ကြံ့ခိုင်မှုအားနည်းနေသည့် လေးကျွန်းရန်အောင်စေတီတော်မြတ်ကြီး၏ ထီးတော်ဟောင်းအား ထီးစေတီ တည်ထားကိုးကွယ်ရန် ရင်ပြင်ပေါ်သို့ပင့်ဆောင်ပူဇော်

ပုသိမ်  ၆  ဇန်နဝါရီ 

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိရေကြည်၊ ရေနောက်ကန်တော် နှစ်ကန်အနီးရှိ အလောင်းစည်သူမင်းကြီး၏ ဖောင်တော်ဦးစေတီကိုငုံ၍ ဌာပနာပြီး တည်ထား ကိုးကွယ်သော လေးကျွန်းရန်အောင်စေတီတော်မြတ်ကြီး၏ ထီးတော်ဟောင်းမှာ ကြံ့ခိုင်မှု အားနည်းလာသည့်အတွက် ထီးတော်ဟောင်းအား ထီးစေတီတည်ထား ကိုးကွယ်ရန်အတွက် ရင်ပြင်တော်ပေါ်သို့ပင့်ဆောင်ပူဇော်သည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အဆိုပါ စေတီတော်ရင်ပြင်တွင် ပြုလုပ်သည်။ 

 

ထီးတော်ဟောင်းအား စေတီတော်ရင်ပြင်သို့ ပင့်ဆောင်ခြင်းအခမ်းအနားကို ဒုတိယကျိုက်ထီးဆောင်း ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တနာဂဒီပ၏ ကြီးကြပ်ဆောင်ရွက်မှု ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသသာသနာ့နုဂ္ဂဟအသင်းဗဟို (ဥက္ကဋ္ဌ) ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေ ဦးဆောင်သော တိုင်းနုဂ္ဂဟအဖွဲ့ဝင်များနှင့် ကျိုက်ထီး ဆောင်းငါးသုံးလီ မိသားစုတို့မှ ထီးတော်ဟောင်းအား ပင့်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ 

 

အဆိုပါ စေတီတော်မှာ သမိုင်းဝင်စေတီတော်မြတ်ကြီးတစ်ဆူဖြစ်ပြီး တတိယ သင်္ဂါယနာတင်ခဲ့သော အာသောကမင်းကြီးလက်ထက်က ယင်းနေရာတွင် စေတီတော်(၁)ဆူရှိခဲ့သဖြင့် ထိုစေတီကိုဖူးမြော်လိုသည့် အလောင်းစည်သူမင်းကြီးမှ မော်တင်စွန်းဆံတော်ရှင်စေတီတော်ကို မွမ်းမံပြုပြင်ပြီးနောက် ပုသိမ်သို့အရောက် ဖောင်တော်ဆိုက်ရာနေရာတွင် ယခုစေတီတည်ထားသည့်နေရာတွင် ဖောင်တော်ဦး စေတီတော်ကို တည်ထားကိုးကွယ် ခဲ့ခြင်းဖြစ်သည်။

 

ရှေးဟောင်းသမိုင်းဝင် လေးကျွန်းရန်အောင်စေတီတော်မြတ်ကြီးအား ထီးတော်အသစ် တင်လှူပူဇော်ရန်နှင့် ဘက်စုံပြုပြင်မွမ်းမံဆောင်ရွက်နေမှုများအား သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုမှ ဇန်နဝါရီ ၅ ရက် ညနေပိုင်းတွင် လာရောက်ဖူးမြော်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။

 

ယခုအခါ ယင်းစေတီတော်မြတ်ကြီးအား သာသနာ(၂၅၀၀) မှ သာသနာ (၅၀၀၀)တည်တန့်ဆောင်နိုင်ရန် ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော် အသစ်တင်လှူပူဇော်ရန်နှင့် ဘက်စုံပြုပြင် မွမ်းမံမှုများအတွက် ဧရာဝတီတိုင်းဒေသကြီး၊ သံဃာ့ဥသျှောင် သံဃနာယကဆရာတော်ကြီးများထံမှ သြဝါဒခံယူပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့၏ လမ်းညွန်မှုဖြင့် ထီးတော်အသစ်တင်လှူပူဇော်ရန်နှင့် ဘက်စုံပြုပြင်မွမ်းမံမှုများဖြစ်သော စေတီတော်ရှိမျက်နှာကျက် မိုးယိုစိမ့်နေမှုအားခေတ်မီနည်းပညာများဖြင့် ရေယိုစိမ့်မှု ကာကွယ်ဆေးထိုးခြင်းနှင့် ကတ္တရာလိပ်ခင်းခြင်း၊ ရေဆင်းပိုက်များလဲလှယ်တပ်ဆင်ခြင်း၊ ဘုရားပုရဝုဏ်ပတ်ပတ်လည်အား ကျုံးရေကန် တူးဖော်ခြင်းနှင့် ကျုံးပတ်လမ်း တည်ဆောက်ခြင်း၊ ရေကြည်၊ ရေနောက်ကန်အားသန့်ရှင်းမှုရှိစေရန် ပြန်လည် တူးဖော်ခြင်း၊ ဧက(၅၀)အကျယ်ရှိသော ဘုရားပုရဝုဏ်မြေအား ခြုံနွယ်များရှင်းလင်း၍ အများသူငှာ စိတ်ချမ်းမြေ့စွာအနားယူနိုင်ရန်နှင့် ကြည်ညိုသဒ္ဒါပွားနိုင်စေရန် ဥယျာဉ်တော်တည်ဆောက်ခြင်း၊ ဘုရားအဝင်/အထွက် လမ်းအား ကွန်ကရစ်လမ်း ခင်းခြင်းအပါအဝင် ဘက်စုံပြုပြင်မွမ်းမံမှုများအား ဆောင်ရွက်လျှက်ရှိသည်။

 

ထီးတော်အသစ်အားတပေါင်းလတွင် တင်လှူပူဇော်ပြီး ဘက်စုံပြင်ဆင်ရေး လုပ်ငန်းများ ပြီးစီးသည့် ၂၀၂၀ ပြည့်နှစ်တွင် အလှူမင်္ဂလာအောင်ပွဲအထိမ်းအမှတ်အဖြစ် ရဟန်း၊ သာမဏေ၊ သီလရှင်စုစုပေါင်း (၅၀၀၀)တို့အား သာသနာ့ဘောင်သို့ သွတ်သွင်းခြင်း အလှူတော်မင်္ဂလာကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်) 

 

P-2000