ကင်းမွန်ဈေးကောင်းရရှိသော်လည်း ရာသီဥတုမမှန်ခြင်းများကြောင့် ကင်းမွန်မီးထွန်းလှေများ အခက်ကြုံနေရဟုဆို

မြိတ် ဇန်နဝါရီ ၁၇                   

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် ပြည်ပမှ ကင်းမွန်ဈေးကောင်း ပေးဝယ်ယူမှုများရှိ၍ ဈေးကောင်းရရှိသော်လည်း ယခုနှစ် ပွင့်လင်းရာသီအတွင်း ရာသီဥတုမမှန်ခြင်းများကြောင့် ကင်းမွန်မီးထွန်းလှေများ အခက်အခဲကြုံတွေ့နေရကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

 

မေ၊ ဇွန်၊ ဇူလိုင် လများကို ယခုနှစ် ငါးသားပေါက်ရာသီအဖြစ် သတ်မှတ်ခဲ့ပြီး သြဂုတ်လမှ စတင်ကာ ငါးဖမ်းရာသီ ပြန်ဖွင့်ပေးခဲ့သော်လည်း ငါးဖမ်းရာသီအတွင်း၌ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လှိုင်းလေပြင်းထန်နေခြင်းများကြောင့် ကင်းမွန်မီးထွန်းလှေငယ်တစ်ချို့ ပင်လယ်ပြင်သို့ မထွက်ခွာနိုင်ခဲ့ကြောင်း သိရသည်။ ထိုသို့ ရာသီဥတုမမှန်ဘဲ မိုးဆက်လက်ရွာသွန်းနေခြင်းများ ရှိနေသည့်အတွက် ကင်းမွန်ရရှိမှုနည်းပါးနေကာ လုပ်ငန်းခွင်အတွင်း အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

 

“ဒီနှစ်ကတော့ ကင်းမွန်မီးထွန်းလှေအများစုက စရိတ်တောင်မရတဲ့သူတွေ ရှိနေတယ်။ ပါကေးငါး နည်းနည်းဖမ်းမိနေတော့ လှေအထွက် စရိတ်လေးတွေရအောင် အတော်လုပ်နေရတယ်၊ ဒီဇယ်ဆီ၊ ရေခဲနှင့် အခြေခံစားသောက်ကုန်တွေ ဈေးတက်တော့ အထွက်စရိတ်က နှစ်ဆအထိ ခုန်တက်သွားတယ်။ ယခင်နှစ်က ကင်းမွန်လှေတစ်စီး ပင်လယ်ပြင်ကို ထွက်တော့မယ်ဆိုရင် အထွက်စရိတ် သိန်းတစ်ရာကျော်ရှိတယ်၊ ဒီနှစ်မှာ အထွက်စရိတ် ၂ ဆ ခုန်တက်သွားတော့ အထွက်စရိတ်က သိန်းနှစ်ရာကျော်အထိဖြစ်နေပြီ။ ကင်းမွန်ကလည်းမရတော့ အတော်လေး အခက်အခဲဖြစ်နေကြတယ်” ဟု မြိတ်ခရိုင် ကင်းမွန်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ပင်လယ်ပြင်အတွင်း ရေစီးကြောင်းပြောင်းလဲမှု၊ ရာသီဥတု မမှန်ခြင်းများကြောင့် ကင်းမွန်များ ရေပေါ်တက်လာခြင်း မရှိသလို စားကျက်ရွှေ့ပြောင်းသွားမှုများလည်း ရှိနေကြောင်း သိရသည်။

 

“ယခင်နှစ်က ကွမ်းသီးကျွန်း၊ ကွမ်းရွက်ကျွန်းနှင့် မြောက်ဘက်ပိုင်းတွေမှာ ကင်းမွန်တွေအရများတယ်။ ဒီနှစ် အဲဒီရေပြင်တွေဘက်မှာက ကင်းမွန်တွေမရှိသလောက်ပါပဲ၊ တောင်ဘက်ပိုင်းကို နေရာပြောင်းပြီးဖမ်းနေရတယ်၊ အဲဒီဘက်မှာလည်း ကင်းမွန်တွေ အတော်လေးနည်းနေတယ်၊ ပေါင်းကျေးလို ရေပေါ်ငါးလေးတွေ အတွေ့များနေတယ်၊ ငါးအုပ်များနေတော့ ကင်းမွန်တွေရှားပါးနေတယ်၊ ရာသီဥတုကြောင့် ကင်းမွန်တွေ ရေပေါ်ကို သိပ်မတက်လာတော့ဘူး” လို့ ကျွန်းစုမြို့နယ်မှ ကင်းမွန်ရေလုပ်သားတစ်ဦးက ပြောသည်။

 

ပင်လယ်ကမ်းရိုးတန်း ဒေသတစ်ခုတွင် ပါဝင်သော တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်တွင် ယခုနှစ် ပွင့်လင်းရာသီသို့ ရောက်ရှိလာသော်လည်း ဒီဇင်ဘာလအထိ မိုးရွာသွန်းမှုများရှိနေသည့်အတွက် ရာသီအချိန်အခါအလိုက် လုပ်ကိုင်ရသည့် တံငါလုပ်ငန်းတစ်ချို့ အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။ ယခုနှစ် ကင်းမွန်ရာသီ၌ ကင်းမွန်ရှားပါးနေမှုကြောင့် ပြည်ပမှ ဈေးကောင်းပေး ဝယ်ယူလျက်ရှိရာ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ ဝယ်လက်များက ကင်းမွန်တစ်ဗန်း (၁၁ ပိဿာဝင်) လျှင် ငွေကျပ် တစ်သိန်းသုံးသောင်းကျော်အထိ ဈေးကောင်းဝယ်ယူနေကြောင်း သိရသည်။

 

မြင့်ဦး(မြိတ်)