ကွမ်းသီး အစို/အခြောက်ဈေးနှုန်း ဈေးကောင်းပြန်လည်ရရှိ

ရေဖြူ၊  ၄  ဒီဇင်ဘာ

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် နှစ်စဉ်သီတင်းကျွတ်လမှစ၍ စတင်ခူးဆွတ်လေ့ရှိသည့် ကွမ်းသီးဈေးနှုန်းသည် ရာသီအစတွင် ယခင်နှစ် ဈေးနှုန်းထက် လျော့နည်းခဲ့သော်လည်း ယခုအချိန်တွင် ဈေးကောင်းပြန်လည်ရနေပြီဖြစ်ကြောင်း သိရသည်။ 

ယခုနှစ် အောက်တိုဘာလ ကွမ်းသီးစတင်ဆွတ်ခူးချိန်တွင် အစိုတစ်လုံး ၁၂ ကျပ်သာရပြီး ကွမ်းသီးအခြောက် တစ်ပိဿာ ၂၅၀၀ ကျပ်သာရသဖြင့် ယခင်နှစ်ထက် တစ်ပိဿာ ၂၀၀၀ ကျပ်ခန့် လျော့နည်းခဲ့ရာမှ ဒီဇင်ဘာလဆန်းတွင် ကွမ်းသီးအလုံးဈေး ၂၀ ကျပ် ဈေးရရှိပြီး တစ်ပိဿာ ၄၀၀၀ ကျပ် ခန့်ရရှိကာ ဈေးတက်လာသဖြင့် ကွမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိသည်။ 

"ဒီထက်ဈေးပိုလည်း ၄၅၀၀/၄၈၀၀ ကျပ်လောက်ပဲ၊ နှစ်တိုင်းရနေကြဆိုတော့ စားဝတ်နေရေးအတွက် ငွေလိုတယ်လေ၊ သိုလှောင်မထားနိုင်တော့ ၄၀၀၀ ကျပ်ဈေးနဲ့ပဲ ထားဝယ်ပွဲရုံတွေကို ရောင်းချကြောင်း" ဧကနိရွာ ကွမ်းစိုက်တောင်သူတစ်ဦးက ပြောသည်။ 

ကွမ်းသီးပေါ်ချိန် ရာသီအစတွင်ဈေးမကောင်းဘဲ ကိုဗစ်-၁၉ ရောဂါဖြစ်နေသော်လည်း ကုန်ကားများပုံမှန် အတက်အဆင်းရှိနေမှုကြောင့် နှစ်တိုင်းရရှိသည့်ဈေးနှုန်းကို ပြန်လည်ရရှိနေပြီဖြစ်သောကြောင့် ကွမ်းစိုက် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ 

ဖြူဖြူရှိန်(ရေဖြူပြန်/ဆက်)