ကျန်းမာရေးအသိဖြင့် ပူးပေါင်းကာကွယ်

၂  ဒီဇင်ဘာ

ယခင်က ကုရာနတ္ထိဆေးမရှိခဲ့သည့် ခုခံအားကျဆင်းမှုကူးစက်ရောဂါ (အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါ)ကို ပြည်သူ့ကျန်းမာရေးပြဿနာ တစ်ရပ်အဖြစ်မှ လုံးဝပျောက်ကွယ်သွားအောင် ပြည်သူလူထုအားလုံး ပူးပေါင်းပါဝင်မှုအားဖြင့် ဆောင်ရွက်နေပြီဖြစ်သည်။ ။

ကျန်းမာသောလူတစ်ယောက်အနေဖြင့် ရောဂါအမျိုးမျိုးတို့ကို ခုခံကာကွယ်နိုင်သော်လည်း ကျန်းမာရေး ချွတ်ယွင်းလာလျှင်ဖြစ်စေ၊ အိပ်ခ်ျအိုင်ဗွီဗိုင်းရပ်(စ်)ပိုးကူးစက်ခံရလျှင်ဖြစ်စေ ခန္ဓာကိုယ် ခုခံအားစနစ် ပျက်ယွင်းသွားသည်။ လူ့ခန္ဓာကိုယ်အတွင်း ခုခံအားကျဆင်းစေသော ဗိုင်းရပ်(စ်)ပိုးကို အိပ်ခ်ျအိုင်ဗွီပိုးဟုခေါပြီး ကိုယ်ခံအားစနစ်ကို အိပ်ခ်ျအိုင်ဗွီပိုးက ဖျက်ဆီးသဖြင့် ဖြစ်ပေါ်လာသော ရောဂါလက္ခဏာပေါင်းစုံကို အေအိုင်ဒီအက်စ် ရောဂါဟုခေါ်သည်။

အေအိုင်ဒီအက်စ်ရောဂါလက္ခဏာများမှာ အကြောင်းရင်းရှာမရဘဲ ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းလာခြင်း၊ ကြာရှည်ဖျားခြင်း (အဖျားဆက်တိုက် သို့မဟုတ် အတက်အကျရှိခြင်း၊ တစ်လထက် ပိုကြခြင်း)၊ တစ်လထက်မကကြာအောင် ဝမ်းလျှောခြင်း၊ ဝမ်းပျက်ခြင်း၊ ပါးစပ်တွင်မှ က္ခရု ကြာရှည်ဖြစ်ခြင်း၊ ဆင်ရေယုန်နာပေါက်ခြင်းတို့ ဖြစ်တတ်သည်။ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသည်နှင့် ရောဂါလက္ခဏာ ချက်ချင်းမပြတတ်ပေ။ ငါးနှစ်ကျော်ကြာ၊ ၁၀ နှစ်ခန့်ကြာမှ ရောဂါလက္ခဏာပြတတ်သည်။ ရောဂါလက္ခဏာ မပြသေးသော်လည်း အခြားသူများသို့ ကူးစက်နိုင်သည်။

ရောဂါကူးစက်နိုင်သည့် နည်းလမ်းများမှာ ပိုးရှိသူနှင့် အကာအကွယ်မပါဘဲ လိင်ဆက်ဆံရာ (လိင်တူ လိင်ကွဲ) မှ တစ်ဆင့်ကူးစက်ခြင်း၊ ပိုးရှိသူ အသုံးပြုပြီးသော မသန့်ရှင်းသောဆေးထိုးအပ်၊ ဆေးထိုးကိရိယာများဖြင့် မူးယစ်ဆေးထိုးသွင်းခြင်း၊ ဆေးထိုးအပ်များ မျှဝေသုံးစွဲခြင်း၊ ပိုးရှိသောသွေး သွင်းမိရာမှ ရောဂါကူးစက်ခြင်း၊ ပိုးရှိသော ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားသို့ ကူးစက်ခြင်းတို့ဖြစ်သည်။ ကူးစက်ခံရနိုင်ခြေများသူများမှာ လိင်လုပ်သားများနှင့် လိင်ဆက်ဆံဖော်များ၊ လိင်တူဆက်ဆံသူများ၊ မူးယစ်ဆေးထိုးသွင်း သုံးစွဲသူများဖြစ်သည်။

မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗွီပိုး "အသစ်ကူးစက်ခံရမှု" မှာ ၂၀၀၀ ပြည့်နှစ်တွင် လူသုံးသောင်းခန့် အမြင့်ဆုံးဖြစ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ဖြစ်ပွားသူ တစ်သောင်းကျော်အထိ ကျဆင်းသွားသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အိပ်ခ်ျအိုင်ဗွီရောဂါပိုး ကူးစက်ခံထားရသူများမှာ ၂၀၁၅ ခုနှစ်အစတွင် ကူးစက်ခံရသူလူနာ နှစ်သိန်းကျော်အနက် ဘဝတစ်သက်တာသောက်ရမည့် အေအာတီဆေးဖြင့် ကုသပေးနိုင်သူ ၈၅၀၀၀ ကျော်ရှိရာမှ ယခုနှစ် စက်တင်ဘာလတွင် လူနာပေါင်း ၁၇၅၀၀၀ ကျော်အထိ နှစ်ဆတိုးမြှင့် ကုသပေးနိုင်ခဲ့သည်။

အိပ်ခ်ျအိုင်ဗွီရောဂါပိုးအသစ် ကူးစက်ခံရမှုမှာ တစ်နိုင်ငံလုံးတစ်ပြေးညီ ဖြစ်ပွားနေခြင်းမဟုတ်ဘဲ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် အမြင့်မားဆုံး ဖြစ်ပွားနေသဖြင့် ဖြစ်ပွားရခြင်းအကြောင်းရင်းကို ဆန်းစစ်ဖွေရှာပြီး ကာကွယ်ကုသပေးကြရမည် ဖြစ်သည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနအနေဖြင့် ခုခံအားကျ/ကာလသားရောဂါ တိုက်ဖျက်ရေး၊ မိတ်ဖက်အဖွဲ့ အစည်းများနှင့်ပူးပေါင်းပြီး အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါကာကွယ်ရေးနှင့် ပြုစုကုသစောင့်ရှောက်ရေး လုပ်ငန်းများကို ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ မဟာဗျူဟာစီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၁-၂၀၂၅ အတွက်လည်း အစီအမံများရေးဆွဲထားပြီးဖြစ်သည်။

သို့ဖြစ်ရာ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါကို ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ်အဖြစ်မှ လုံးဝပပျောက်သွားစေရန်အတွက် လူတိုင်း အသိစိတ်ဓာတ်ရှိစွာ သက်ဆိုင်ရာနှင့် လက်တွဲ၍ ပူးပေါင်းဆောင်ရွက် ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။ ။

ကြေးမုံ