ကိုယ်ဝန်လနုချိန်မှာ အစေ့အဆန်တွေစားပေးရင် မွေးလာတဲ့ကလေးဉာဏ်ပိုကောင်းနိုင်

ကိုယ်ဝန်ဆောင်မေမေတို့ စားသင့်တဲ့အစားအစာတွေကို တော်တော်များများ သိထားကြပြီးဖြစ်ပါတယ်။ ဒီတစ်ခါတော့ ကိုယ်ဝန်ဆောင်ချိန် စားသင့်တဲ့အာဟာရတစ်မျိုးအကြောင်း လေ့လာတွေ့ရှိမှုတစ်ခုကို မျှဝေပေးချင်တယ်။ ကိုယ်ဝန်လနုစဉ်အတွင်း အစေ့အဆန်တွေစားသုံးရင် မွေးလာတဲ့ကလေး ဉာဏ်ပိုကောင်းတယ်လို့ သုတေသီကပြောလာပါတယ်။

 

ဒီမိခင်တွေကနေမွေးလာတဲ့ကလေးတွေက မှတ်ဉာဏ်ပိုကောင်းတယ်၊ အာရုံစူးစိုက်နိုင်စွမ်း ပိုကောင်းတယ်၊ တွေးတောနိုင်စွမ်း ပိုကောင်းတယ်လို့ တွေ့ရှိရပါတယ်။

 

ကိုယ်ဝန်ပထမသုံးလအတွင်းမှာ တစ်ပတ်ကို လက်သုံးဆုပ်စာ (၉၀ ဂရမ်)လောက်စားမယ်ဆို အကောင်းဆုံး ပါပဲတဲ့။

 

သစ်ကြားသီး၊ ဗာဒံစေ့၊မြေပဲ၊ ဖရုံစေ့ တို့လို အခွံမာသီးတွေနဲ့ အစေ့အဆန်တွေမှာ ကျန်းမာရေးအတွက် အကျိုးပြုအဆီဓါတ်fatty acidsတွေပါရှိပါတယ်။

 

ဒီသုတေသနကိုBarcelona Institute for Global Health မှ ပညာရှင်တွေက မိခင်နဲ့ကလေး အယောက် ၂၂၀ဝ ကိုလေ့လာခဲ့တာဖြစ်ပါတယ်။

 

ပါဝင်သူအမျိုးသမီးတွေကို စားသောက်ပုံအလေ့အထနဲ့ပတ်သက်ပြီး မေးခွန်းတွေဖြေစေခဲ့ပြီး ကလေးတွေကိုလည်း စစ်ဆေးမှုတွေအများအပြားပြုလုပ်ခဲ့ပါတယ်။

 

ကလေးတွေရဲ့အသက် ၁၈ လ၊ ၅ နှစ်နဲ့ ၈ နှစ်အရွယ်တွေမှာတွေးခေါ်နိုင်စွမ်း၊ အာရုံစိုက်နိုင်စွမ်းနဲ့ မှတ်ဉာဏ်တို့ကို စစ်ဆေးခဲ့တာပါ။

 

စစ်ဆေးမှုရလဒ်တွေမှာတော့ ကိုယ်ဝန်လနုစဉ် အစေ့အဆန်အများဆုံးစားခဲ့တဲ့ မိခင်တွေရဲ့ ကလေးတွေက အမှတ်အမြင့်ဆုံးဖြစ်နေတာတွေ့ရပါတယ်။

 

“ကိုယ်ဝန်ဆောင်ချိန်အစေ့အဆန်စားခြင်းက ကလေးရဲ့ဦးနှောက်အာရုံကြောအတွက် ရေရှည်အကျိုး ကျေးဇူးကို တွေ့ရှိတာ ပထမဆုံးပါ။ အဓိကတော့ ကိုယ်ဝန်ကာလအတွင်းမှာ ဦးနှောက်က ဖြစ်စဉ်တွေအမျိုးစုံလုပ်ဆောင်နေတာဖြစ်တယ်၊ မိခင်စားသုံးတဲ့အာဟာရက သန္ဓေသားရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုမှာ သက်ရောက်မှုအရေးပါတယ်ဆိုတာပါပဲ။” လို့ ဦးဆောင်သုတေသီ Florence Gignac ကပြောပါတယ်။

 

ဒီသုတေသနရဲ့ အဓိကအချက်ကတော့ ဒီအစေ့အဆန်တွေမှာဖောလစ်အက်စစ်ပါဝင်မှုများတယ်၊ အထူးသဖြင့် omega-3 နဲ့omega-6 တို့လို အကျိုးပြုအဆီဓါတ်တွေ ပါဝင်တယ်ဆိုတော့ အကျိုးကျေးဇူး ပိုကောင်းတာပါလို့ သူကဆိုပါတယ်။

 

ဒီဓါတ်တွေက အာရုံကြောတစ်ရှူးအတွင်း၊ အထူးသဖြင့် မှတ်ဉာဏ်နဲ့ဆုံးဖြတ်နိုင်စွမ်း လုပ်ဆောင်ချက်တွေနဲ့ဆိုင်တဲ့ ဦးနှောက်အရှေ့ခြမ်းမှာ အကျိုးပြုတာဖြစ်ပါတယ်။

 

သုတေသနမှာ ကိုယ်ဝန်ပထမသုံးလနောက်ပိုင်း အစေ့အဆန်စားသုံးမှုကိုလည်းလေ့လာခဲ့ပေမယ့် အကျိုးရလဒ် နည်းတာကို တွေ့ရပါတယ်။

 

အစေ့အဆန်နဲ့ အခွံမာသီးတွေဟာ သွေးတိုးနဲ့ ဆီးချိုအန္တရာယ် နည်းပါးစေပြီး အသက်ကြီးသူတွေမှာ စိတ်ခွန်အား လျော့ကျခြင်းကို ကာကွယ်နိုင်တယ်ဆိုတာ သိထားကြပြီးသား ဖြစ်ပါတယ်။

 

အစေ့အဆန်တွေက အမျှင်ဓါတ်များပါတယ်။ အရသာမဖြည့်စွက်ထား၊ ပြုပြင်စီမံမထားတဲ့ အစေ့အဆန်တွေက ပိုကောင်းပါတယ်။ ဒါပေမယ့် အဆီဓါတ်တော့ကြွယ်ဝတာကြောင့် ထိုက်သင့်တဲ့ ပမာဏထက် မလွန်ကဲအောင် ချင့်ချိန်စားဖို့တော့ လိုပါတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပါတယ်။

 

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

 

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရေးသားသူ Yun Sandi Nan Mon