ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါ ကာလအတွင်း ဂျပန်နိုင်ငံတွင် အလုပ်လက်မဲ့ ၆၀၀၀၀ ကျော်ရှိ

၂၄ စက်တင်ဘာ

 

 

ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါ ကာလအတွင်း ဂျပန်နိုင်ငံ အတွင်းရှိ လူပေါင်း ၆၀၀၀၀ ကျော်မှာ အလုပ်ဆုံးရှုံးခဲ့ရခြင်း သို့မဟုတ် အလုပ်ဆုံးရှုံးခြင်းများနှင့် ကြုံတွေ့ရဖွယ်ရှိကြောင်း ဂျပန်နိုင်ငံ အလုပ်သမား ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

 

အလုပ်ရှင်များမှ ရောင်းအား ကျဆင်း၍ ရုန်းကန်နေရသဖြင့် အလုပ်သမားကို အလုပ်မှ ထုတ်ပယ်ခြင်း သို့မဟုတ် စာချုပ်သက်တမ်း ထပ်မံ၍ တိုးခြင်း မရှိသည့် အလုပ်သမားများ၏ အမှုများကို အဆိုပါ ဝန်ကြီးဌာနက စစ်ဆေးလျက်ရှိသည်။

 

 

ဇန်နဝါရီလမှ စပြီး စက်တင်ဘာလ ၂၃ ရက်နေ့အထိ ကာလများအတွင်း လူပေါင်း ၆၀၄၃၉ ဉီးသည် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

 

အဆိုပါ ကိန်းဂဏန်းများသည် ဒေသန္တရဆိုင်ရာ အလုပ်သမားများ ဌာနနှင့် ပြည့်သူအလုပ်နေရာ ချထားရေးရုံးမှ သိရှိရသည့် ကိန်းဂဏန်းများဖြစ်ပြီး  မြေပြင်တွင်လည်း အဆိုပါ ပဏာမထက် ပိုပြီးများပြားသည့် အလုပ်လက်မဲ့များ ရှိနေနိုင်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

 

ကိုရိုနာ ဗိုင်းရပ်စ်နှင့် ဆက်နွယ်သည့် အလုပ်အကိုင် ဆုံးရှုံးမှုများသည် မေလ ၂၂ ရက်နေ့တွင် အလုပ်လက်မဲ့ပေါင်း ၁၀၀၀၀ ထိ မြှင့်တက်ခဲ့သည်။ ဇူလိုင်လ ၁ ရက်နေ့တွင် ၃၀၀၀၀ ကျော်နှင့် ဩဂုတ်လ ၃၁ ရက်နေ့တွင် ၅၀၀၀၀ ထိ မြှင့်တက်ခဲ့သည်။

 

 

အစိုးရ ထောက်ပံ့ငွေ အစီအစဉ်များဖြင့် အလုပ်များ ဆက်လက် လုပ်ကိုင်ရန် စီးပွားရေး လုပ်ငန်းများအား အလုပ်သမားဝန်ကြီးဌာနက တိုက်တွန်းထားသည်။

 

 

အလုပ်လက်မဲ့များအတွက် အလုပ်အသစ်များ ရှာဖွေရန်ကိုလည်း အဆိုပါ ဝန်ကြီးဌာနက ကူညီပေးမည်ဖြစ်သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်