ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုရဲ့ ဗဟိုချက်အသစ်တစ်ခုဖြစ်လာတဲ့ လက်တင်အမေရိက

အလင်းသစ်

 

ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဟာ ၅၄၀၀၀၀၀ ကျော်ရှိလာခဲ့ပြီး သေဆုံးသူအရေအတွက်ကလည်း ၃၄၀၀၀၀ ကျော်ရှိသွားပြီဖြစ်ပါတယ်။ အဲဒီလိုကူးစက်ခံရသူ ငါးသန်းကျော်ရှိလာချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဒဏ်ဆိုးရွားစွာ ခံခဲ့ရတဲ့ ဥရောပနိုင်ငံတချို့မှာ ကူးစက်မှုနဲ့ သေဆုံးမှုတွေ လျော့ကျလာခဲ့ပေမယ့်လက်တင်အမေရိက နိုင်ငံတွေမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနှုန်းဟာ သိသိသာသာ မြင့်တက်လျက်ရှိသလို လက်တင်အမေရိကရဲ့ ဒေသဆိုင်ရာ ကျန်းမာရေး အာဏာပိုင်တွေကိုလည်း စိုးရိမ်ပူပန်မှုတွေ မြင့်တက်စေခဲ့ပါတယ်။

 

ဗဟိုချက်အသစ်တစ်ခုဖြစ်လာ

လက်တင်အမေရိကနိုင်ငံတွေထဲမှာ ဘရာဇီးနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူ ၃၄၀၀၀၀ ကျော် ရှိခဲ့ပြီး ကမ္ဘာ့ဒုတိယအများဆုံး ကူးစက်ပျံ့နှံ့မှုခံခဲ့ရတဲ့ နိုင်ငံလည်း ဖြစ်လာခဲ့ပါတယ်။ မက္ကဆီကိုနိုင်ငံ၊ ချီလီနိုင်ငံနဲ့ ပီရူးနိုင်ငံအပါအဝင် လက်တင်အမေရိကဒေသတွင်းရှိ အခြားသောနိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက် ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လက်တင်အမေရိကဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားတဲ့ ဗဟိုချက်အသစ်တစ်ခုဖြစ်လာခဲ့တယ်လို့ မေ ၂၂ ရက်မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

သေဆုံးသူ ၃ဝဝဝဝ ကျော်ရှိခဲ့

လက်တင်အမေရိကမှာ ဇန်နဝါရီလအစောပိုင်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုရှိခဲ့တယ်လို့ သုတေသနပညာ ရှင်တွေက ထောက်ပြမှုတွေရှိခဲ့ပေမယ့် လက်တင်အမေရိကရဲ့ ကိုရိုနာဗိုင်းရပ်စ်ပထမဆုံး ကူးစက်ဖြစ်ပွားမှုဟာ ဘရာဇီးနိုင်ငံမှာ ဖေဖော်ဝါရီ ၂၆ ရက်က ဖြစ်ပွားခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ ကိုရိုနာ ဗိုင်းရပ်စ်ဟာ လက်တင်အမေရိကဒေသတွင်း နိုင်ငံတိုင်းကို ပျံ့နှံ့လာခဲ့တာ ဖြစ်ပါတယ်။ လက်တင်အမေရိကမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ၆၀၀၀၀၀ ကျော်နဲ့ သေဆုံးသူ ၃၀၀၀၀ ကျော်ရှိခဲ့တယ်လို့လည်း ဥရောပ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားခဲ့ပါတယ်။

 

လက်ရှိမှာလက်တင်အမေရိကရဲ့ လူဦးရေအများဆုံး နိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ မက္ကဆီကိုနိုင်ငံနဲ့ ဘရာဇီးနိုင်ငံတို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးရသူ ၇၀၀၀ ကျော်နဲ့ ၂၂၀၀၀ ကျော်အသီးသီးရှိပြီး ကူးစက်မှုနဲ့ သေဆုံးမှုက အမြင့်ဆုံး အရေအတွက်ကို ရောက်ရှိလာပါတယ်။

 

ပီရူးနိုင်ငံဟာ ကူးစက်ခံရသူ ၁၁၀၀၀၀ ကျော်နဲ့အတူ ကမ္ဘာမှာ ကူးစက်ခံရသူအရေအတွက် ၁၂ နိုင်ငံမြောက် အမြင့်ဆုံးနိုင်ငံဖြစ်လာခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံထက်တောင် ကျော်လွန်သွားပြီ ဖြစ်ပါတယ်။

 

ချီလီနိုင်ငံကလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက် ဖြစ်ပွားမှု ၆၅၀၀၀ ကျော်ရှိခဲ့ကာ သေဆုံးသူ အရေအတွက်ကလည်း ၆၇၀ ကျော်ရှိသွားပြီဖြစ်ပါတယ်။ အီကွေဒေါနိုင်ငံမှာ လူဦးရေ တစ်သိန်းမှာ ၁၇ ဦးခန့် သေဆုံးနေရတယ်လို့ သတင်းထုတ်ပြန်ထားပြီး နေ့စဉ် ကူးစက်မှုအရေအတွက်ကတော့ ကျဆင်းလျက်ရှိတယ်လို့ အီကွေဒေါနိုင်ငံက ဆိုပါတယ်။

 

အမေရိကန်နိုင်ငံ၊ ဥရောပနိုင်ငံအများစုတို့နဲ့ မတူညီတဲ့အချက်ကတော့ လက်တင်အမေရိကနိုင်ငံ အများအပြားဟာ သူတို့ရဲ့ နေ့စဉ်ကူးစက်သူအရေအတွက်နဲ့ သေဆုံးသူအရေအတွက်ဟာ တိုးလာလျက်ရှိနေတာပဲ ဖြစ်ပါတယ်။

 

သီတင်းပတ်ပေါင်းများစွာ ကြာမြင့်ဦးမယ်

ဘရာဇီးနိုင်ငံ၊ မက္ကဆီကိုနိုင်ငံနဲ့ ပီရူးနိုင်ငံတို့မှာ သေဆုံးသူအရေအတွက်ဟာ သီတင်းနှစ်ပတ်ရှိတိုင်း နှစ်ဆခန့် မြင့်တက်လာခဲ့တာကြောင့် လက်တင်အမေရိက နိုင်ငံအချို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုနဲ့ သေဆုံးမှု အရေအတွက် ဟာ အထွတ်အထိပ်သို့ရောက်ရှိနေပြီး သီတင်းပတ်ပေါင်းများစွာ ကြာမြင့်ဦးမယ်လို့ ကျွမ်းကျင်သူတွေက ပြောကြားထား ပါတယ်။

 

ပီရူးနိုင်ငံရဲ့ မြို့တော်လီမာရှိ အထူးကြပ်မတ်ကုသ ခုတင်တွေရဲ့ ၈၀ ရာခိုင်နှုန်းခန့်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက် ခံရသူတွေနဲ့ နေရာယူထားပြီး ချီလီနိုင်ငံရဲ့ မြို့တော်ဆန်တီယေဂိုမှာရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေဟာ အထူးကြပ်မတ်ကုသခုတင်တွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို နေရာယူထားတာ ဖြစ်ပါတယ်။

 

နေ့စဉ်ကူးစက်ခံရသူအရေအတွက်ဟာ ဆက်လက်မြင့်တက်နေဆဲဖြစ်တဲ့အတွက် ကျန်းမာရေး အဖွဲ့အစည်းတွေကို ဒုက္ခပေးလာနိုင်မှုအပေါ် စိုးရိမ်မှုတွေရှိနေတဲ့အပြင် ကျွန်ုပ်တို့ဟာ ဆိုးရွားတဲ့အခြေအနေကို ရောက်ရှိ နေပြီဖြစ်ကြောင်းနဲ့ ဒီကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုဟာ စစ်ပွဲတစ်ခုအသွင်ဖြစ်လာတယ်လို့ ပီရူးအစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ်တုံ့ပြန်ရေးကို ဦးဆောင်လျက်ရှိတဲ့ ပီလာမာဇက်တီက ပြောကြားခဲ့ပါတယ်။

 

မလုပ်မနေရပြဋ္ဌာန်း

အာဂျင်တီးနားနိုင်ငံကဲ့သို့ အခြားသောနိုင်ငံတွေဟာ ခရီးသွားလာခွင့်ပိတ်ပင်မှုတွေကို မလုပ်မနေရ ပြဋ္ဌာန်းခဲ့ပြီး လက်တင်အမေရိကရှိ နိုင်ငံတွေအကြားမှာ ဥရုဂွေးနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို စီမံခန့်ခွဲနိုင်စွမ်းရှိတယ်လို့ ဟားဗက်တက္ကသိုလ်မှ ကမ္ဘာ့ကျန်းမာရေး ပါမောက္ခ မာစီယာကတ်စထရိုက ပြောကြားခဲ့ပါတယ်။

 

ပီရူးနိုင်ငံကတော့ လက်တင်အမေရိကနိုင်ငံတွေထဲမှာ နိုင်ငံတစ်ဝန်း ခရီးသွားလာခွင့်ပိတ်ပင်မှုတွေကို ပထမဆုံးနဲ့ အတင်းကျပ်ဆုံး ဆောင်ရွက်နိုင်ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပေမယ့် ကူးစက်မှုနဲ့ သေဆုံးမှုတွေကတော့ ဆက်လက် မြင့်တက်နေဆဲပဲဖြစ်ပါတယ်။

 

ချီလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု လျင်မြန်စွာ မြင့်တက်လာတဲ့အတွက် မြို့တော် ဆန်တီယေဂိုမှာ စည်းမျဉ်း စည်းကမ်းပြဋ္ဌာန်းချက်အရ မဖြစ်မနေလုပ်ရတဲ့ ခရီးသွားလာခွင့်ပိတ်ပင်မှုတစ်ရပ်ကို အစိုးရက ကြေညာ ခဲ့ပါတယ်။

 

ချီလီနိုင်ငံဟာ လက်တင်အမေရိကရဲ့ ကိုရိုနာ ဗိုင်းရပ်စ်ဆိုင်ရာ စမ်းသပ်စစ်ဆေးမှုအမြင့်ဆုံးရှိတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီး လူဦးရေ ၁၀၀၀ လျှင် ၂၁ ဦးနှုန်း စမ်းသပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်ဒေသတစ်ဝန်း စမ်းသပ် စစ်ဆေးမှုကတော့ ကမ္ဘာ့အခြားသောဒေသတွေ အောက်ကို သိသိသာသာ လျော့ကျနေတာ ဖြစ်ပါတယ်။

 

၁၅ ဆလောက်မြင့်တက်နိုင်ဖွယ်ရှိ

မက္ကဆီကိုနိုင်ငံကတော့ လူဦးရေ ၁၀၀၀ လျှင် ၁ ဒသမ ၂ ဦးနှုန်း စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်လျက် ရှိပါတယ်။ ဘရာဇီးနိုင်ငံဟာလည်း စမ်းသပ်စစ်ဆေးမှုနှုန်းမှာ နိမ့်ကျလျက်ရှိပြီး ဘရာဇီးနိုင်ငံအတွင်း ကူးစက်ခံရသူ အရေအတွက်ဟာ တရားဝင်အချက်အလက်တွေထက် ၁၅ ဆလောက် မြင့်တက်နိုင်ဖွယ်ရှိတယ်လို့ ဆော်ပေါ်လို ဆေးတက္ကသိုလ်ရဲ့ လေ့လာချက်တစ်ရပ်က ခန့်မှန်းထားပါတယ်။

 

အဲဒီလို ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်နေ ပေမယ့် ဘရာဇီးနိုင်ငံရဲ့ နယ်စပ်တွေကို ပြန်လည်ဖွင့်လှစ်ရေး စတင်ဆောင်ရွက်ဖို့ ဘရာဇီးသမ္မတ ဘိုလ်ဆိုနာရိုက ဆန္ဒရှိနေပါတယ်။ ဒါပေမယ့် ဆိုးရွားတဲ့ ကူးစက်မှုအခြေအနေ တွေက လက်တင်အမေရိကဒေသ တစ်ဝန်းအတွက် လှိုင်းဂယက်ဖြစ်လာနိုင်တာကို စိုးရိမ်ပူပန်နေတယ်လို့ လက်တင် အမေရိကနိုင်ငံတွေရဲ့ အစိုးရတွေက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ကိုးကား-ဘီဘီစီ