ကမ္ဘောဒီးယားတွင် ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက် ခံရသူ သုံးဦး ရှိ

၁၀ ဩဂုတ်

 

 

ကမ္ဘောဒီးယား နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါထပ်မံ ကူးစက်ခံရသူ သုံးဦး တွေ့ရှိခဲ့ရာ ကူးစက်ခံရသူ စုစုပေါင်း ၂၅၁ ဦးအထိ မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

ပြီးခဲ့သည့် လနှောင်းပိုင်းက အင်ဒိုနီးရှားနိုင်ငံမှ တိုက်ရိုက်လေကြောင်းဖြင့် ကမ္ဘောဒီးယား နိုင်ငံသို့ ရောက်ရှိခဲ့သည့် အသက် ၂၃ နှင့် ၂၆ နှစ်ကြား ကမ္ဘောဒီးယား အမျိုးသားများတွင် နောက်ဆုံး တွေ့ရှိခဲ့သည်ဟု သိရသည်။

 

 

သီးသန့်ခွဲခြားနေသည့် ၁၃ ရက်မြောက်နေ့တွင် ၎င်းတို့၏ နမူနာများကို ကိုဗစ်-၁၉ ရောဂါ စမ်းသပ်စစ်ဆေးမှုများ စတုတ္ထအကြိမ်မြောက် ပြုလုပ်ရာ ၎င်းတို့တွင် ကူးစက်မှု ထပ်မံတွေ့ရှိ ရသည်ဟု ယမန်နေ့က ထုတ်ပြန်ထားကြောင်း ဖော်ပြထားသည်။

 

 

ယင်းကူးစက်ခံရသူ သုံးဦးကို တပေါင်ခနုမ်းပြည်နယ် အရှေ့တောင်ပိုင်းရှိ Preah Norodom Sihanouk-Tboung Khmum ဆေးရုံရှိ သီးသန့် လူနာဆောင်တွင် ကုသမှုခံယူရန် ထားရှိကြောင်း ထပ်လောင်း ဖော်ပြသည်။

 

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၅၁ ဦး ရှိကြောင်း အတည်ပြု ထုတ်ပြန်ထားပြီး ၂၁၉ ဦးမှာ ရောဂါ ပျောက်ကင်းခဲ့ပြီး ၃၂ ဦးမှာ ဆေးရုံတွင် ရှိနေသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ဟု သိရသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို