ကျွန်းလှ၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

ကျွန်းလှ မေ ၂၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ မကျီးအင်းကျေးရွာ၊ ကွင်းအမှတ် (၂၉၃) တောင်သူ၊ ဦးရာစိန်၏ လယ်မြေ (၂) ဧကတွင် ယနေ့နံနက် ၇ နာရီက မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပကြောင်း သိရသည်။

 

ထိုသို့သစ်‌စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)စိုက်ပျိုးရာတွင် ပဲမျိုးရင်းဝင်အပင်တွေကို သီးနံမစိုက်ပျိုးမီ မြေလပ်ထားချိန် စိုက်ပျိုးရကြောင်း၊ အပင်သက်တမ်း ၄၅ ရက်သားအရွယ်မှာ ထယ်ထိုးမြေမြုပ်၍ သစ်စိမ်း မြေဩဇာရယူရကြောင်း၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) အသုံးပြုခြင်းဖြင့် သီနှံများအပင် အာဟာရဖြစ်ထွန်းပြီး ပတ်ဝန်းကျင်ထိခိုက်မှုကို လျော့ချနိုင်ကြောင်း၊ ဓာတုမြေဩဇာကို စဉ်ဆက်မပြတ်အသုံးပြုလျှင် မြေဆီလွှာ ပျက်ဆီးမှုဖြစ်ပေါ်နိုင်ကြောင်း၊ ဩဂဲနစ်မက်ကာများဖြစ်သည့် သစ်ဆွေးမြေဩဇာများရရှိခြင်း၊ ဓာတ်မြေဩဇာ ကုန်ကျမှုသက်သာခြင်း၊ မြေဆီလွှာထက်သန်မှု အများဆုံးရရှိခြင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိခြင်းကြောင့် တောင်သူတွေစိုက်ပျိုးသင့်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ရှင်းလင်းပြောကြားသည်။

 

ကျွန်းလှမြို့နယ်တွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ဧက (၁၂၀) စိုက်ပျိုးရန်လျာထားပြီး မျိုးစေ့ထုတ်စံပြကွက် ဧက(၂၀) စိုက်ပျိုးမည်ဖြစ်ကြောင်း၊ တောင်သူများအား မျိုးစေ့များထောက်ပံ့ခြင်း၊ နည်းပညာပေးသင်တန်းများ ဖွင့်လှစ်ခြင်း၊ လက်တွေ့စိုက်ပျိုးပြသခြင်း၊ ဟောပြောဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို(ကျွန်းလှ)