ကိုနာတေးကို ခေါ်ယူရန် ၎င်း၏ အေးဂျင့်ကို မန်ယူဆက်သွယ်

၅  မေ

မန်ယူအသင်းသည် နွေရာသီ အပြောင်းအရွှေ့ကာလတွင် လိုက်ပ်ဇစ်ကြယ်ပွင့် အီဗရာဟီမာ ကိုနာတေးကို ခေါ်ယူရန်အတွက် အဆိုပါကစားသမား၏ အေးဂျင့်ဖြစ်သူကို ဆက်သွယ်လိုက်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ပြင်သစ်အခြေစိုက် သတင်းအရင်းအမြစ်များတွင် မန်ယူနည်းပြ ဆိုးလ်များသည် နွေရာသီတွင် ခံစစ်အင်အား ဖြည့်တင်းဖွယ်ရှိနေကြောင်း ဖော်ပြထားသည်။

ကိုနာတေးသည် ပြီးခဲ့သည့် အောက်တိုဘာလတွင် ဒဏ်ရာရရှိခဲ့ပြီးနောက် ၂၀၁၉-၂၀၂၀ ရရာသီ ပြိုင်ပွဲအများစုကို အရန်ခုံတွင်သာ ထိုင်နေခဲ့ရသူဖြစ်သည်။ သို့သော်လည်း အသက် ၂၀ အရွယ် ကစားသမားကို ဘွန်ဒက်စ်လီဂါ၌ အနာဂတ်တွင် ထွန်းတောက်လာမည့် ကစားသမားအဖြစ် မှတ်ယူထားကြောင်း သတင်းများတွင် ဖော်ပြထား သည်။ ၎င်းသည် ၂၀၁၇ ခုနှစ်တွင် ပြင်သစ်ကလပ် ဆိုးရော့အသင်းမှ ဂျာမန်ကလပ် လိုက်ပ်ဇစ် အသင်းထံသို့ ရောက်ရှိလာသူဖြစ်သည်။

ဆိုးလ်ရှားသည် အသင်းတွင် ရွေးချယ်စရာ ဗဟိုခံစစ်ကစားသမား အများအပြား ရှိနေသော်လည်း ယခုနှစ် နွေရာသီတွင် ထိုကစားသမားများထဲမှ အများစုကို ရောင်းထုတ်ဖွယ်ရှိနေကြောင်း သိရသည်။

ထို့ကြောင့် ဆိုးလ်ရှားသည် ကိုနာတေးကို အသင်းသို့ ခေါ်ယူပြီး မက်ဂွင်းယားနှင့် တွဲဖက်ကစားစေလိုကြောင်းလည်း သိရသည်။ ဆိုးလ်ရှားသည် ယခုနှစ် ရာသီပွဲအများစုကို မက်ဂွင်းယားနှင့် လင်ဒီလော့ဖ်တို့ကို တွဲဖက်ကစားစေခဲ့ပြီး လိဂ်ပွဲ ၂၉ ပွဲတွင် ဂိုး ၃၀ ခွင့်ပြုပေးခဲ့ရကာ ရှစ်ပွဲ ဂိုးမပေးရအောင် စွမ်းဆောင်ထားနိုင်ကြောင်း မှတ်တမ်းများအရ သိရသည်။

မန်ယူအသင်းသည် လိုက်ပ်ဇစ်ကစားသမား ကိုနာတေးကို ခေါ်ယူရန် ချိတ်ဆက်ခြင်းသည် ပထမဆုံးအကြိမ် မဟုတ်ဘဲ ၎င်းအရင် အူပါမီကာနိုကိုလည်း ခေါ်ယူရန် ချိတ်ဆက်ဖူးကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ထို့အပြင် မန်ယူအသင်းသည် နာပိုလီအသင်းမှ ကူလီဘာလီကိုလည်း ခေါ်ယူရန် ချိတ်ဆက်ထားကြောင်း သတင်းများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားသည်။ သို့သော်လည်း အဆိုပါ ကစားသမား၏ အပြောင်းအရွှေ့မှာ မြင့်မားဖွယ်ရှိနေသောကြောင့် အခက်တွေ့နေခြင်းဖြစ်သည်။

ကိုနာတေး၏ လိုက်ပ်ဇစ်အသင်းနှင့် လက်ရှိစာချုပ်သက်တမ်းသည် ၂၀၂၃ ခုနှစ် နွေရာသီအထိ ချုပ်ဆိုထားကြောင်း သိရသည်။ လိုက်ပ်ဇစ်အသင်းက အဆိုပါ ကစားသမား၏ ပြောင်းရွှေ့မှုကို မြင့်မြင့်မားမား တောင်းဆိုသွားဖွယ်ရှိနေသည်။ လက်ရှိတွင် ကိုနာတေးသည် ဘွန်ဒက်စ်လီဂါ ပြန်လည်စတင်ချိန်တွင် ကြံ့ခိုင်မှုပြည့်ဝစေရန်အတွက် လေ့ကျင့်ရေး အစီအစဉ်များကို ကြိုးစားလုပ်ဆောင်နေကြောင်း သိရသည်။

အောင်ဇော်