ကမ္ဘာ့အကောင်းဆုံးကင်မရာနဲ့အတူ စမတ်ဖုန်းလောကကို လှုပ်ခတ်သွားစေတဲ့ Xiaomi Mi 10 Ultra

၁၇  ဩဂုတ်

ဆမ်ဆောင်း၊ ဟွာဝေးနဲ့ Apple တို့ပြီးရင် စတုတ္ထအကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူနေရာ ရောက်နေတဲ့ Xiaomi ဟာ သက်တမ်း ၁၀ နှစ်ပြည့် ချိန်မှာ flagship လို့ ဆိုနိုင်တဲ့ စမတ်ဖုန်း မော်ဒယ် သစ်တစ်ခုကို ထုတ်လုပ်ခဲ့ပြီး ဩဂုတ် ၁၁ ရက်က စတင်မိတ်ဆက်ပြသခဲ့ပါတယ်။ MI 10 Ultra လို့ နာမည်ပေးထားတဲ့ ဒီစမတ်ဖုန်း မော်ဒယ်သစ်ဟာ မထွက်ခင်ကတည်းက နာမည်ကျော်နေသလို ကမ္ဘာ့အကောင်းဆုံး ကင်မရာပါဝင်လာခြင်းနဲ့ အတူ မြင့်မားတဲ့ စွမ်းဆောင်ရည်သစ်များစွာနဲ့ စမတ်ဖုန်းလောကကို လှုပ်ခတ်သွားစေခဲ့ပါတယ်။

Xiaomi MI 10 Ultra ကို ဩဂုတ် ၁၁ ရက်က စတင်ပြသပြီး သုံးရက်အကြာမှာပဲ နိုင်ငံတကာဈေးကွက်မှာ စတင်ရောင်းချခဲ့ပေမယ့် ပြည်တွင်း ဈေးကွက်ကိုတော့ လက်ရှိအချိန်မှာ ရောက်မလာသေးဘဲ အချက်အလက်တွေကို နိုင်ငံတကာက Review တွေရဲ့ ဖော်ပြချက်အရပဲ သိရတာဖြစ်ပါတယ်။ ပြည်တွင်းက ဖုန်းဆိုင်တွေအနေနဲ့တော့ အမြန်ဆုံး တင်သွင်းရောင်းချနိုင်အောင် ကြိုးစားနေကြပါတယ်။

MI 10 Ultra ရဲ့ ကင်မရာပိုင်းဟာ ၄၈ မဂ္ဂါ ပစ်ဇယ်(Ultra-clear Primary Lens)၊ ၄၈ မဂ္ဂါ ပစ်ဇယ်(Periscope Telephoto lens)၊ ၂၀ မဂ္ဂါ ပစ်ဇယ်(Ultra-Wide Lens-128°)နဲ့ ၁၂ မဂ္ဂါ ပစ်ဇယ်(Telephoto Portrait Lens)တွေ ပါဝင်တဲ့ Quad Cam ဖြစ်ပါတယ်။ Periscope Telephoto lens ကြောင့် Digital Zoom ကို အဆပေါင်း ၁၂၀ ဆွဲနိုင်ပြီး Optical Zoom ကိုတော့ ၁၀ ဆ ဆွဲနိုင်ပါတယ်။ ဟာ့ဒ်ဝဲပိုင်း အကောင်းဆုံးဖြစ်တဲ့အပြင် optical image stabilization(OIS)နဲ့ electronic image stabilization(EIS)တွေကြောင့် ကင်မရာ အကောင်းဆုံးဖုန်းတွေကို ရွေးချယ်ပေးနေတဲ့ DXO MARK ရဲ့ ထိပ်ဆုံးနေရာမှာ အမှတ် ၁၂၈ မှတ်နဲ့ ရှိနေတဲ့ ဟွာဝေးရဲ့ P40 Pro ကို ကျော်လွန်ပြီး အမှတ် ၁၃၀ နဲ့ ကမ္ဘာ့ ကင်မရာအကောင်းဆုံးဖုန်း ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ဆယ်လ်ဖီ ကင်မရာဟာ လည်း ၂၀ မဂ္ဂါပစ်ဇယ်ရှိလို့ အရည်အသွေးမြင့်မားပေမယ့် အများကြိုတင်မျှော်လင့်ခဲ့သလို Screen အောက်ဘက်မှာ ကင်မရာပါတဲ့ ကမ္ဘာ့ပထမဆုံး under-screen အမျိုးအစား မဟုတ်ခဲ့ဘဲ screen မှာ အပေါက်ဖောက်ထည့်ထားတဲ့ punch-hole ဒီဇိုင်းပဲ ဖြစ်ခဲ့ပါတယ်။

မျက်နှာပြင်အကျယ်ဟာ ၆ ဒသမ ၆၇ လက်မ ရှိပြီး OLED screen အမျိုးအစား ဖြစ်ပါတယ်။ မျက်နှာပြင်ကို ထိခိုက်မှုတွေကနေ ကာကွယ်နိုင်ဖို့ Gorilla Glass 5 နဲ့ အုပ်ထားသလို ကျောဘက် ဖန်သားကိုယ်ထည်ကိုလည်း Gorilla Glass 6 နဲ့ အုပ်ထားပါတယ်။ ကိုယ်ထည်က aluminum frame ဖြစ်ပါတယ်။ ရုပ်ထွက်အရည်အသွေးက 1080x 2340 pixels ရှိတဲ့ HDR10+ အရည်အသွေးဖြစ်လို့ အထူးကောင်းမွန်တဲ့အပြင် 120Hz refresh rate ဖြစ်လို့ ဂိမ်းတွေနဲ့ ရုပ်ရှင်တွေကို ကြည့်ရှုတဲ့အခါ သာမန်ဖုန်းတွေထက် ပိုကောင်းတဲ့ ရုပ်ထွက်အရည်အသွေးကို ရရှိနိုင်မှာဖြစ်ပါတယ်။

Android ဗားရှင်းအနေနဲ့ Android 10 ကို အသစ်ထွက် MIUI 12 နဲ့တွဲပြီး အသုံးပြုထားပါတယ်။ Chipset က Qualcomm SM8250 Snap-dragon 865 ကို သုံးထားသလို 2.84 GHz CPU တစ်လုံး၊ 2.42 GHz CPU တစ်လုံးနဲ့ 1.80 GHz CPU လေးလုံးတို့ ပါဝင်တဲ့ Octa-core CPU ကြောင့် မြင့်မားတဲ့အမြန်နှုန်းကို ရရှိမှာဖြစ်ပါတယ်။ RAM နဲ့ အင်တာနယ်မင်မိုရီပိုင်းမှာတော့ 8/128 GB က အနိမ့်ဆုံးဖြစ်ပြီး 8/256, 12/256 နဲ့ 16/512 လို့ အမျိုးမျိုး ထွက်ထားပါတယ်။ မင်မိုရီကတ် ထပ်စိုက် သုံးဖို့တော့ အပေါက်မပါဝင်ပါဘူး။

အခြား ထူးခြားချက်ကတော့ ဒီဇိုင်းပိုင်းဖြစ်ပါတယ်။ ဒီဇိုင်းဟာ အမြင်မှာတင် ထူးထူးခြားခြား လှပသလို ကိုယ်ထည်အရောင်မှာလည်း ရိုးရိုး အနက်ရောင်နဲ့ အတွင်းပိုင်းကို ဖောက်မြင်နေရတဲ့ Transparent black ဆိုတဲ့ အရောင်နှစ်မျိုးနဲ့ ထွက်ထားပါတယ်။ ဒါ့အပြင် Bright Silver ဆိုတဲ့ ငွေရောင်တစ်မျိုးကလည်း RAM 16/ROM 512 တစ်မျိုးတည်းနဲ့ Limited အနေနဲ့ ထပ်ထွက်လာမယ်လို့ သိရပြီး ပြည်တွင်းဈေးကွက်ကို ရောက်/မရောက်တော့ မသေချာသလို ရောက်ရင်တောင် အလုံးရေနည်းနည်းပဲ ရောက်နိုင်ပါတယ်။

ဘက်ထရီပိုင်းမှာဆိုရင် 4500 mAh ပမာဏ ရှိတဲ့ Li-ion ပါဝင်လို့ အစစအရာရာ အမြင့်ဆုံး ဖြစ်နေတဲ့ ဖုန်းတစ်လုံးအနေနဲ့ နိမ့်နေတယ်ထင်ရပေမယ့် လက်ရှိမှာ အမြန်ဆုံးနှုန်းဖြစ်တဲ့ 120W fast charging စနစ်နဲ့ အားသွင်းနိုင်မှာဖြစ်ပါတယ်။ ၁၀၀ ရာခိုင်နှုန်း ပြည့်တဲ့အထိကို ၂၃ မိနစ်နဲ့တင် အားသွင်းနိုင်မယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ကြိုးမဲ့အားသွင်းစနစ်ကိုလည်း ထောက်ပံ့ပေးထားပြီး ကြိုးမဲ့စနစ်မှာတောင် 50W အမြန်နှုန်းနဲ့ အားသွင်းနိုင်မှာဖြစ်ပါတယ်။ USB က 2.0, Type-C 1.0 reversible connector ဖြစ်ပြီး On-The-Go စနစ်ကိုလည်း ထောက်ပံ့ထားပါတယ်။

ဈေးနှုန်းအနေနဲ့တော့ ပြည်တွင်းဈေးကွက်ကို မရောက်သေးတာကြောင့် လက်ရှိအချိန်မှာ ကျပ်ငွေနဲ့ အတိအကျ မသိရသေးပါဘူး။ တရုတ်နိုင်ငံမှာ ယွမ်ငွေနဲ့ရောင်းချတဲ့ ဈေးနှုန်းအပေါ်မှာ မြန်မာငွေနဲ့ တွက်ချက်မှုအရတော့ 8/128GB က ကျပ် ၁၁ သိန်းခန့်၊ 8/256 GB က ကျပ် ၁၁၆၀၀၀၀ ခန့်၊ 12/256 GB က ကျပ် ၁၂၅၀၀၀၀ ခန့် ရှိနိုင်ပါတယ်။ အမြင့်ဆုံးဖြစ်တဲ့ 16/512 GB ပါဝင်ပြီး Limited Edition အနေနဲ့ ထွက်လာမယ့် Bright Silver အရောင်ကတော့ ကျပ် ၁၄၅၀၀၀၀ ခန့် ရှိနိုင်ပါတယ်။ ဒီဈေးနှုန်းတွေဟာ ငွေလဲနှုန်းအရ တိုက်ရိုက်တွက်ချက်မှုတွေဖြစ်ပြီး တကယ်တမ်း ပြည်တွင်းဈေးကွက်ထဲ စဝင်လာချိန်မှာ ဒီထက် ပိုပြီးဈေးများနိုင်ပါတယ်။

သူရဖြိုး