဲ့သဖြင့် ထိုဒေသများရှိ သတ္တုတူးဖော်ခြင်း လုပ်ငန်းမှာ အရင်းအနှီးရှိသော တရုတ်လူမျိုးများနှင့် ဒေသခံတိုင်းရင်းသားတို့၏ လက်တွင်ရှိခဲ့သည်။ ၁၉၀၀ ပြည့်နှစ် ဝန်းကျင်တွင်မူ ထိုနယ်မြေဒေသများသို့ နိုင်ငံခြား သား အရင်းရှင်ကုမ္ပဏီများက အပြိုင်အဆိုင် စတင် ဝင်ရောက်လာခဲ့ကြသည်။


ထားဝယ်မြို့မြောက်ဘက် ၅၇ မိုင်ခန့်အကွာတွင်ရှိသော ရေဖြူမြို့နယ် ကန်ဘောက်သတ္တုတွင်းကို ၁၉၁၀ ပြည့်နှစ် မှစ၍ ဒုတိယကမ္ဘာစစ် ဖြစ်ပွားသည်အထိ The Heinze Burma Tin Syndicate Ltd.က လုပ်ကိုင်ခဲ့သည်။ ထားဝယ် မြို့အရှေ့ဘက် ၂၈ မိုင်အကွာတွင်ရှိသော ကျောက်မဲတောင် ရွာမှ ခဲမဖြူသတ္တုတွင်းကိုလည်း Tavoy Tin Dredging Corporation Ltd. က ကိုလိုနီခေတ်တစ်လျှောက်လုံးတွင် ခဲသင်္ဘောသုံးစင်းဖြင့် အောင်မြင်စွာ ချုပ်ကိုင်ထုတ်လုပ်ခဲ့ သည်။


ကိုလိုနီခေတ်တစ်လျှောက်လုံးတွင် ထားဝယ်ဒေသရှိ ခဲမဖြူ၊ အဖြိုက်နက် သတ္တုတူးဖော်ရေးကို နိုင်ငံခြားသား ကုမ္ပဏီအသီးသီးက ခွဲဝေ၍ လက်ဝါးကြီးအုပ်ထားခဲ့ကြ သည်ဟု ဆိုရမည်ဖြစ်သည်။ ၁၉၁၀ ပြည့်နှစ် ဧပြီလ ၂၁ ရက်က ဖွဲ့စည်းတည်ထောင်သော Burma Consolidated Mines Ltd.က ထားဝယ်မြို့ ခဲမဖြူ၊ အဖြိုက်နက် တူးဖော် ရေးတွင် ဝင်ရောက်နေရာယူခဲ့သည်။ ကုမ္ပဏီသည် ထားဝယ်မြို့ အရှေ့မြောက်ဘက် ၂၅ မိုင်အကွာတွင်ရှိသော ဟာမြင်းကြီးသတ္တုတွင်းကို ၁၉၁၃ ခုနှစ်မှ ၁၉၄၃ ခုနှစ်အထိ တူးဖော်ခွင့်ရရှိခဲ့သဖြင့် မတည်ရင်းနှီးငွေကျပ် ၅၀၀၀၀၀ ဖြင့် အမှတ် ဂ-၁၂၊ စပတ်လမ်း၊ ရန်ကုန်မြို့တွင်ရုံးဖွင့်ကာMower & Co. အား အုပ်ချုပ်မှုကိုယ်စားလှယ်အဖြစ် ဆောင်ရွက်စေခဲ့သည်။ ဒါရိုက်တာလူကြီးများမှာ အရင်းရှင် စီးပွားရေးလောက၏ နယ်ပယ်အသီးသီး၌ ပါဝင်နေကြသော S.A.Mower ၊ G.S. Cliffort ၊ Colonel S.G. Radelift ၊ E.Higinbotham ၊ Sasson E.Solomon၊ W.J.Cotterell နှင့် Dr.A.W.J.Bleock တို့ပင် ဖြစ်ကြသည်။


ထားဝယ်ဒေသ၏ သတ္တုထွက်ရှိမှု

ဟာမြင်းကြီးသတ္တုတွင်းသည် ထားဝယ်ဒေသရှိ သတ္တု တွင်းများအနက် ထွက်နှုန်း အလွန်ကောင်းသော သတ္တုတွင်း ဖြစ်သည်။ ကုမ္ပဏီက ခေတ်မီစက်ကိရိယာများကိုသုံးပြီး စနစ်တကျတူးဖော်ခဲ့ရာ ၁၉၁၇ ခုနှစ်က ခဲမဖြူနှင့်အဖြိုက် နက် ၁၀၅၀ တန်ထွက်သဖြင့် ထိုနှစ်က ထားဝယ်ဒေသ တစ်ခုလုံး၌ ထွက်ရှိသော သတ္တုပမာဏ၏ သုံးပုံတစ်ပုံခန့်ပင် ရှိခဲ့သည်။ ထိုနှစ်က ထားဝယ်ဒေသတစ်ခုလုံးတွင် ခဲမဖြူနှင့် အဖြိုက်နက် ၃၆၅၃ ဒသမ ၅ တန် ထွက်ရှိခဲ့သည်။ ၁၉၃၆ ခုနှစ်မှ ၁၉၃၉ ခုနှစ်အတွင်း ဟာမြင်းကြီးသတ္တုတွင်းမှ နှစ်စဉ်ပျမ်းမျှ သတ္တုတန် ၅၀၀ မျှ ထုတ်ယူနိုင်ခဲ့သည်။
အလားတူပင် ထားဝယ်မြို့ အရှေ့ဘက် ၂၄ မိုင် အကွာတွင်တည်ရှိသော ဟိန္ဒားသတ္တုတွင်းကို ၁၉၂၆ ခုနှစ်က အင်္ဂလိုပြင်သစ် သတ္တုရှာဖွေရေးကုမ္ပဏီလီမိ တက်၏ ငွေကြေးထောက်ပံ့မှုဖြင့် အင်္ဂလန်တွင် ဖွဲ့စည်းသော Anglo Burma Tin Co.Ltd. က ဦးဆောင်ကာ Messrs Wightman and Co.(Rangoon)၊ Anglo French Prospecting Co.Ltd နှင့် Henry Higging Co.တို့ အကျိုးတူပူးပေါင်းကာ စတင်လုပ်ကိုင် ခဲ့ကြသည်။


ထို့ပြင် ဩစတြေးလျတိုက် မဲလ်ဘုန်းမြို့သား ဒါရိုက်တာလူကြီးများ ဦးစီးသော Hindu Choung Tin Dredging and Mining Co. ကလည်း ထားဝယ် ဒေသတစ်ဝိုက်တွင် ခဲမဖြူတူးဖော်ရန်အတွက် အစိုးရထံ မှ လိုင်စင်ခံယူခဲ့သည်။ မတည်ရင်းနှီးငွေ ပေါင်စတာလင် ၁၅၀၀၀၀ ဖြင့် ၁၉၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၃ ရက် နေ့က စတင်တည်ထောင်ခဲ့ပြီး ကုမ္ပဏီ၏ ရုံးချုပ်ကို 125, Queen Street, Melbourne တွင် ဖွင့်လှစ်ကာ ရန်ကုန်မြို့ အမှတ် ၆၊ ဘားလမ်းရှိ Stuart , Smith and Allan, C.A.အား အုပ်ချုပ်မှုကိုယ်စားလှယ်အဖြစ် ဆောင်ရွက်စေခဲ့သည်။ တူးဖော်ရေး စက်ကိရိယာများနှင့် ခဲသင်္ဘော Dredger တို့ဖြင့် ၁၉၁၁ ခုနှစ်တွင် လုပ်ငန်း စတင်ခဲ့သည်။


ထားဝယ်စီရင်စုတွင် အဖြိုက်နက်ရှာဖွေတူးဖော်ရန် စုစုပေါင်းဧရိယာစတုရန်းမိုင် ၂၀ ခန့်ရှိသော မြေလေး ကွက်ကို လုပ်ကိုင်ခွင့်ရထားသော The Rangoon Mining Co.Ltd. လည်းရှိခဲ့သည်။ ကုမ္ပဏီကို ၁၉၀၉ ခုနှစ် ဇွန်လတွင် မတည်ရင်းနှီးငွေကျပ် ၂၆၀၀၀၀ ဖြင့် တည်ထောင်ခဲ့ပြီး ၁၉၁၁ ခုနှစ်မှစတင်ကာ ခေတ်မီစက် များဖြင့် တူးဖော်ခဲ့သည်။ ဒါရိုက်တာလူကြီးများမှာ Colonel S.G.Radeliff ၊ Sasson E-Solomon၊ J.W.D.Aiken နှင့် A.Rowland Ady တို့ ဖြစ်ကြပြီး ကုမ္ပဏီရုံးကို အမှတ် ၇၀၊ ဖယ်ရာလမ်း၊ ရန်ကုန်မြို့၌ ဖွင့်လှစ်ခဲ့သည်။


မြိတ်စီရင်စုရှိ မလိဝန်သတ္တုတွင်းမှလည်း သံနှင့် အဖြိုက်နက်များ ထွက်သဖြင့် ထိုဒေသကို Burma Development Syndicate က လက်ဝါးကြီးအုပ်ထား ခဲ့သည်။ မူလကတည်းက တူးဖော်နေကြသော တရုတ် လူမျိုးများကလည်း သမားရိုးကျနည်းများဖြင့်ပင် တူးဖော်လုပ်ကိုင်ခဲ့ကြပြီး ခဲမဖြူနှင့်အဖြိုက်နက် အထွက်ကောင်းသည့်တိုင် ခေတ်မီစက်နှင့် စက်ကိရိယာ များ မပြည့်စုံသဖြင့် သတ္တုများကို သန့်စင်ရန် မလေး ကျွန်းဆွယ်ဘက်သို့ပို့၍ လုပ်ဆောင်ခဲ့ကြရသည်။


နိုင်ငံခြားသားကုမ္ပဏီများကသာ အမည်အမျိုးမျိုးဖြင့် ပိုင်ဆိုင်ကြ

ထားဝယ်ဒေသတစ်ဝိုက်တွင် ခဲမဖြူနှင့်အဖြိုက်နက် တူးဖော်ရန် လိုင်စင်ခံယူထားကြသော အထက်ဖော်ပြပါ ကုမ္ပဏီများသည် အမည်အမျိုးမျိုးဖြင့် လုပ်ငန်းကို ခွဲဝေ ကာ ချုပ်ကိုင်ထားကြကြောင်း ဒါရိုက်တာလူကြီးများ စာရင်းက သိသာစေခဲ့သည်။ ထိုကုမ္ပဏီများအပြင် အမှတ် ဂ-၁၂၊ စပတ်လမ်း၊ ရန်ကုန်မြို့တွင် ရုံးဖွင့်လှစ် လျက် Mower and Co. က အုပ်ချုပ်မှုကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သော The Tavoy Concessions, Ltd. နှင့် The Tenasserim Concessions , Ltd. တို့လည်း ရှိခဲ့သေးသည်။ ထိုကုမ္ပဏီများကို ၁၉၁၀ ပြည့်နှစ် စက်တင်ဘာလ ၃၀ ရက်က တစ်ပြိုင်တည်း တည်ထောင် ကာ မတည်ရင်းနှီးငွေများကလည်း ငွေကျပ် ၃၀၀၀၀၀ စီဖြင့် အတူတူဖြစ်သည်။ ကုမ္ပဏီနှစ်ခုလုံးက သတ္တု အမျိုးမျိုးတူးဖော်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းတို့ကို လုပ်ကိုင်ခဲ့ကြသည်။
အထက်မြန်မာပြည် မြစ်ကြီးနားစီရင်စု၊ ဆင်ဘိုရွာ အနီးတွင် ကြေးနီတူးဖော်ခွင့် လိုင်စင်ရရှိခဲ့သော ကုမ္ပဏီမှာ The Taungbalaung Copper Mine,Ltd. ဖြစ်၏။ ၁၉၀၀ ပြည့်နှစ် ဇွန်လ ၁၃ ရက်က မတည် ရင်းနှီးငွေကျပ် ၂၀၀၀၀၀ ဖြင့် တည်ထောင်သော ကုမ္ပဏီဖြစ်ကာ ကုမ္ပဏီရုံးကို မန္တလေးမြို့ တရုတ်တန်း၌ ဖွင့်လှစ်ထားခဲ့သည်။ ဒါရိုက်တာလူကြီးများမှာ အိန္ဒိယ လူမျိုးအများစုဖြစ်သည့် A.R Oberlander ၊ H.M. Latter ၊ R.N.Iyer ၊ Rai Sahib ၊ C.E.Patail ၊ H.J.D. Wilkinson ၊ J.C.Chatterjee နှင့် J.E.Burgess တို့ ဖြစ်ကြသည်။ ၁၉၁၀-၁၁ ခုနှစ်က ကြေးနီတန် ၂၉၀ ထွက်ရှိကာ ၈၆၅၃ ကျပ် ဝင်ငွေရှိသည့်အတွက် အခွန် တော်အဖြစ် ၇၉၁ ကျပ်ကို အစိုးရသို့ ပေးသွင်းခဲ့ရသည်။ ၁၉၁၁-၁၂ ခုနှစ်တွင်မူ ကြေးနီ ၁၅၉ တန်သာ တူးဖော် ရရှိပြီး ငွေကျပ် ၇၄၀၀ သာ ဝင်ငွေရှိသဖြင့် ၁၉၁၂ ခုနှစ်တွင် လုပ်ငန်းမှာ ရပ်ဆိုင်းသွားခဲ့သည်။ ။