ကမ္ဘာ့ပဋိဇီ၀ဆေးဆိုင်ရာအသိပေးရက်သတ္တပတ် အထိမ်းအမှတ်အခမ်းအနားကျင်းပ

mdn

ရန်ကုန်    ၂၂  နိုဝင်ဘာ

 

ကမ္ဘာ့ပဋိဇီ၀ဆေးဆိုင်ရာအသိပေးရက်သတ္တပတ် (World Antibiotics Awareness Week - WAAW)  အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Hotel Melia ၌ကျင်းပသည်။

 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြည်သူများ အကြားတွင်  ဒုက္ခပေးကာ ပဋိဇီဝဆေးယဉ်ပါးမှုကို ဖြစ်ပေါ်စေသည့် စပ်ဆေး၊ ဆေးအတု၊ ရက်လွန်ဆေးများ ဖောက်ကားရောင်းဝယ်ခြင်းတို့ကို သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်းကာ စစ်ဆေးအရေးယူသည့် လုပ်ငန်းများကို ဆောင်ရွက်ရန် အထူးလိုအပ်ပါကြောင်း၊ ရန်ကုန်မြို့တွင် ဆေးဆိုင်များ၊ ကွမ်းယာနှင့်ဆေးတွဲ၍ ရောင်းချနေသော ဆိုင်များ အလွန်များပြားသောကြောင့် ဆေးဝါးများအား တရာမဝင်ရောင်းချနေမှုများကို ထိန်းသိမ်းရန် ရန်ကုန်တိုင်း FDA နှင့် မြို့တော်စည်ပင်ကျန်းမာရေးဌာနတို့၏ ပူးပေါင်းဆောင်ရွက်မှု သည် အလွန်အရေးကြီးလှပါကြောင်း၊ အစိုးရ၊ လွှတ်တော်၊ ဌာနဆိုင်ရာများ နှင့် ပြည်သူလူထုတို့အတူတကွ ပူးပေါင်း၍ ပဋိဇီဝဆေးယဉ်ပါးမှုကို ဝိုင်းဝန်းတိုက်ဖျက် ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဌ ဒေါက်တာ စံရွှေဝင်းမှ အဖွင့်အမှာစကားပြောကြားသည်။

 

ထို့နောက် အမျိုးသားအဆင့်ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေးဆိုင်ရာကော်မတီ အဖွဲ့ဝင် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်းထွန်း က ပဋိဇီ၀ဆေးယဉ်ပါးမှု ပြဿနာသည်မြန်မာနိုင်ငံ အတွက်သာမက တစ်ကမ္ဘာလုံးအတွက်လည်း အကြီးမားဆုံးသော ကျန်းမာရေးဆိုင်ရာအန္တရာယ်တစ်ခုဖြစ်ကြောင်း၊ ပဋိဇီ၀ဆေး ယဉ်ပါးမှုပြဿနာသည် ယခုအချိန်တွင်စနစ်တကျ ထိရောက်စွာမဆောင်ရွက်ပါက နောင်တစ်ချိန်တွင် ထိန်းချုပ်ကိုင်တွယ် ဆောင်ရွက်နိုင်တော့မည်မဟုတ်ဘဲ သာမာန်ရောဂါများသည်မကုသနိုင် သောရောဂါများအဖြစ် ပြောင်းလဲသွားနိုင်ပါကြောင်း၊ ပဋိဇီ၀ဆေးယဉ်ပါးမှု၏ အရေးကြီးပုံကိုသိရှိကြပြီး နိုင်ငံတော်ပြည်သူလူထု၊  WHO, FAO နှင့် OIE စတဲ့ အဖွဲ့စည်းများ၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် AMR ပြဿနာကို လျော့ချနိုင်မယ်လို့ယုံကြည်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဌာနကိုယ်စားလှယ် Dr. Stephan Paul Jost မှ Key note Presentation on AMR  ကို ရှင်းလင်းတင်ပြခဲ့သည်။

 

ထို့နောက် ပဋီဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေးအတွက် ပညာပေး ဗီဒီယို ပြသခြင်း၊ ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးအတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ထုတ်ပြန်ထားသော Key Message များကိုင်ဆောင်၍ ကပြ ဖျော်ဖြေကြသည်။

 

အခမ်းအနား ဒုတိယအပိုင်းတွင် တာဝန်ရှိသူများက Antimicrobial Resistance နှင့်ပတ်သက်၍ One Health Approach ရှုထောင့်မှဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြပြီး ၂၀၁၉ ခုနှစ် ကမ္ဘာ့ပဋိဇီ၀ဆေးဆိုင်ရာအသိပေးရက်သတ္တပတ် (WAAW)အတွက် ကားတွန်း နှင့် ပိုစတာ ပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုချီးမြှင့်ပြီး တက်ရောက်လာသူများက ပြခန်းများကို လှည့်လည်ကြည်ရှုကြသည်။

 

၂၀၁၉ ခုနှစ် ကမ္ဘာ့ပဋိဇီ၀ဆေးဆိုင်ရာအသိပေးရက်သတ္တပတ် (WAAW) သည် နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်အထိ ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)

mdn

 

mdn

 

mdn

 

mdn