ကနေဒါ၊ ဥရောပတို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုဆိုင်ရာစည်းမျဉ်းများနှင့်ပတ်သက်ပြီး လူထောင်ချီ ကန့်ကွက်ဆန္ဒပြ

ဇန်နဝါရီ ၂၄

 

အများပြည်သူဆိုင်ရာနေရာများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးကြောင်း ပြသရမည်ဟူသော စည်းမျဉ်းနှင့်ပတ်သက်၍ ထောင်ချီရှိသောလူများ ပဲရစ်မြို့၏လမ်းများပေါ်သို့ထွက်ကာ ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

 

ပြင်သစ်အာဏာပိုင်များက ပြည်သူများအနေဖြင့် ခရီးဝေးအများပြည်သူသယ်ယူပို့ဆောင်ရေးနှင့် စားသောက်ဆိုင်များသို့ ဝင်ရောက်ရန် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးကြောင်းလက်မှတ်ကို ဇန်နဝါရီ ၂၄ ရက်မှစတင်ကာ ပြသရမည်ဟုဆိုသည်။

 

စနေနေ့ကဆန္ဒပြပွဲတွင် ပါဝင်သူတစ်ဦးက ခွဲခြားဆက်ဆံသည့်အစိုးရ၏ ကိုဗစ်တိုက်ဖျက်ရေးဆိုင်ရာ အစီအမံများကို လက်မခံနိုင်ကြောင်းနှင့် ပြင်သစ်ပြည်သူများအနေဖြင့် စည်းလုံးသင့်ကြောင်း ပြောဆိုခဲ့သည်။

 

ဆွီဒင်နှင့် စပိန်နိုင်ငံတို့အပါအဝင် အခြားဉရောပနိုင်ငံများတွင်လည်း အလားတူ ကန့်ကွက် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။

 

ကနေဒါနိုင်ငံတိုရွန်တိုတွင် ပြီးခဲ့သည့်စနေနေ့က ရာချီရှိသောလူများ ကိုဗစ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ အစီအမံများနှင့်ပတ်သက်ပြီး စုဝေးဆန္ဒပြခဲ့သည်။

 

၎င်းတို့က လူအများအပြားတက်ရောက်သော ပွဲတော်များတွင် ကာကွယ်ဆေး ထိုးနှံပြီးကြောင်း လက်မှတ်ပြသရန် လိုအပ်သည်ဟူသော စည်းမျဉ်းကို ကန့်ကွက်ခဲ့ကြပြီး စားသောက်ဆိုင်များနှင့်ဘားဆိုင်များသို့ ပုံမှန်အတိုင်းဝင်ရောက်ခွင့်ပြုရန် တောင်းဆိုခဲ့ကြသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို