ကြက်စာရောင်းချသည့် နိုင်ငံခြားမွေးမြူရေး ကုမ္ပဏီကြီးများကြောင့် ပြည်တွင်းမွေးမြူရေးလုပ်ငန်းရှင်များ ထိခိုက်မှုရှိလာ

မန္တလေး ၂၂ စက်တင်ဘာ

 

ကြက်စာရောင်းချသည့် နိုင်ငံခြားမွေးမြူရေး ကုမ္ပဏီကြီးများက ကိုယ်ပိုင်ကြက်မွေးမြူရေးခြံများ တိုးချဲ့လာခြင်းကြောင့် ပြည်တွင်းကြက်မွေးမြူရေး လုပ်ငန်းရှင်များ ထိခိုက်မှုရှိလာကြောင်း ကြက်မွေးမြူသူများထံမှ သိရသည်။

 

မြန်မာနိုင်ငံသို့  ၁၉၉၆ ခုနှစ်မှ စတင်ကာ မွေးမြူရေးအစာရောင်းချသည့် ကုမ္ပဏီကြီးများ ဝင်ရောက်လာပြီး ပြည်တွင်းမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများနှင့် အကျိုးတူ မွေးမြူနေရာမှ တစ်နှစ်ထက်တစ်နှစ် ကိုယ်ပိုင်မွေးမြူမှုများကို တိုးချဲ့လုပ်ကိုင်လာကြသဖြင့် ကြက်မွေးမြူရေး ဈေးကွက်တွင် ပြည်တွင်းတိုင်းရင်းသား မွေးမြူရေးလုပ်ကိုင်သူများ ထုတ်လုပ်စရိတ်အောက် ကျဆင်းကာ တွက်ခြေမကိုက် အရှုံးပေါ်လာကြကြောင်း၊ ကုမ္ပဏီကြီးများနှင့် ထုတ်လုပ်မှုစရိတ် ယှဉ်ပြိုင်နိုင်မှုမရှိခြင်းကြောင့် ရေရှည်တွင် ပြည်တွင်းမွေးမြူသူများ ရပ်တည်နိုင်မှု ခက်ခဲလာနိုင်ကြောင်း  မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာကျော်ထင် က ပြောသည်။

 

“ထိန်းချုပ်မှုမရှိတော့ ဈေးကွက်မှာ အသားထုတ်လုပ်မှုပိုလျှံလာတော့ တိုင်းရင်းသားမွေးမြူသူတွေမှာ ဈေးကွက်မှာ ထိခိုက်လာတာပါ။ တချို့ကုမ္ပဏီတွေကတော့ အစာထုတ်လုပ်တာ တစ်မျိုးပဲလုပ်ပေမယ့် ကိုယ်တိုင်ဝင်ရောက် မွေးမြူလာတဲ့ ကုမ္ပဏီကြီး ၁၀ ခုလောက် ရှိပါတယ်” ဟု ဒေါက်တာထင်ကျော်က ပြောသည်။

 

မြန်မာနိုင်ငံတွင် အသားတိုးကြက်သားထုတ်လုပ်မှုမှာ တစ်လလျှင် ကြက်ပေါက် ၁၈ သန်းရှိကြောင်း မြန်မာနိုင်ငံ ကြက်မွေးမြူရေးအသင်းက သိရသည်။

 

ဖြိုးအိ