ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် တစ်ပတ်အတွင်း အမေရိကန်ဒေါ်လာ ၃၅ သန်း လှူဒါန်းခဲ့တဲ့ လေဒီဂါဂါ

၈  ဧပြီ

ကျော်ကြားတဲ့ အမေရိကန်ပေါ့ပ်ကြယ်ပွင့်တစ်ဦးဖြစ်သူ လေဒီဂါဂါဟာလည်း အခြားသောကြယ်ပွင့် တွေနည်းတူ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ အလှူငွေတွေ ပါဝင်ခဲ့ပါတယ်။ ပေါ့ပ်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် လှူဒါန်းခဲ့တဲ့ ငွေစုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၃၅ သန်း ရှိကြောင်း အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ကမ္ဘာတစ်ဝန်းက လူတွေဟာ ဗိုင်းရပ်စ်တိုက်ဖျက်ရေးမှာ ပါဝင်တဲ့အနေနဲ့ အသွားအလာ ကန့်သတ်နေထိုင်ခြင်း၊ ခပ်ခွာခွာနေထိုင်ခြင်းတို့ကို ပြုလုပ်လျက်ရှိပါတယ်။ ငွေကြေးတတ်နိုင်သူတွေက အလှူငွေတွေ ပါဝင်လှူဒါန်းခဲ့ကြပြီး လေဒီဂါဂါကလည်း အဆိုပါ ဗိုင်းရပ်စ်တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်နေတာ တွေ့ရပါတယ်။

ဧပြီ ၆ ရက်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကျင်းပတဲ့ ညီလာခံမှာ လေဒီဂါဂါက မိန့်ခွန်းပြောကြားခဲ့ပြီး သူ့ရဲ့ မိန့်ခွန်းမှာ တစ်ပတ်အတွင်း အမေရိကန်ဒေါ်လာ ၃၅ သန်း လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း ပေါ့ပ်ကြယ်ပွင့်က ထည့်သွင်းပြောကြားခဲ့တာပါ။ လေဒီဂါဂါက သူဟာ အဆိုပါအလှူငွေတွေကို Global Citizen နဲ့ ပူးပေါင်းလှူဒါန်းခဲ့တာဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် လေဒီဂါဂါက ကိုရိုနာတိုက်ဖျက်ရေးအတွက် ရှေ့တန်းကနေ ပါဝင်လုပ်ဆောင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ကျေးဇူးတင်ကြောင်း၊ ၎င်းတို့အတွက် ဂုဏ်ယူကြောင်းနဲ့ ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း အမြန်ဆုံးပြန်လည်ကျန်းမာလာဖို့ရာ ဆုတောင်းပါကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် အသွားအလာကန့်သတ်ထားတဲ့ ကာလအတွင်း အလုပ်ဆုံးရှုံးခဲ့ရသူတွေ၊ အစားအသောက်အတွက် အခက်အခဲဖြစ်နေတဲ့ ကလေးငယ်တွေအတွက်လည်း လေဒီဂါဂါက ရန်ပုံငွေတွေ ထူထောင်နေကြောင်းလည်း သိရပါတယ်။

အေးပြည့်