ကျိုင်းတုံမြို့ နောင်ခမ်းကန်သာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကျိုင်းတုံ   ၂၅   ဇန်နဝါရီ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ နောင်ခမ်းကန် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးကို ဇန်နဝါရီ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါစုပေါင်းသန့်ရှင်းရေးလုပ်ဆောင်မှုကို ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်နှင့် ဝန်ထမ်းများ၊ စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက နောင်ခမ်းကန်အတွင်းရှိ အမှိုက်များ၊ ဗေဒါပင်များအား ဖယ်ရှားရှင်းလင်းခြင်း၊ ကန်ဘေးပတ်လည်ရှိ အမှိုက်များ၊ မြက်ပင်၊ ခြုံနွယ်များအား ဖယ်ရှားရှင်းလင်းခြင်းနှင့် ရေဝင်/ရေထွက်မြောင်းများအတွင်း ပိတ်ဆို့နေသည့် အမှိုက်များဖယ်ရှားရှင်းလင်းခြင်းတို့ကို စုပေါင်းလုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါနောင်ခမ်းကန်တွင် ပြည်တွင်းပြည်ပဧည့်သည်များ လာရောက်လည်ပတ် ဓာတ်ပုံရိုက်လေ့ရှိပြီး ကန်အတွင်း သာသနာ့ဗိမာန်တော်နှင့် စေတီတစ်ဆူတည်ထားကာ မြို့ကျက်သရေဆောင် ကန်တစ်ကန်ဖြစ်ကြောင်း သိရသည်။


အောင်ဇင်မြင့်(ပြန်/ဆက်)