ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကလေးတို့တွေမှာ အဖြစ်များသလား

ကေ - ဂျူဝယ်လ်

မင်္ဂလာပါကလေးတို့ရေ။ ဒီတစ်ပတ်မှာ မမက ကလေးတို့ရော၊ မမတို့အားလုံးပါ ကူးစက်မှာကြောက်ရွံ့နေကြတဲ့ ကိုဗစ်-၁၉ ရောဂါက ကလေးတို့ဆီမှာ ဖြစ်ပွားနိုင်သလားဆိုတာနဲ့ပတ်သက်ပြီး နည်းနည်းလောက် ရှင်းပြပေးချင်ပါတယ်။ မမတို့နိုင်ငံမှာလည်း ကူးစက်ခံရတဲ့ကလေးလေးတွေရှိတယ်လေ။ တော်သေးတာက သူတို့အားလုံး အခုဆိုရင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးက သူတို့ကိုယ်ခန္ဓာထဲမှာ မရှိတော့ဘူး။ သူတို့အားလုံးနေကောင်းသွားကြပြီပေါ့။ ၀မ်းသာစရာပဲနော်။

အမှန်တကယ်တော့ ကိုဗစ်-၁၉ ရောဂါက ကလေး တွေမှာ ဖြစ်ပွားမှုနှုန်းက ၁ ရာခိုင်နှုန်းကနေ ၅ ရာခိုင် နှုန်းကြားမှာပဲ ရှိပါတယ်။ သိပ်မကူးစက်ဘူးဆိုတဲ့အဓိပ္ပာယ် ပေါ့ကွယ်။ ဒါပေမယ့် ကလေး ၁၀၀ ရှိတိုင်း တစ်ယောက် ကနေ ငါးယောက်အထိ ကူးစက်မှုခံရနိုင်တာဆိုတော့ စိုးရိမ်စရာပဲပေါ့။ မြူနီစီပယ်လူထုကျန်းမာရေး ၀န်ဆောင်မှု ရဲ့ စစ်တမ်းတစ်ခုမှာဆိုရင် ဖြစ်ပွားတဲ့လူဦးရေ စုစုပေါင်းမှာ ကလေးဦးရေက ၂၀ ရာခိုင်နှုန်းလောက်ရှိတယ်လို့ ဖော်ပြ ထားပါတယ်။ ပြောရမယ်ဆိုရင် ကိုဗစ်-၁၉ ရောဂါဖြစ်တဲ့သူ ၁၀၀ လောက်ရှိရင် အဲဒီထဲမှာ ကလေး ၂၀ လောက်ပါနေ တာပေါ့ကွယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသွားတဲ့ကလေး ဆိုတာတော့ မရှိသလောက်ပါပဲ အတော်လေးနည်းတာကို တွေ့ရပါတယ်။

ကလေးတွေက ကိုဗစ်-၁၉ ရောဂါဖြစ်ရင် လူကြီး တွေလိုပဲခံစားကြရတာပါ။ အဓိကကတော့ ချောင်းဆိုးတာ၊ အဖျားတက်တာနဲ့ လည်ချောင်းနာတာတွေ ဖြစ်လာတာ ပါ။ သူတို့တွေထဲကမှ ကံမကောင်းတဲ့ကလေးအချို့ကတော့ အသက်ရှူရခက်ခဲတာ၊ အနံ့တွေ၊ အရသာတွေကို မခံစား နိုင်တာနဲ့ ပင်ပန်းနွမ်းနယ်ကြတာတွေကို ခံစားရတယ်။ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမယ်ဆိုရင် ဆီးချိုနဲ့ အ၀လွန်ရောဂါရှိတဲ့ကလေးတွေဆိုရင် တော်တော်လေး စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ ဆီးချိုရောဂါနဲ့ အ၀လွန် ရောဂါဆိုတာက သိပ်ကို ကြောက်စရာကောင်းတယ် ကလေးတို့ရဲ့။ ဒါကြောင့် ကလေးတို့ကလည်း ဆီးချို ရောဂါနဲ့ အ၀လွန်ရောဂါတွေ မဖြစ်အောင် သတိထား နေကြဖို့လည်း လိုပါတယ်နော်။ အဲဒီရောဂါမရှိတဲ့ ကလေး တွေမှာတော့ ကိုဗစ်-၁၉ကို ဆိုးဆိုးရွားရွားကြီး မကြုံ ကြရပါဘူး။

အဲဒီတော့ ကလေးတွေမှာ အသက်ရှူဖို့ ခက်ခဲနေပြီ၊ နှုတ်ခမ်းတွေက ခရမ်းရောင်သန်းနေပြီ၊ ဖျားနာပြီး ချောင်းတွေ မတရားဆိုးနေပြီ၊ ၀မ်းလျှောပြီး အန်ရင်လည်း သွေးပါနေပြီ၊ အလွန်အိပ်ချင်နေပြီဆိုရင်တော့ သူက ကိုဗစ်-၁၉ ရောဂါပိုးကို ခံစားနေပြီပေါ့။ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးဖို့က လူကြီးတွေလိုပဲ နှာခေါင်းတို့ပတ်၊ အာခေါင် တို့ပတ်တွေ ရယူရမှာပါ။ ဒါကလည်း သိပ်နာကျင်တာမျိုးတော့မဟုတ်ပါဘူးတဲ့။ နှာခေါင်းနည်းနည်းလေးတော့ ယားယံနာကျင်တာလေးရှိတာပေါ့ကွယ်။ ကြောက်စရာ ကောင်းတဲ့ လုပ်ဆောင်ချက်တော့ မဟုတ်ပါဘူးဆိုပြီး ရောဂါပိုးရှိ/မရှိ စစ်ဆေးခံရဖူးတဲ့ကလေးတွေက ဆိုထား ပါတယ်။ ကလေးအများစုဟာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခံရတော့မယ်ဆိုရင် သူတို့ရဲ့ နှာခေါင်းလေးတွေကို မော့ထားပြီး လက်ထဲမှာတော့ ကစားစရာတစ်ခုခုကို ကိုင်ထားမယ်ဆိုရင် စိတ်လှုပ်ရှားမှု လျော့စေမှာပါလို့ ဆရာ၀န်တွေကလည်း ဆိုထားပါသေးတယ်။

ကိုဗစ်-၁၉ ရောဂါအကြောင်းကို ကလေးတို့သိထား ပြီးဖြစ်ပေမယ့် ကမ္ဘာပေါ်က ကလေးတွေကို စစ်တမ်းတစ်ခု ကောက်ခံရာမှာတော့ ဆယ်နှစ်ကျော်တဲ့ကလေးတွေက ပိုပြီးသိကြပေမယ့် ၁၀ နှစ်အောက်ကလေးတွေကတော့ သိပ်ကြောက်စရာကောင်းတယ်လို့ မသိကြပါဘူး။ အဲဒီတော့ ကလေးတို့က ကြောက်စရာရောဂါကြီးကနေ ကင်းဝေး အောင် လက်ကိုလူကြီးတွေသင်ပေးတဲ့အတိုင်း ခဏခဏ ဆေးပါ။ ချောင်းဆိုး၊ နှာချေတဲ့အခါ အကာအကွယ်နဲ့ ပြုလုပ်ပါ။ ပြီးတာနဲ့ လက်ကိုဆေးပါ။ မျက်နှာကို လက်နဲ့ လုံး၀လုံး၀မထိပါနဲ့။ ကစားစရာတွေ၊ အခြားအရာ၀တ္ထု တွေနဲ့ ပလတ်စတစ်မျက်နှာပြင်တွေ၊ တံခါးတွေအားလုံးကို ဖြစ်နိုင်ရင်မကိုင်ပါနဲ့။ တစ်ယောက်နဲ့ တစ်ယောက် လက်တစ်ကမ်းအကွာအဝေးထက် ဝေးတဲ့နေရာတွေမှာ ပဲနေကြပါ။ ဒီလိုဆိုရင်တော့ ကိုဗစ်-၁၉ ရောဂါပိုးတွေက ကလေးတို့ကို လုံး၀အန္တရာယ်ပေးနိုင်တော့မှာ မဟုတ်ပါဘူးနော်။ ။