ကလေးစာပေပွဲတော်(အိမ်မဲ)မှ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်းကို လာရောက်လေ့လာသူများ အထူးစိတ်ဝင်စား

အိမ်မဲ ၆ နိုဝင်ဘာ

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာရေးဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကလေးစာပေပွဲတော် (အိမ်မဲ) စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို အ.ထ.က (၁)ကျောင်း၌ နိုဝင်ဘာလ(၆/၇) ရက်နေ့များတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ပွဲတော်သို့ လာရောက်လေ့လာသူများက ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်းကို အထူးစိတ်ဝင်စားလျက်ရှိသည်။

အဆိုပါ ပြခန်း၌ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ နိုင်ငံရေးအပါအဝင် စာပေ၊ ဂီတနယ်ပယ်များတွင်ပါ ထူးချွန်ခဲ့ကြသူ စုစုပေါင်း ၈၄ ဦး၏ ထင်ရှားကျော်ကြားခဲ့သည့် နယ်ပယ်၊ မွေးဖွားသည့် မြို့နယ်နှင့် အတ္ထုပတိအကျဥ်းတို့ကို ပြသထားရာ လာရောက်လေ့လာသူများက အထူးစိတ်ဝင်စားလျက်ရှိပြီး အိမ်မဲမြို့နယ် အခြေခံပညာကျောင်း အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ပြည်သူများ လာရောက်လေ့လာလျက်ရှိသည်။

"ဒီ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်းက ကျောင်းသား၊ ကျောင်းသူတွေအတွက် အထောက်အကူ ဖြစ်စေတယ်၊၊ ဘာလို့ဆိုရင် ဒီပြခန်းမှာ ပါဝင်တဲ့ ထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီးများက မြို့နယ်အသီးသီး ကျေးရွာအသီးသီးကနေ မွေးဖွားလာကြတာဖြစ်တယ်။ လာရောက်လေ့လာကြတဲ့ ကလေးတွေအနေနဲ့လဲ မိမိတို့ ဘယ်လိုအခြေနေကနေ တက်လာလာ အားကျအတုယူပြီး ကြိုးစားလိုစိတ်နဲ့ ရှေ့ဆက်သွားမယ်ဆိုရင် နောင်တစ်ချိန်မှာ ထူးချွန်ထင်ရှားတဲ့သူ ဖြစ်လာနိုင်တယ်ဆိုတဲ့အသိ ရရှိသွားကြမှာပါ။ ကလေးငယ်တွေ အနေနဲ့လဲ ကောင်းမွန်တဲ့ ပညာရေးနဲ့အတူ ဆရာ၊ ဆရာမ၊ မိဘတွေရဲ့ သွန်သင်လမ်းပြမှုနဲ့အတူ ကြိုးစားသွားရင် ထူးချွန်ထင်ရှားတဲ့သူတစ်ယောက် ဖြစ်လာနိုင်တယ်။ ကျွန်မကိုယ်တိုင်ကလဲ နောင်တစ်ချိန်မှာ ဒီပြခန်းကို လာရောက်လေ့လာတဲ့ ကျောင်းသား၊ ကျောင်းသူတွေအထဲက တစ်ဦးတစ်ယောက်မက ပေါ်ထွန်းလာအုံးမယ်လို့ ယုံကြည်ပါတယ်" ဟု အ.ထ.က(၁) အိမ်မဲကျောင်းမှ အထက်တန်းပြ နန့်ကေသီက ပြောသည်။

 

IMG_20191106_094936

 

ကလေးစာပေပွဲတော် ကာလအတွင်း ကလေးများအတွက် ပုံပြော၊ ကဗျာရွတ်၊ ကျပန်းစကားပြောပြိုင်ပွဲများ၊ စက္ကူခေါက်၊ စကားပုံဆက်၊ အရုပ်ဆက်၊ ဆေးရောင်ခြယ် ပြိုင်ပွဲများအပြင် ထုပ်ဆီးတိုး၊ ဂိမ်းကစားပြိုင်ပွဲများ၊ ဖျော်ဖြေရေးပွဲများကိုလည်း စီစဉ်ထားကြောင်း သိရသည်။

ကလေးစာပေပွဲတော်ကို ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးရေး၊ စာပေဗဟုသုတရရှိရေး၊ ဉာဏ်ရည်ထက်မြက်ရေး၊ ကလေးများ၏ စွမ်းရည်းများ မြှင့်တင်ရေး၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိရေး စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပပေးခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)