ကလေးတို့အိမ်ထဲကအရာတွေကို ကိုင်တွယ်တဲ့အခါ

၂၇  အောက်တိုဘာ

ဒီတစ်ပတ်တော့ ကလေးတို့ကို မေမေတို့ ဖေဖေတို့ လုံးဝမနှစ်သက်တဲ့အရာတွေကို သတိပေးသွားမှာဖြစ်ပါတယ်။ ကလေးတို့ဆီမှာ ကိုကို၊ မမတွေ ရှိခဲ့မယ်ဆိုရင်လည်း သူတို့မကြိုက်တဲ့အရာတွေ၊ စည်းကမ်းမရှိဘူးလို့ ကလေးတို့ကို ဆူမယ့်အရာတွေကို ပြောပြမှာပါ။

ပါးစပ်ကို ပြောင်အောင်သုတ်ပါ

မမတို့ အမြဲပြောပေမယ့် ကလေးအတော်များများ မလိုက်နာကြတာကတော့ အစားအစာ စားပြီးတဲ့အခါ အဆီတွေ၊ မုန့်တွေပေနေတဲ့ ပါးစပ်ကြီးကို မသန့်ရှင်းပေး တာပဲ ဖြစ်ပါတယ်။ ကလေးတို့ကတော့ ဘယ်သူ့မှ မထိခိုက် ဘူးလို့ထင်မှာပေါ့။ အမှန်က ပါးစပ်တွေပေနေတဲ့၊ ညစ်ပတ်တဲ့ကလေးကို ဘယ်သူမှ ချစ်နိုင်မှာမဟုတ်ပါဘူး။ ပါးစပ်ကို မသုတ်ခင် အကောင်းဆုံးကတော့ ပလုတ်ကျင်းပြီးမှ ရေနဲ့ပါးစပ်ကို ဆေးထားမယ်ဆိုရင် ယဉ်ကျေးလိမ္မာတဲ့အပြင် သန့်ရှင်းတဲ့ ကလေးလေးတွေ ဖြစ်လာမှာပေါ့ကွယ်။

 

75369168_2398575197049641_1123182992135553024_n

 

အသက်ကိုလိုက်ပြီး ကလေးတို့ အလုပ်လုပ်ကြပါလား

နော်ဝေနိုင်ငံက အသက် ၁၀ နှစ်ရှိတဲ့ မမအန်နာဟာ မနက်မိုးလင်းတာနဲ့ သူ့ညီမလေးနဲ့ မောင်လေးကိုရော၊ သူ့အတွက်ပါ မနက်စာပြင်ဆင်ပေးပြီး ကျောင်းသွားဖို့နဲ့ အိမ်မှာကျန်နေတဲ့ ဘွားဘွား၊ ရုံးသွားတက်ရမယ့် ဖေဖေတို့အတွက် နံနက်စာကိုလည်း စီစဉ်တတ်သတဲ့။ ပြီးမှ ကျောင်းသွားသတဲ့။ ကလေးတို့ဟာ အသက်အရွယ်နဲ့လိုက်ပြီး လူ့လောကထဲမှာ နေတတ်ထိုင်တတ်ဖို့ဆိုတာ အရေးကြီးတာပေါ့။

အသက်နှစ်နှစ်ကနေ သုံးနှစ်ခွဲကြား ကလေးတိုင်းဟာ ခံစားချက်ကို ပြနိုင်ရမှာဖြစ်ပြီး သူနိုင်တဲ့တံမြက်စည်း လှဲတာ၊ ရေကိုကိုယ်တိုင်ယူသောက်တာ၊ ကိုယ့်သန့်ရှင်းရေး ကိုယ်လုပ်တာတွေကို လေ့ကျင့်နေကြဖို့လိုပါသတဲ့။ အသက်သုံးနှစ်ခွဲကနေ ငါးနှစ်အထိမှာတော့ ယဉ်ယဉ်ကျေးကျေးနဲ့ သာယာနာပျော်ဖွယ်သူများကို မိတ်ဆက်၊ စကားပြောတာ၊ မိဘကို တောက်တိုမယ်ရကူညီပေးတာနဲ့ မကြိုက်တဲ့အရာတွေကို ယဉ်ယဉ်ကျေးကျေး ငြင်းပယ်တတ်တာတွေ သိထားလိုက်နာထားရပါမယ်။ အသက်ငါးနှစ်ကနေ ခုနစ်နှစ်အထိကတော့ အိမ်ရဲ့ လူစိမ်း၊ လူမိတ်ဆွေကို ခွဲခြားသိပြီး မိဘကို မီးဖိုချောင်တွေ၊ အိပ်ခန်းသန့်ရှင်းရေးတွေမှာ ကူညီပြီးသားဖြစ်ရပါမယ်တဲ့။ အသက်ခုနစ်နှစ်ကနေ ၁၀ နှစ်အထိ ကလေးတွေမှာတော့ အရေးကြုံလာရင် အိမ်စောင့်ရတဲ့ တာဝန်ယူတာ၊ အိမ်သန့်ရှင်းရေးနဲ့ အခြားအန္တရာယ် မရှိတဲ့အရာတွေကို လုပ်ကိုင်ထားဖူးရမှာ ဖြစ်ပါတယ်။ ကလေးတို့ရော အသက်နဲ့လိုက်ပြီး အိမ်ကိုကူညီပေးကြရအောင်လို့ မမကတိုက်တွန်းပါတယ်။

စာအုပ်တွေကို မခြစ်ပါနဲ့

မမတို့ငယ်ငယ်ကရော၊ အခြားသူတွေငယ်ငယ်ကရော စာရွက်တွေကို ဆုတ်ဖြဲတာ၊ ကတ်ကြေးနဲ့ညှပ်တာ၊ ရေနဲ့ နူးပစ်တာတွေရှိဖူးပါတယ်။ ဒါဟာ စာကိုတန်ဖိုးမထားသူတွေရဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ကလေးတို့အိမ်မှာ ဖြစ်ဖြစ်၊ အခြားတစ်နေရာမှာဖြစ်ဖြစ် ဘယ်နေရာမဆို စာအုပ်တွေကို ရိုရိုသေသေကိုင်တွယ်ဖို့နဲ့ မဖျက်ဆီးပစ်ဖို့က အရေးကြီးပါတယ်။ အထူးသဖြင့် သူများအလေးထားတဲ့ စာအုပ်တွေ ကိုယ့်ကြောင့်ကျပျောက်တာဖြစ်ဖြစ်၊ ဖျက်ဆီးပစ်တာမျိုးဖြစ်ဖြစ် ဒါတွေက ကလေးတို့ကိုသူများက ငြိုငြင်စေမယ့် အပြင်အမုန်းလည်းပွားနိုင်တာမို့ ကိုယ့်စာအုပ်ရော၊ သူများစာအုပ်တွေကိုရော တန်ဖိုးထားပြီး ကိုင်တွယ်ပါလို့ မမက အကြံပြုလိုက်ပါတယ်။ ။

မမမေ