ကန့်ဘလူ၌ မိသားစုဝင် သုံးဦး ဓာတ်လိုက်သေဆုံး

ကန့်ဘလူ  ၁၀  ဇူလိုင်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ အမှတ်(၃)ရပ်ကွက်တွင် ဇူလိုင် ၉ ရက်ည ၈ နာရီခန့်က ပြုတ်ကျနေသော ဓာတ်ကြိုးဖြင့် ဆိုင်ကယ်ချိတ်မိပြီး ဓာတ်လိုက်ကာ ဆိုင်ကယ်ပေါ်ပါ မိသားစုဝင် သုံးဦးလုံး သေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဦးနေလင်းဖြိုး(၄၀)နှစ် ဇနီးဒေါ်ဇာခြည်ဝင်း(၃၇)နှစ် သမီးမရွှေရည်လင်း(၇)နှစ်တို့ မိသားစုသည် ထုံးဘိုတောတိုက်တွင် တောင်ယာလုပ်ကိုင်ပြီး အမှတ်(၃)ရပ်ကွက်ရှိ နေအိမ်သို့  အစိမ်းပုတ်ရောင် ဂျာလင်းဆိုင်ကယ်ကို ဦးနေလင်းဖြိုး မောင်းနှင်ပြီး ပြန်လာရာ တပင်ရွှေထီးလမ်းမှ မာဃလမ်းခွဲသို့ (လက်ဝဲဘက်)ချိုးကွေ့ ဝင်ရောက်ခဲ့သည်။

 

မာဃလမ်းအတိုင်း တောင်မှမြောက်သို့ သွယ်တန်းထားသည့် လျှပ်စစ်စီးဝင်နေသော ၄၀၀ ဗို့ ဓာတ်အားလိုင်းကြိုးမှာ ယင်းအချိန်က မိုးများသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်  ကားလမ်းပေါ်သို့ပြုတ်ကျစဉ် ဆိုင်ကယ်နှင့်ချိတ်မိပြီး ဆိုင်ကယ်ပေါ် ပါလာသူများနှင့် ဓာတ်အားလိုင်းကြိုး ထိမိကာ  သုံးဦးစလုံး ဓာတ်လိုက်သေဆုံးခဲ့ခြင်း ဖြစ်သည်။

 

သို့ဖြစ်၍ ကန့်ဘလူမြို့မရဲစခန်းမှ  စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)