ကိုရိုနာဗိုင်းရပ်စ်နဲ့ ဂျပန်အပျော်စီးသင်္ဘောရဲ့ ကံကြမ္မာ

ကလျာမိုးမြင့်

 

ဂျပန်ကမ်းခြေမှာ ဆိုက်ကပ်ထားတဲ့ အပျော်စီးသင်္ဘောတစ်စင်းပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀ ဦးထက်မနည်း ရှိနေကြောင်း စစ်ဆေးတွေ့ရှိရပြီးတဲ့နောက် အဆိုပါသင်္ဘောကို သီးသန့် ခွဲခြားထားပြီး သင်္ဘောပေါ်က တခြားခရီးသည်တွေကို ကျန်းမာရေး စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ် ဆိုတဲ့သတင်းကို ယခုရက်ပိုင်းအတွင်း မီဒီယာတွေ အများအပြားက ဖော်ပြခဲ့ကြပါတယ်။ ထင်ထားတဲ့အတိုင်းပါပဲ၊ ယခုရက်ပိုင်းအတွင်းမှာ သင်္ဘောပေါ်က နောက်ထပ်ခရီးသည် ၄၁ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ထပ်မံကြားသိခဲ့ရပြန်ပါတယ်။

 

မြင့်တက်လာ

 

သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ တခြားလူတွေကို ထပ်ပြီး အဖျား ရှိ မရှိ စစ်ဆေးသွားဦးမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၇ ရက်မှာ အတည်ပြုခဲ့ပါတယ်။ ဒီတော့ အပျော်စီးသင်္ဘောပေါ်မှာ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့သူ အရေအတွက်ဟာ ၆၁ ဦးအထိ မြင့်တက်လာခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ သင်္ဘောတစ်စင်းပေါ်က ဗိုင်းရပ်စ်ပြန့်ပွားမှု အခြေအနေပဲ ရှိပါသေးတယ်။ နိုင်ငံနဲ့ချီပြီး ပြောရမယ်ဆိုရင်တော့ တရုတ်ပြည်မကြီးမှာတင် ဗိုင်းရပ်စ်ကူးစက်ခံရသူအရေ အတွက်ဟာ ၃၀၀၀၀ ကျော်နေပါပြီ။ ရာနဲ့ချီတဲ့ သေဆုံးသူတွေဟာလည်း တရုတ်နိုင်ငံက ကူးစက်ခံရသူတွေဖြစ်ပြီး အိမ်နီးချင်းနိုင်ငံ အများအပြားကိုလည်း ပျံ့နှံ့ ရောက်ရှိလို့နေပါတယ်။

 

ပြီးခဲ့တဲ့လအတွင်း Diamond Princess အပျော်စီး သင်္ဘောနဲ့လိုက်ပါလာပြီး ဟောင်ကောင်မှာ ဆင်းသွားတဲ့ ခရီးသည်တစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သိရှိရပြီးတဲ့နောက်မှာ အဲဒီသင်္ဘောကို သီးသန့် ခွဲခြားထားပြီး သင်္ဘောပေါ်က ခရီးသည် ၂၇၃ ဦးကို မကြာသေးခင်ကပဲ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ နောက်ထပ်ခရီးသည် ၁၇၁ ဦးကို စမ်းသပ်စစ်ဆေးထားတဲ့ ရလဒ်တွေလည်း ထွက်လာခဲ့ပြီဖြစ်ပြီး အဲဒီအထဲက ခရီးသည် ၄၁ ဦးမှာ ဗိုင်းရပ်စ်ရှိနေတယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီး ခတ်စုနိုဘူကာ တိုက သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။

 

ဆေးရုံပို့          

 

ယနေ့မှာတော့ သင်္ဘောပေါ်က ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ လူနာတွေကို ဒေသဆေးရုံ အများအပြားဆီ ပို့ဆောင်ပေးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ညနေခင်းက ဂျပန်ကမ်းခြေဆီ ဆိုက်ရောက်လာတဲ့ အဲဒီအပျော်စီးသင်္ဘောပေါ်မှာ ခရီးသည်အရေအတွက် စုစုပေါင်း ၃၇၀၀ ကျော် လိုက်ပါလာခဲ့ပါတယ်။ ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ထပ်မံစစ်ဆေး တွေ့ရှိခဲ့တဲ့သူတွေထဲမှာ ၂၁ ဦးဟာ ဂျပန်၊ အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ၊ အာဂျင်တီးနားနဲ့ ဗြိတိန်နိုင်ငံသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

 

သင်္ဘောဟာ လာမယ့်ဖေဖော်ဝါရီ ၁၉ ရက်အထိ ကြာမြင့်နိုင်ဖွယ်ရှိတဲ့ သီးသန့်ခွဲခြားစစ်ဆေးမှု ဆောင်ရွက်ဖို့အတွက် ဖေဖော်ဝါရီ ၆ ရက်က ယိုကိုဟားမားမှာ ကျောက်ချရပ်နားခဲ့တာပါ။ ကနဦးစစ်ဆေးမှုမှာ ဗိုင်းရပ်စ်ရှိနေကြောင်း တွေ့ရှိခဲ့ရတဲ့ လူ ၂ဝ ကိုတော့ သင်္ဘောပေါ်ကနေ ရွှေ့ပြောင်းသွားခဲ့ပြီဖြစ်ပြီး အဲဒီထဲ ကတစ်ယောက်ဟာ အရေးပေါ် အခြေအနေ ဖြစ်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြခဲ့ပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန် ဖော်ပြခဲ့ခြင်း မရှိပါဘူး။

 

ကျယ်ကျယ်ပြန့်ပြန့်စစ်ဆေး

 

သင်္ဘောပေါ်ကဆင်းသွားတဲ့ ဗိုင်းရပ်စ်ကူးစက်ခံရသူ ခရီးသည်နဲ့ နီးနီးကပ်ကပ် ရှိခဲ့တဲ့သူတွေမှာ ဗိုင်းရပ်စ်ရှိတဲ့ လက္ခဏာတွေ တွေ့ရတဲ့အတွက် အဲဒီလူတွေကို စပြီး ကျန်းမာရေးစစ်ဆေးမှု စတင်လုပ်ဆောင်ခဲ့ရာက ယခုလို ကူးစက်ခံရတဲ့အရေအတွက် ထပ်မံတိုးပွားလာရခြင်း ဖြစ်ပါတယ်။

 

စစ်ဆေးမှုကို ဒီထက်ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဗိုင်းရပ်စ် ရှိ မရှိ စစ်ဆေးမှုမှာ လူဘယ်နှယောက်အထိ ထပ်ပြီးကူးစက်ခံရကြောင်း တွေ့ရှိရဦးမလဲဆိုတာ မသိနိုင်သေးသလို စစ်ဆေးမှု ဘယ်လောက်အထိ ကြာနိုင်မလဲဆိုတာကို အသေးစိတ်ထုတ်ပြန်ချက်တော့ ထွက်မလာသေး ပါဘူး။

 

ကယ်ဆယ်ရွှေ့ပြောင်း

 

သင်္ဘောပေါ်မှာတွေ့ရှိရတဲ့ ဗိုင်းရပ်စ်ကူးစက်မှုအပြင် ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့သူ အရေ အတွက်ဟာ ၂၅ ဦးထက်မနည်းရှိခဲ့ပြီး ဗိုင်းရပ်စ်စတင် ဖြစ်ပွားရာ ဗဟိုချက်မဖြစ်တဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ရှိနေတဲ့ ရာနဲ့ချီတဲ့ ဂျပန်နိုင်ငံသားတွေကိုလည်း မကြာသေး ခင်ကပဲ လေယာဉ်တွေစေလွှတ်ပြီး ကယ်ဆယ်ရွှေ့ပြောင်းထားရပါတယ်။ ဂူဟန်ကိုစေလွှတ်လိုက်တဲ့ လေးစင်းမြောက် ကယ်ဆယ်ရေးလေယာဉ်ပေါ်မှာ ဂျပန်နိုင်ငံသားတွေ၊ ၎င်းတို့ရဲ့ ဂျပန်နိုင်ငံသားမဟုတ်တဲ့ ဇနီး ခင်ပွန်းတွေနဲ့ တခြားဆွေမျိုးရင်းချာတွေ လိုက်ပါလာကြပြီး ဖေဖော်ဝါရီ  ၇ ရက် နံနက်ပိုင်းမှာ အဲဒီလေယာဉ်ဟာ ဂျပန်နိုင်ငံကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

 

ကျဉ်းကျပ်တဲ့အခြေအနေ

 

ယခုအပျော်စီးသင်္ဘောကိစ္စမှာ ခရီးသည်တွေကို သီးသန့်ထားရှိပြီး စစ်ဆေးဆောင်ရွက်မှုတွေဟာ ဖေဖော် ဝါရီ ၁၉ ရက်အထိ ကြာချင်ကြာနိုင်တယ်လို့ ဆိုပါတယ်။ ရောဂါ နောက်ထပ်ကူးစက် ဖြစ်ပွားမှုကို တားဆီးဖို့အတွက် သင်္ဘောပေါ်က ခရီးသည်တွေဟာ ၎င်းတို့ရဲ့ ခရီးသည်နား နေခန်းထဲမှာပဲ ဆက်လက်နေထိုင်ရမှာ ဖြစ်ပါတယ်။

 

ခရီးသည်တွေကတော့ အတော်လေးကို အနေအထိုင် ကျဉ်းကျပ်လှပြီဖြစ်သလို ၎င်းတို့စီးလာတဲ့ အပျော်စီးသင်္ဘောဟာ အခုလိုမျိုး ကံကြမ္မာဂြိုဟ်ဆိုးနဲ့ တည့်တည့်တိုးရမယ်လို့ တွေးထင် မထားခဲ့တဲ့အတွက် အခုလိုရင်ဆိုင်လာရချိန်မှာ တုန်လှုပ်ချောက်ချားမှုနဲ့အတူ စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ အမူအရာတွေကို ဖော်ပြနေကြပါတယ်။ “အိပ်ပျက် ညတွေကနေ လွန်မြောက်ချင်ပြီ၊ စိတ်ရှုပ်ထွေးစရာ အခြေအနေတစ်ခုပဲ။ ငိုကြွေးချင်မိတယ်” လို့တွစ်တာအသုံးပြုသူ ခရီးသည်တစ်ဦးဖြစ်တဲ့ ယာဒ်လေဝေါင်က ရေးသားခဲ့ပါတယ်။

 

သင်္ဘောပေါ်မှာနေရင်း ဗီဒီယိုဖိုင်တွေရိုက်ပြီး လိုင်းပေါ်တင်နေတဲ့ ဗြိတိန်နိုင်ငံသား ခရီးသည်တစ်ဦးဖြစ်တဲ့ ဒေးဗစ် အက်ဘဒယ်လ်က သင်္ဘောစီးခရီးသည်တွေဟာ မီဒီယာတွေ ကဖော်ပြတဲ့ သတင်းအချက်အလက်တွေကို သင်္ဘောပေါ်က အာဏာပိုင်တွေထက် ပိုပြီးမြန်မြန်ဆန်ဆန် ကြားရသိရတယ်။ ဒါကသိပ်တော့ မဟုတ်သေးဘူးလို့ ပြောခဲ့တာကို တွေ့ရပါတယ်။

 

စည်းကမ်းထုတ်ထား

 

ဒါပေမယ့်လည်း ဒေးဗစ်က သင်္ဘောပေါ်က နားနေခန်းတွေထဲမှာ ရှိနေကြတဲ့ ထောင်နဲ့ချီတဲ့ ခရီးသည်တွေဆီ အစားအသောက်တွေ ပို့ဆောင်ပေးဖို့ ကြိုးပမ်းခဲ့တဲ့ သင်္ဘောအမှုထမ်းတွေရဲ့ ကြိုးပမ်းမှုကိုတော့ ချီးကျူးခဲ့ပါတယ်။ ပြတင်းပေါက်မရှိတဲ့ နားနေခန်းထဲမှာနေရတဲ့ ခရီးသည်တွေကို လူနည်းစုအဖွဲ့နဲ့အတူ သင်္ဘောကုန်း ပတ်ပေါ်တက်ပြီး လေကောင်းလေသန့် ရှူရှိုက်ခွင့်တော့ ပေးထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် နားနေခန်းထဲက ထွက်ပြီဆိုတာနဲ့ နှာခေါင်းစည်းကို တစ်ချိန်လုံး တပ်ထားဖို့ဆိုတဲ့ စည်းကမ်းချက် အပါအဝင် တင်းကျပ်တဲ့ စည်းကမ်း သတ်မှတ်ချက်တွေကိုတော့ လိုက်နာရပါတယ်။

 

သင်္ဘောပေါ်က အရာရှိတွေကိုလည်း လူတွေအများ ကြီးအုပ်စုလိုက်ဖွဲ့ပြီးနေခြင်းကနေ ရှောင်ရှားဖို့၊ တစ်ဦးနဲ့တစ်ဦး စကားပြောတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် အနည်းဆုံး တစ်မီတာလောက်အထိ ခွာပြီးနေဖို့ ညွှန်ကြားထားတယ်လို့ သင်္ဘောကပ္ပတိန်က ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းက ကြေညာချက်ထုတ်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် လတ်တလောမှာတော့ သင်္ဘောပေါ်ကလူတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သီးခြားကမ္ဘာတစ်ခုမှာ နေထိုင်ရသလိုဖြစ်နေပါတယ်။ ။

 

ကိုးကား-အေအက်ဖ်ပီ