ကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း မတ် ၁၂ ရက် စတင်လေ့ကျင့်မည်

၂၁ ဖေဖော်ဝါရီ

 

မြန်မာ့လက်ရွေးစင်အသင်းသည် မတ်လတွင်ယှဉ်ပြိုင်ရမည့် ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (အာရှဇုန်) ဒုတိယအဆင့် ယှဉ်ပြိုင်ရန် မတ် ၁၂ ရက်တွင် စတင်လေ့ကျင့်မည်ဖြစ်သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင်အသင်း ပြင်ဆင်ချိန်ပိုမိုရရှိစေရန် မြန်မာနေရှင်နယ်လိဂ်ကော်မတီ၊ MNL ကလပ်အသင်းများနှင့် ညိနှိုင်းပြီးနောက် ကလပ်အသင်းပွဲအချို့ကို ရွှေ့ဆိုင်းခဲ့ရာ မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် မတ်ဒုတိယပတ်ကတည်းက စတင်ပြင်ဆင်နိုင်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးသည် ပဏာမကစားသမား ၂၅ ဦးဝန်းကျင်ဖြင့်သာ ဖွဲ့စည်းမည်ဖြစ်ပြီး ရှမ်းယူနိုက်တက်နှင့် ရန်ကုန်အသင်းတို့ ယှဉ်ပြိုင်မည့် AFC Cup ပြိုင်ပွဲ အုပ်စုတတိယပွဲအပြီးတွင် လေ့ကျင့်မှုစတင်မည်ဖြစ်သည်။

 

မြန်မာအသင်းသည် ခြေစစ်ပွဲအတွက် ပြင်ဆင်ချိန်နှစ်ပတ်ကျော်ရရှိမည်ဖြစ်ပြီး ယင်းနှစ်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲများကစားတော့မည်မဟုတ်ဘဲ လေ့ကျင့်မှုများသာ ပြုလုပ်သွားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် မတ် ၂၆ ရက်တွင် ဂျပန်အသင်းနှင့် အဝေးကွင်း၊ မတ် ၃၁ ရက်တွင် ကာဂျစ္စတန်အသင်းနှင့် အိမ်ကွင်းပွဲများ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ငါးပွဲကစား ခြောက်မှတ်ရထားပြီး လက်ရှိနည်းပြအန်တွမ်နီဟေးလက်ထက်တွင် နှစ်ပွဲစလုံး အနိုင်ရထားသည်။ မြန်မာအသင်းသည် မတ်လတွင် ကစားမည့်နှစ်ပွဲစလုံးနှင့် ပထမအကျော့တွေ့ဆုံရာတွင် ရှုံးပွဲကြုံတွေ့ထားပြီး ဂျပန်အသင်းကို အိမ်ကွင်း၌ နှစ်ဂိုး-ဂိုးမရှိ၊ ကာဂျစ္စတန်အသင်းကို အဝေးကွင်း၌ ခုနစ်ဂိုး-ဂိုးမရှိတို့ဖြင့် ရှုံးနိမ့်ထားသည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာတွင် ကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲ၊ နိုင်ငံတကာခြေစမ်းပွဲတစ်ပွဲ ကစားပြီးနောက် လေ့ကျင့်မှုရပ်နားထားပြီး မတ်လမှသာ စခန်းဝင်လေ့ကျင့်မှုများပြုလုပ်ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်