ကျိုင်းခမ်းရေလှောင်တမံ၊ ဇော်ဂျီရေလှောင်တမံနှင့် မြို့ကြီးရေလှောင်တမံတို့မှ သိုလှောင်ရေဖြင့် ကင်းတားဆည်ရေသောက်စနစ်သို့ ရေကူဖြည့်တင်းပေးလျက်ရှိ

မန္တလေး ၃၀ အောက်တိုဘာ  

 

ဇော်ဂျီရေသောက်စနစ်တွင် အကျိုးပြုဧရိယာ ၈၁၀၈၆ ဧကရှိရာ ဇော်ဂျီရေလှောင်တမံနှင့် မြို့ကြီး ရေလှောင်တမံတို့၏ သိုလှောင်ရေဖြင့် နှစ်စဉ်မိုးစပါးဧက ၆၀၀၀၀ ကျော်ကို ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်အတွင်းရှိ နောင်ခမ်း ရေလွှဲဆည်၊ ငပြောင်ရေလွှဲဆည်၊ သင်းတွဲ ရေလွှဲဆည်၊ မင်းရဲရေလွှဲဆည်၊ ဇီးတောရေလွှဲဆည်နှင့် ဇော်ဂျီရေထိန်းဆည်တို့ဖြင့် ရေကိုထိန်းညှိရယူ၍ စိုက်ပျိုးရေပေးဝေလျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးအချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်မင်းထံမှ သိရသည်။

 

ထို့အတူ ကင်းတားဆည်ရေသောက်စနစ်တွင် အကျိုးပြုဧရိယာ (၁၅၁၈၆၃)ဧက ရှိပြီး ကင်းတား ရေလှောင်တမံ၏ သိုလှောင်ရေဖြင့် ကင်းတားလက်ဝဲမြောင်း၊ ကင်းတားလက်ယာမြောင်းနှင့် ပန်းလောင် ရေသောက်စနစ်တို့မှ တစ်ဆင့် နှစ်စဉ်မိုးစပါးဧက (၁)သိန်းကျော်ကို စိုက်ပျိုးရေပေးဝေလျက်ရှိကြောင်း၊ ထိုသို့ စိုက်ပျိုးရေပေးဝေလျှက်ရှိသော ဇော်ဂျီရေသောက်စနစ်နှင့် ကင်းတား ရေသောက်စနစ်တို့တွင် ယခုနှစ် မိုးရာသီကာလမှာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ဇော်ဂျီရေလှောင်တမံ၊ မြို့ကြီးရေလှောင်တမံတို့၏ ဝင်ရေမှာ ယခင်(၁၀)နှစ်အတွင်း အနည်းဆုံး ဝင်ရောက်ခဲ့သည့် ပမာဏခန့်သာ ရေဝင်ရောက်ခဲ့ပြီး ကင်းတားရေလှောင်တမံတွင်မူ ယခင်(၁၀)နှစ်အတွင်း အနည်းဆုံးဝင်ရောက်ခဲ့သည့် ၂၀၁၅ ခုနှစ်ဝင်ရေ၏ ထက်ဝက်ခန့်သာ ရေဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

ကင်းတားရေလှောင်တမံ၏ ယခု ၂၀၂၀ ပြည့်နှစ် ဝင်ရေပမာဏ လွန်စွာနည်းပါးခဲ့ခြင်းကြောင့် လက်ရှိ စိုက်ပျိုးပြီးဖြစ်သော မိုးစပါး (၁၀၈၉၄၂)ဧကကို နိုဝင်ဘာလကုန်အထိ အောင်ရေပေးဝေရန် ယခုကာလအတွင်း မိုးရွာသွန်းမှုမရှိ၍ တမံအတွင်း ရေဝင်ရောက်မှုမရှိခဲ့ပါက တမံ အတွင်းရှိ လက်ကျန်ရေ ဧကပေ(၁)သိန်းခန့်ဖြင့် လုံလောက်စွာ ပေးဝေရန် အခက်အခဲရှိလာမည် ဖြစ်ကြောင်း သိရသည်။

 

ဇော်ဂျီရေသောက်စနစ်နှင့် ကင်းတားရေသောက်စနစ်ရှိ ယခုနှစ် မိုးစပါးစိုက်ပြီး ဧကများ အောင်ပြည့်ဝစွာ ပေးဝေနိုင်ရေးအတွက် ဇော်ဂျီရေလှောင်တမံနှင့် မြို့ကြီးရေလှောင် တမံတို့၏ လက်ကျန် သိုလှောင်ရေဖြင့် ဇော်ဂျီရေသောက်စနစ်သို့ စိုက်ပျိုးရေပေးဝေခြင်းအပြင် မန္တလေးတိုင်းဒေသကြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မန္တလေးမြို့နှင့် တည်ဆောက်ရေး(၇)၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ မိတ္ထီလာမြို့တို့မှ ပူးပေါင်း စီစဉ်မှုဖြင့် ဇော်ဂျီရေလှောင်တမံ၏ အထက်ဘက်ရှိ တည်ဆောက်ဆဲ ကျိုင်းခမ်း ရေလှောင်တမံ စီမံကိန်းမှအရှည်(၁၄)မိုင်ခန့်ရှိသော ဆက်သွယ် တူးမြောင်းဖြင့်လည်း ဇော်ဂျီရေလှောင်တမံအတွင်းသို့ နေ့စဉ်ရေပမာဏ(၅၀၀)ဧကပေခန့် ရေကူဖြည့်တင်းပေးလျက်ရှိကြောင်း သိရသည်။

 

ကျိုင်းခမ်းရေလှောင်တမံမှ ဇော်ဂျီရေလှောင်တမံသို့ ဖြည့်တင်းပေးသော ရေကို မြို့ကြီးရေလှောင်တမံသို့ ချပေးပြီး မြို့ကြီး မြောင်းမတော်အမှတ်(၁)မှ ကင်းတားလက်ယာမြောင်းသို့ နေ့စဉ် ရေပမာဏ ဧကပေ (၈၀၀) ခန့်ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ (၃၁)ရက်နေ့မှ စတင်၍ ရေကူပေးဝေနိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မန္တလေးမြို့နှင့် တည်ဆောက်ရေး(၇)၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မိတ္ထီလာမြို့တို့မှ ပူးပေါင်းစီစဉ်ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

 

ယခု ၂၀၂၀ ပြည့်နှစ်တွင် မိုးရွာသွန်းမှု နည်းပါး၍ ကင်းတားရေလှောင်တမံအတွင်း ဝင်ရေနည်းပါးခဲ့ သော်လည်း မိုးစပါး အောင်ရေ ပြည့်ဝစွာပေးဝေနိုင်ရေးနှင့် တောင်သူများ၏ မိုးစပါးစိုက်ပြီး ဧကများ ထိခိုက်ပျက်စီးမှု မရှိစေရေးတို့အတွက် ကင်းတားလက်ယာရေသောက်စနစ်သို့ မြို့ကြီးမြောင်းမတော် အမှတ်(၁)မှ ရေကူ ပေးဝေခြင်းဖြင့် လည်းကောင်း၊ ကင်းတားလက်ဝဲရေသောက်စနစ်နှင့် ပန်းလောင်ရေသောက်စနစ် တူးမြောင်းများတွင် ရေလေလွင့်ဆုံးရှုံးမှု မရှိစေရေး၊ မြောင်းဖျားအထိ ရေရောက်ရှိအောင် ပေးဝေနိုင်ရေးတို့အတွက် လည်းကောင်း ဌာနဝန်ထမ်းများနှင့် ရေအသုံးချသူတောင်သူများအဖွဲ့တို့ ပူးပေါင်း၍ ရေစီမံခန့်ခွဲမှုများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

 

မောင်မွှေး