ကမ္ဘောဇဘဏ်က ရွာငံနှင့် မြို့ကြီးသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးပို့လှူဒါန်း

တောင်ကြီး ၂၂ နိုဝင်ဘာ           

ကမ္ဘောဇဘဏ်သည် နိုင်ငံတဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ လတ်တလော ပိုးတွေ့လူနာများသည့် ပြည်သူ့ဆေးရုံကြီးများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများကို စဉ်ဆက်မပြတ် ပေးပို့လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံမြို့နှင့် မြို့ကြီးမြို့ရှိ ပြည်သူ့ဆေးရုံကြီးများသို့  ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်းသည်။

လှူဒါန်းပွဲတွင်  ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူများက ရွာငံမြို့နှင့် မြို့ကြီးမြို့ ပြည်သူ့ဆေးရုံများရှိ ပိုးတွေ့လူနာများနှင့် ၎င်းတို့အား  ကျန်းမာရေးစောင့်ရှောက်မှု ပေးနေကြသည့် ဝန်ထမ်းများအတွက်  ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး  ဆေးရုံသုံး Mask ၄၀၀၀၀၊ ခေါင်းစွပ် ၂၀၀၀၊ လက်အိတ် ၃၀၀၀၊ မျက်နှာအကာ Face Shield ၂၀၀၀၊ Hand Gel ဘူးကြီး ၂၄၀ နှင့် ဆေးရုံကြီးများအတွက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန်ကာလ အထွေထွေအသုံးပြုနိုင်ရန် ငွေကျပ်သိန်း ၅၀ စီတို့ကို ရွာငံမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပေးအပ်လှူဒါန်းရာ ရွာငံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းစိုးတို့က လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ကမ္ဘောဇဘဏ်သည် ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားခင် ဖေဖော်ဝါရီ ၂၆ ရက်မှ စတင်၍ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များအတွက်  တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်   ငွေကျပ်သိန်းပေါင်း ၈၄,၄၀၄ သိန်း  လှူဒါန်းထားပြီး ဆက်လက်၍  နိုင်ငံတော်နှင့် ပြည်သူအတွက်  လူမျိုးမရွေး၊ ဘာသာမရွေး၊ နေရာဒေသမရွေး လိုအပ်သည့်အချိန် လိုအပ်သည့်နေရာ လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ် ပေးပို့လှူဒါန်းရန် စီစဉ်ထားရှိကြောင်း သိရသည်။       

ကိုကျော်