ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နိုင်ငံသားစိစစ်ရေးကတ်ပေးအပ်ပွဲ တက်ရောက်

မိုးကောင်း နိုဝင်ဘာ ၂၇

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းနှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျှက် မိုးကောင်းမြို့တော်ခန်းမ၌ နိုဝင်ဘာ ၂၆ ရက် နံနက်ပိုင်းက ကျင်းပသော ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ထားသည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပေးအပ်ပွဲသို့ တက်ရောက် အမှာစကားပြောကြားပြီး ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီးက ပန်းခင်းစီမံချက်ဆိုင်ရာ လုပ်ငန်းကိစ္စရပ်များ ပြောကြားသည်။

အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပေးအပ်ရာတွင် အသက် ၁၀ နှစ်ပြည့် အမျိုးသား ၅၀ နှင့် အမျိုးသမီး ၅၈ ဦး၊ အသက် ၁၈ နှစ်ပြည့် အမျိုးသား ၁၀၇ ဦးနှင့် အမျိုးသမီး ၈၅ ဦး စုစုပေါင်း ၃၀၀ အတွက် ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီးတို့က ပေးအပ်ရာ ဒေသခံပြည်သူများက လက်ခံရယူကြသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကချင်ပြည်နယ် အစိုးရအဖွဲ့မှ မိုးကောင်းမြို့နယ်အတွင်းရှိ Volunteer များအတွက် စက်သုံးဆီနှင့် Lunch Box၊ ပိုးတွေ့လူနာများအတွက် Lunch Box နှင့် ကုန်ကျစရိတ်များအတွက် ငွေကျပ် ၆၅၀၄၀၀၀၀ ကို ပေးအပ်ရာ မြို့နယ်ကို‌ဗစ်ရောဂါကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် ဒေါက်တာကောင်းမြတ်စံတို့က လက်ခံရယူ ကြသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုးကောင်းပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)