ကမ္ဘာ့ဖလားခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်း ပြင်ဆင်ချိန်ရစေရန် MNL ပွဲစဉ်အချို့ ရက်ပြောင်းလဲ

နေပြည်တော်  ၁၈ ဖေဖော်ဝါရီ

မတ်လနောက်ဆုံးပတ်တွင် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပွဲစဉ်နှစ်ပွဲကစားရမည့် မြန်မာ့လက်ရွေးစင်အသင်း ပြင်ဆင်ချိန် ပိုမိုရရှိစေရန် လက်ရှိကျင်းပနေသည့် MNL အမှတ်ပေးပြိုင်ပွဲမှ ပွဲစဉ်အချို့ကို ရက်ပြောင်းလဲ ကျင်းပသွားမည် ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် MNL အမှတ်ပေးပြိုင်ပွဲ ပထမအကျော့ပွဲစဉ်များအနက် ပွဲစဉ် (၁၀)နှင့် ပွဲစဉ် (၁၁) ကို ရက်ပြောင်းလဲကျင်းပခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁၈ ရက်က မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းကာပြောင်းလဲခဲ့သည်။

ပွဲစဉ် (၁၀)ကို ယခင်သတ်မှတ်ထားသည့် မတ် ၁၄၊ ၁၅၊ ၁၆ ရက်အစား ဧပြီ ၄၊ ၅၊ ၆ ရက်၊  ပွဲစဉ် (၁၁)ကို ယခင် သတ်မှတ်ထားသည့် ဧပြီ ၄၊ ၅ ရက်အစား ဧပြီ ၉၊ ၁၀၊ ၂၅၊ ၂၆ ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်သည်။ ထို့ကြောင့် မတ် ၆၊ ၇၊ ၈ ရက်တွင် ကျင်းပမည့် ပွဲစဉ် (၉) အပြီးတွင် နိုင်ငံတကာပွဲများအတွက် ခေတ္တရပ်နားမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် ပြင်ဆင်ချိန် နှစ်ပတ်ဝန်းကျင်ရရှိမည် ဖြစ်သည်။

ပြောင်းလဲလိုက်သည့်ပွဲစဉ် (၁၀)အဖြစ် ဧပြီ ၄ ရက်တွင် သုဝဏ္ဏကွင်း၌ မကွေးအသင်းနှင့် ရန်ကုန်အသင်း၊ မန္တလာသီရိကွင်း၌ ရတနာပုံအသင်းနှင့် အား/ကာသိပ္ပံအသင်း၊ ပုသိမ်ကွင်း၌ ဧရာဝတီအသင်းနှင့် ရခိုင်အသင်း၊ ဧပြီ ၅ ရက်တွင် ပဲခူးကွင်း၌ ဟံသာဝတီအသင်းနှင့် ဇွဲကပင်အသင်း၊ သုဝဏ္ဏကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် Southern အသင်း၊ ဧပြီ ၆ ရက်တွင် သုဝဏ္ဏကွင်း၌ ချင်းယူနိုက်တက်အသင်းနှင့် စစ်ကိုင်းအသင်း၊ ပွဲစဉ် (၁၁)အဖြစ် ဧပြီ ၉ ရက်တွင် YUSC ကွင်း၌ ရန်ကုန်အသင်းနှင့် ဟံသာဝတီအသင်း၊ မန္တလာသီရိကွင်း၌ ရတနာပုံအသင်းနှင့် မကွေးအသင်း၊ သုဝဏ္ဏကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် ရခိုင်အသင်း၊ ဧပြီ ၁၀ ရက်တွင် မော်လမြိုင်ကွင်း၌ Southern အသင်းနှင့် အား/ကာသိပ္ပံအသင်း၊ ဧပြီ ၂၅ ရက်တွင် မုံရွာကွင်း၌ စစ်ကိုင်းအသင်းနှင့် ဧရာဝတီအသင်း၊ ဧပြီ ၂၆ ရက်တွင် သုဝဏ္ဏကွင်း၌ ချင်းယူနိုက်တက်အသင်းနှင့် ဇွဲကပင်အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

ပွဲစဉ်အပြောင်းအလဲကြောင့် ပထမအကျော့ပွဲစဉ်များမှာ ဧပြီ ၂၆ ရက်မှ ပြီးဆုံးမည်ဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်များကို မေ ၈ ရက်တွင် ပြန်လည်ကျင်းပမည် ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်