ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး အမျိုးသားအဆင့်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ၂၆ ဒီဇင်ဘာ

 

ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review-UPR) အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး အမျိုးသားအဆင့်ကော်မတီ၏ ပထမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ ကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒေါက်တာဝင်းမြတ်အေး၊ ဦးကျော်တင်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဗိုလ်ချုပ်အောင်သူ၊ ဗိုလ်ချုပ်မြင့်နွယ်၊ ဗိုလ်ချုပ်သန်းထွဋ်၊ ဦးခင်မောင်တင်၊ ဦးအောင်လှထွန်း၊ ဒေါက်တာဒေါ်မြလေးစိန်နှင့်  ဦးဆက်အောင်၊  အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ဒုတိယသမ္မတက Universal Periodic Review (UPR) ဆိုသည်မှာ  ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ်ဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အမှတ် (၆၅/၂၅၁) အရ ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် UPR ပထမအကျော့ (First Cycle) ကို ၂၀၁၁ ခုနှစ်တွင်လည်းကောင်း၊ ဒုတိယအကျော့ (Second Cycle) ကို ၂၀၁၅ ခုနှစ်တွင်လည်းကောင်း အစီရင်ခံစာများကို သက်ဆိုင်ရာ အကျော့အလိုက် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးသို့ ပေးပို့တင်ပြခဲ့ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် သုံးသပ်မှုခံယူခဲ့သည်ကို တွေ့ရှိရပါကြောင်း။

 

ဒုတိယအကျော့ (Second Cycle) သုံးသပ်မှုခံယူခဲ့စဉ်က အဖွဲ့ဝင်နိုင်ငံပေါင်း (၉၃)နိုင်ငံ၏ အကြံပြုတိုက်တွန်းချက်ပေါင်း (၂၈၁)ချက်တွင် (၁၆၆)ချက်ကို လက်ခံခဲ့ပါကြောင်း၊ လက်ခံခဲ့သည့် အကြံပြုချက်များနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၉ ရက်နှင့် ၁၀ ရက်တို့တွင် နေပြည်တော်၌ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ဦးဆောင်၍ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ပါကြောင်း။ 

 

ထို့အတူ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် နေပြည်တော်၌ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် The Lutheran World Federation (Myanmar) တို့ ပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကိုလည်း ထပ်မံကျင်းပခဲ့ပါကြောင်း၊ အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲများမှ ရရှိခဲ့သည့် ရလဒ်များအပေါ် အခြေခံ၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ နိုင်ငံတော်သမ္မတရုံးသို့ အကြံပြုတင်ပြခဲ့ရာ နိုင်ငံတော်သမ္မတရုံးက ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်တွင် “Universal Periodic Review (UPR) အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး အမျိုးသားအဆင့်ကော်မတီ” ကို လုပ်ငန်းတာဝန် (၅)ရပ် ချမှတ်ကာ အဖွဲ့ဝင် (၂၅)ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါကြောင်း။

 

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၂)ရက်တွင် အမျိုးသားအဆင့်ကော်မတီ၏ အကြိုလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကော်မတီအတွင်းရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်၍ တာဝန်ရှိသူများနှင့် ကျင်းပခဲ့ပါကြောင်း၊ အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံက လက်ခံခဲ့သည့် အကြံပြုတိုက်တွန်းချက်များနှင့် ပတ်သက်၍  အကောင်အထည်ဖော် ဆောင်ရွက်ရမည့်ကဏ္ဍ (၁၂)ရပ်အတွက် တာဝန်ခံဝန်ကြီးဌာန၊ အဖွဲ့အစည်းများကို သတ်မှတ်နိုင်ခဲ့ပါကြောင်း၊ အဆိုပါကဏ္ဍ (၁၂)ရပ်အတွက် တာဝန်ခံဆောင်ရွက်ရမည့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှာ “အဓိက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်များတွင် ပါဝင်ချုပ်ဆိုရန်ကိစ္စရပ် (၄၁)ရပ်နှင့် စပ်လျဉ်း၍” နိုင်ငံခြားရေးဝန်ကြီးဌာနက လည်းကောင်း၊ “အမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် စပ်လျဉ်းသည့် ကိစ္စရပ်(၇)ရပ်နှင့် စပ်လျဉ်း၍” မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကလည်းကောင်း၊ “ကုလသမဂ္ဂ လူ့အခွင့်အရေးယန္တရားနှင့် ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ် (၄)ရပ်နှင့် စပ်လျဉ်း၍” အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနကလည်းကောင်း၊ “ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေး ပြုပြင်ပြောင်းလဲရေးကိစ္စရပ် (၁၉)ရပ်နှင့် စပ်လျဉ်း၍” ပြည်ထောင်စု ရှေ့နေချုပ်ရုံးကလည်းကောင်း၊ “စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ် (၁၂)ရပ်နှင့် စပ်လျဉ်း၍” စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက လည်းကောင်း၊ “ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ဖော်ဆောင်ရေးကိစ္စရပ်နှင့် မြေသိမ်းမှုကိစ္စရပ် (၁၀)ရပ်နှင့် စပ်လျဉ်း၍” ပြည်ထဲရေး ဝန်ကြီးဌာနကလည်းကောင်း၊ “ကျား-မ တန်းတူရည်တူရှိမြှု မှင့်တင်ရေးကိစ္စနှင့် ထိခိုက်ခံစားလွယ်သော အုပ်စုများ ကာကွယ်ရေးကိစ္စရပ် (၁၅)ရပ်၊ ခွဲခြားမှုမပြုရေးကိစ္စရပ် (၁၅)ရပ်တို့နှင့် စပ်လျဉ်း၍” လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကလည်းကောင်း၊ “ကျန်းမာရေးနှင့် ပညာရေးကိစ္စရပ် (၁၃)ရပ်နှင့် စပ်လျဉ်း၍” ပညာရေးဝန်ကြီးဌာနက လည်းကောင်း၊ “ဘာသာပေါင်းစုံ ချစ်ကြည်ရေးကိစ္စ၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နှင့် ငြိမ်းချမ်းစွာ စုဝေးခွင့်ကိစ္စရပ် (၁၈)ရပ်နှင့် စပ်လျဉ်း၍” သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက လည်းကောင်း၊ “နိုင်ငံသားစိစစ်ရေးကိစ္စ၊ ပြည်တွင်းနေရပ်စွန့်ခွာ ရွှေ့ပြောင်းနေရသူများကိစ္စနှင့် လူကုန်ကူးခြင်းကိစ္စရပ် (၇)ရပ်နှင့် စပ်လျဉ်း၍” အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက လည်းကောင်း၊ “အပစ်အခတ်ရပ်စဲရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကိစ္စရပ် (၅)ရပ်နှင့် စပ်လျဉ်း၍” နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဌာနတို့ကလည်းကောင်း တာဝန်ယူဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

 

၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက တတိယအကျော့အဖြစ် သုံးသပ်မည်ဖြစ်ရာ ဒုတိယအကျော့၏ အကြံပြုတိုက်တွန်းချက်များအား အကောင်အထည်ဖော်မှုဆိုင်ရာ National Report ကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ နောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်ပြီး National Report မူကြမ်းအား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် အမျိုးသားအဆင့်ကော်မတီသို့ တင်ပြနိုင်ရေး လျာထားဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စနစ်တကျရှိစေရန်နှင့် သတ်မှတ်ကာလအတွင်း ပြီးပြည့်စုံသည့် National Report ရရှိစေရန်အတွက် သက်ဆိုင်ရာ လုပ်ငန်းကော်မတီများ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ အနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြစေလိုပါကြောင်း။ 

 

UPR လုပ်ငန်းစဉ်သည် မိမိတို့နိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေ ဖွံ့ဖြိုးတိုးတက်မှုများကို ကမ္ဘာကသိစေရန် စနစ်တကျ ဖော်ထုတ်ပြသခွင့်ရမည့် အခွင့်အရေးဖြစ်သည့်အတွက် သက်ဆိုင်ရာ လုပ်ငန်းကော်မတီများ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများကို ပီပီပြင်ပြင်နှင့် ကျစ်လျစ်စွာဖော်ပြနိုင်ရန် အလေးထားဆောင်ရွက် ပေးစေလိုပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများနည်းတူ လူ့အခွင့်အရေးအခြေအနေများ တိုးတက်မှုရှိစေရေးအတွက် ဘက်ပေါင်းစုံမှ အစွမ်းကုန် ကြိုးစားဆောင်ရွက်လျက်ရှိသည်ကို ဖော်ပြနိုင်ရေးအတွက် National Report တွင် ပါဝင်သင့်ပါဝင်ထိုက်သည့် ကိစ္စရပ်များ ပါဝင်စေရေးနှင့် ကျန်ရှိမှုမရှိစေရေးကို အထူးဂရုပြုဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း၊ ယခုအစည်းအဝေးသို့ တက်ရောက်လာကြသူများအနေဖြင့် ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းများ၊ လုပ်ငန်းကော်မတီများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း အကြံပြု ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူး ဗိုလ်ချုပ်အောင်သူက ယခင်ဆောင်ရွက်ခဲ့သည့် UPR လုပ်ငန်းစဉ်များ၊ အကြိုလုပ်ငန်း ညှိနှိ်ုင်းမှု အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုများနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် UPR အကြံပြုတိုက်တွန်းချက် (၁၆၆)ချက်နှင့် စပ်လျဉ်း၍ ကဏ္ဍ (၁၂)ရပ်အတွက် တာဝန်ခံဝန်ကြီးဌာန၊ အဖွဲ့အစည်းများဖြစ်ကြသည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က “အဓိက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စာချုပ်များတွင် ပါဝင်ချုပ်ဆိုရန်ကိစ္စရပ် (၄၁)ရပ်” နှင့် “ကုလသမဂ္ဂ လူ့အခွင့်အရေးယန္တရားနှင့် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ် (၄)ရပ်” တို့နှင့် စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက “အမျိုးသားလူ့အခွင့်အရေး ကော်မရှင်နှင့် စပ်လျဉ်းသည့် ကိစ္စရပ် (၇)ရပ်” နှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက “ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေး ပြုပြင်ပြောင်းလဲရေး ကိစ္စရပ် (၁၉)ရပ်” နှင့်စပ်လျဉ်း၍ လည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆက်အောင်က “စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ် (၁၂)ရပ်” နှင့်စပ်လျဉ်း၍ လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က “ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ဖော်ဆောင်ရေးကိစ္စရပ်နှင့် မြေသိမ်းမှုကိစ္စရပ် (၁၀)ရပ်” နှင့်စပ်လျဉ်း၍ လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက “ကျား-မ တန်းတူရည်တူရှိမှု မြှင့်တင်ရေးကိစ္စနှင့် ထိခိုက်ခံစားလွယ်သောအုပ်စုများ ကာကွယ်ရေးကိစ္စရပ် (၁၅)ရပ်၊ ခွဲခြားမှုမပြုရေးကိစ္စရပ် (၁၅)ရပ်” တို့နှင့်စပ်လျဉ်း၍ လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က “ကျန်းမာရေးနှင့် ပညာရေးကိစ္စရပ် (၁၃)ရပ်” နှင့်စပ်လျဉ်း၍လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံက “ဘာသာပေါင်းစုံ ချစ်ကြည်ရေးကိစ္စ၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နှင့် ငြိမ်းချမ်းစွာ စုဝေးခွင့်ကိစ္စရပ် (၁၈)ရပ်” နှင့် စပ်လျဉ်း၍လည်းကောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရှိန်ဝင်းက “နိုင်ငံသားစိစစ်ရေးကိစ္စ၊ ပြည်တွင်းနေရပ်စွန့်ခွာ ရွှေ့ပြောင်းနေရသူများကိစ္စနှင့် လူကုန်ကူးခြင်းကိစ္စရပ် (၇)ရပ်” နှင့်စပ်လျဉ်း၍ လည်းကောင်း၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်က “အပစ်အခတ်ရပ်စဲရေးနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကိစ္စရပ် (၅)ရပ်” နှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်မြလေးစိန်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့က  ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review - UPR) အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးကြသည်။

 

ယင်းနောက် ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review-UPR) အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ရှင်းလင်းဆွေးနွေး တင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။   

 

(သတင်းစဉ်)