ကလေးစာပေပွဲတော် (ချောင်းသာမြို့) ရင်တွင်းစကားသံများ

၁ နိုဝင်ဘာ 

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၂၆ မြို့နယ်တွင် ကလေးစာပေပွဲတော်များကို နိုဝင်ဘာ ၁ ရက်မှစတင်၍ ဧပြီလအထိ ကျင်းပသွားမည်ဖြစ်ရာ ပထမဦးဆုံးဆောင်ရွက်မည့် ချောင်းသာမြို့ ကလေးစာပေပွဲတော်ကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိကြသည်။ အဆိုပါ ကလေးစာပေပွဲတော်ကျင်းပမှုနှင့်ပတ်သက်သည့် အကြိုရင်တွင်းစကားသံများကို အများပြည်သူသိရှိ၍ ကြည်နူးမှုရရှိနိုင်စေရန် ဖော်ပြပေးလိုက်ပါသည်။

ဦးကျော်မြင့် (စည်ပင်သာယာရေးဝန်ကြီး၊
ကလေးစာပေပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ)


ကလေးစာပေပွဲတော်တွေကို တိုင်းဒေသကြီးအဆင့်နဲ့ ခရိုင်အဆင့်များမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးပါပြီ။အခုဒီနှစ်မှာတော့ မြို့နယ်ပေါင်း ၂၆ မြို့နယ်မှာကျင်းပဖို့ စီမံဆောင်ရွက်တာဖြစ်ပါတယ်။ အဲဒီလိုကျင်းပခြင်းအားဖြင့်မြို့နယ်ကိုအခြေပြုတဲ့ ကျေးလက်တောရွာဒေသကကလေးငယ်တွေပါ ဒီကလေးစာပေပွဲတော်တွေကိုလာရောက်ဆင်နွှဲနိုင်ပြီး စာပေပွဲတော်ကပေးတဲ့ စာပေမြတ်နိုးမှု၊ တစ်ဦးနဲ့တစ်ဦး စုပေါင်းဆောင်ရွက်တတ်တဲ့အလေ့အကျင့်၊ စာပေကပေးတဲ့ အသိအလိမ္မာတွေရရှိပြီးတော့ မိမိရဲ့ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်ရဲ့အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ဖို့ စတဲ့ဝမ်းစာတွေသိုမှီးနိုင်တဲ့ ကလေးစာပေပွဲတော်တွေကို ကျွန်တော်တို့ဧရာဝတီတိုင်းဒေသကြီးအနေနဲ့ တိုင်းဒေသကြီးလုံးကျွတ် ထူးထူးခြားခြားပဲ ကျင်းပနိုင်တော့မှာဖြစ်ပါတယ်။

 

ဦးမင်းဇော် (မြို့မိမြို့ဖ၊ ချောင်းသာမြို့)

 

a

 

ဒီဒေသမှာ ကလေးစာပေပွဲတော် ကျင်းပခွင့်ရတဲ့အတွက်ပြောမပြတတ်အောင် ဝမ်းသာမိပါတယ်။ကလေးတွေအတွက် တကယ်ကိုမှ တန်ဖိုးရှိတဲ့၊ တန်ဖိုးမဖြတ်နိုင်တဲ့ ပွဲလေးတစ်ပွဲအဖြစ် ခံယူထားတယ်။ ကျွန်တော်တို့နဲ့ ရပ်ရွာမှာရှိတဲ့သူတွေ အကုန်လုံး အားတက်သရော ပူးပေါင်းပါဝင်ပြီးပွဲတော်ဖြစ်မြောက်ရေးအတွက် ကြိုးစားပြီးတော့ ဆောင်ရွက်နေပါတယ်။ အနီးဝန်းကျင်ဒေသတွေက ကလေးငယ်တွေအားလုံးလည်း လာရောက်ပါဝင်ဆင်နွှဲကြမှာဖြစ်လို့သူတို့လေးတွေအတွက် အထူးပဲဝမ်းသာနေမိပါတယ်။

ဦးဝင်းဌေး(အထက်တန်းပြဆရာ)

ကလေးတွေအနေနဲ့ ဒီစာအုပ်စာပေတွေကို လေ့လာခြင်း၊ ဖတ်ရှုခြင်းအားဖြင့် သူတို့ဟာ ဗဟုသုတတွေ တိုးပွားလာမယ်။ သူတို့လေးတွေဟာ နောင်တစ်ချိန်ကျရင် နိုင်ငံရဲ့တာဝန်ကို ပခုံးပြောင်းပြီး တာဝန်ထမ်းဆောင်ရမယ့်သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးငယ်တွေဟာ ငယ်ငယ်လေးကတည်းက စာပေဗဟုသုတ တိုးပွားဖို့က အဓိကဖြစ်တယ်။ အဲဒီလို တိုးပွားတဲ့အခါကျမှ နောင်တစ်ချိန်မှာကျွန်တော်တို့နိုင်ငံက ရှေ့ကို တိုးတက်မှာအမှန်ပါပဲ။ ဒီပွဲတော်ဟာ ကလေးတွေဘဝ တိုးတက်လမ်းအတွက် တစ်ဖက်တစ်လမ်းကနေ ကူညီနိုင်မယ်လို့လည်း ယူဆတယ်။ ဒီလို ကလေးစာပေပွဲတော်တွေ လုပ်ပေးတဲ့အကျိုးကျေးဇူးကြောင့် ကလေးတွေဟာ ပိုပြီးတော့ လိမ္မာရေးခြားရှိလာမယ်။ နိုင်ငံချစ်စိတ်၊ တာဝန်ယူ၊ တာဝန်ခံမှုစိတ်ဓာတ်တွေ ကိန်းဝပ်လာအောင်လို့ ပြုလုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

 

a

 

မဖြူဖွေးသန့် (ဒသမတန်းကျောင်းသူ)

သမီးတို့ကျောင်းမှာ ကလေးစာပေပွဲတော် လာပြီးကျင်းပမှာဖြစ်တဲ့အတွက် ဝမ်းသာပါတယ်။ ဒီလိုပွဲတော်မျိုး တစ်ခါမှမကြုံဖူးသေးပါဘူး။ အားကစားပြိုင်ပွဲတွေလည်းပါတယ်လို့ သိရတဲ့အတွက် ဝင်ပြီးကစားမယ်လို့ စိတ်ကူးထားပါတယ်။ စာအုပ်တွေလည်း ဝယ်ဖို့စိတ်ကူးရှိပါတယ်။အခုသူငယ်ချင်းတွေနဲ့အတူ သန့်ရှင်းရေးနဲ့ ပံ့ပိုးကူညီရေးအပိုင်းကနေ ပါဝင်အားဖြည့်ပေးနေပါတယ်။

 

a

 

အဆိုပါ ကလေးစာပေပွဲတော်တွင် ပုံပြော၊ ကဗျာရွတ်၊ ကျပန်းစကားပြောပြိုင်ပွဲများ၊ စာပေဟောပြောပွဲနှင့် စာပေဆွေးနွေးပွဲ၊ ပန်းချီနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ၊ စကားပုံဆက်၊အရုပ်ဆက်၊ အိမ်ဆောက်ကစားနည်းများ၊ ဂိမ်းကစားနည်းများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်းနှင့် အသိပညာပေးပြခန်းများ၊ကလေးစာဖတ်ခန်းနှင့် စာအုပ်အရောင်းဆိုင်များဖြင့် စည်ကားသိုက်မြိုက်စွာ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

တွေ့ဆုံမေးမြန်း-နေဝင်း(ကျုံပျော်)၊
ဝင်းကြိုင်(ကျောင်းကုန်း)