ကျန်းမာရေးကို အထောက်အကူအပြုဆုံး ဟင်းသီးဟင်းရွက် ၁၀ မျိုး

ဟင်းသီးဟင်းရွက်ဆိုတာ လူ့ကျန်းမာရေးကို ဘယ်လောက်တောင် အထောက်အကူဖြစ်စေလဲဆိုတာ လူတိုင်းနီးပါး သိထားကြမှာပါ။ ဟင်းရွက်အများစုဟာ ကယ်လိုရီနည်းပါးသလို ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်လည်း ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးကို အကျိုးပြုသလို ကိုယ်အလေးချိန်လျှော့ချချင်သူတွေအတွက်လည်း အထောက်အကူပြုပါတယ်။

 

ကမ္ဘာပေါ်မှာ ဟင်းသီးဟင်းရွက် အမျိုးအမည် အများအပြားရှိပါတယ်။ တစ်မျိုးနဲ့ တစ်မျိုးလည်း အကျိုးပြပုံခြင်းမတူညီကြပါဘူး။ ဒါပေမယ့် တချို့က အစာခြေစနစ်ကို အထောက်အကူပြုကြသလို တချို့က ကိုယ်အလေးချိန်ကျစေမယ်၊ တချို့ကတော့ ရောဂါတွေကို သက်သာစေမယ် စသဖြင့်ပေါ့။ ဒီလို အမျိုးအမည်အတူ အကျိုးပြုပုံမတူညီတဲ့ မျိုးစိတ်တွေ အကြားမှာ ဘယ်အစားအစာက လူတွေကို အကျိုးအပြုဆုံးလဲဆိုတာကို သင် သိနိုင်ပါ့မလား။ ခွဲခြားရခက်နေမှာဖြစ်ပါတယ်။

 

ဒီဆောင်းပါးမှာတော့ ခုလို ခွဲခြားရခက်နေသူတွေကို လူတွေအတွက် အကျိုးကျေးဇူးအများဆုံး ဟင်းသီးဟင်းရွက်တွေနဲ့ မိတ်ဆက်ပေးသွားမယ်နော်။ ဖတ်ကြည့်ကြပါဦး။

 

•           ၁။ ဟင်းနုနွယ် – ဟုတ်ပါတယ်။ ဒီအပင်ခပ်သေးသေးနဲ့ ကြော်စားလို့ကောင်းတဲ့ အရွက်လေးဟာ လူတွေ မထင်မှတ်ထားလောက်အောင်ကို ကျန်းမာရေး ကောင်းကျိုးတွေ ပေးနိုင်ပါတယ်။ ဟင်းနုနွယ်ရွက် အစိမ်း ၃၀ ဂရမ်လောက်မှာ ၇ ကယ်လိုရီပဲပါဝင်ပါနေတာမို့ ဝိတ်ချလိုသူတွေအတွက်တော့ အထောက်အကူအပြုဆုံး ဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။ ဟင်းနုနွယ်ရွက်မှာ ဗီတာမင် အေ ၅၆% ပါဝင်နေပြီး တစ်နေ့စာလိုအပ်တဲ့ ဗီတာမင် ကေလည်း အပြည့်အဝ ပါဝင်နေပါတယ်။ ဟင်းနုနယ်ရွက်ဟာ နာတာရှည်ရောဂါတွေ၊ နှလုံးရောဂါတွေကို ကာကွယ်ပေးနိုင်ပြီး သွေးပေါင်မကျအောင်လည်း တားဆီးပေးပါတယ်။

 

•           မုန်လာဥနီ – ဥနီသီးလို့ပဲ ခေါ်ခေါ် ခါကြက်ဥလို့ပဲ ဆိုဆို ဒေသအလိုက် အခေါ်အဝေါ်ကွဲကြပေမယ့် သူ့မှာ ပါဝင်နေတဲ့ အာဟာရဓာတ်ကြွယ်ဝမှုကတော့ မပြောင်းလဲပါဘူး။ မုန်လာဥနီဟာလည်း ဗီတာမင် အေ ကြွယ်ဝစွာပါဝင်နေတဲ့ အစားအစာတစ်ခုဖြစ်ပြီး မုန်လာဥနီဖျော်ရည် ၁၂၈ ဂရမ် လောက်ဟာ လူတစ်ယောက် နေ့စဉ်လိုအပ်တဲ့ ဗီတာမင် အေပမာဏရဲ့ ၄၂၈% ကို ပံ့ပိုးပေးနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် စီ၊ ဗီတာမင် ကေနဲ့ ပိုတက်ဆီယမ်တို့လည်း ပါဝင်ပါတယ်။ နောက်ပြီး မုန်လာဥနီမှာ beta-carotene ဆိုတဲ့ Antioxidant တစ်မျိုး ပါဝင်ပါတယ်။ သူ့ရဲ့ လိမ္မော်ရောင် အရောင်အသွေးကနေ ဒD Antioxidant ဓာတ်ကို ထုတ်လုပ်ပေးနိုင်တာပါ။ ဒီဓာတ်ဟာ ကင်ဆာရောဂါမဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ အဆုပ်ကင်ဆာရောဂါဖြစ်နိုင်ချေကို သိသိသာသာ လျှော့ချပေးနိုင်တာမို့ ဆေးလိပ်သောက်သုံးသူတွေအနေနဲ့ မုန်လာဥနီကို မပြတ်စားပေးသင့်ပါတယ်။

 

•           ၃။ ဘရိုကိုလီ – ဘရိုကိုလီလို့ ခေါ်တဲ့ ပန်းဂေါ်ဖီအစိမ်းအသေးလေးတွေဟာ ကျန်းမာရေးလိုက်စားသူတွေအကြားမှာ ရေပန်းစားတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ သူဟာ ဂေါ်ဖီမျိုးစိတ်ဝင် အပင်တစ်မျိုးပါ။ သူက ဆာလ်ဖာပါဝင်တဲ့ အပင်မျိုးစိတ်တစ်မျိုးပါ။ Glucosinolate နဲ့ Sulforaphane တို့လို ကင်ဆာကို ကာကွယ်ပေးနိုင်တဲ့ ဓာတ်တွေပါဝင်ပါတယ်။ အဓိကအားဖြင့် ရင်သားကင်ဆာနဲ့ ကင်ဆာကြိတ်တွေကို သက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ အမျိုးမျိုးသော နာတာရှည်ရောဂါတွေဖြစ်မလာအောင်လည်း တားဆီးပေးနိုင်ပါတယ်။ ဒါ့အပြင် နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေဖြစ်ပွားနိုင်ချေကိုလည်း လျှော့ချပေးနိုင်တယ်လို့ လေ့လာချက်တွေမှာ ဖော်ပြထားပါတယ်။ ဘရိုကိုလီထဲမှာ ဗီတာမင် ကေနဲ့ ဗီတာမင် စီတို့ အဓိကပါဝင်နေပြီး ဖောလစ်၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်တို့လည်း ပါဝင်ပါတယ်။

 

•           ၄။ ကြက်သွန်ဖြူ – အနံ့ပြင်းတာကြောင့် တစ်ချို့က ကြက်သွန်ဖြူကို မကြိုက်ကြပါဘူး။ ဒါပေမယ့် ကြက်သွန်ဖြူဟာ လွန်ခဲ့နှစ်ထောင်ချီကတည်းက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ ရှေးခေတ် အီဂျစ်နဲ့ တရုတ်တွေဟာ ကြက်သွန်ဖြူကို ဆေးဘက်ဝင်အမယ်တစ်ခုအဖြစ် သတ်မှတ်သုံးစွဲခဲ့ကြပါတယ်။ ကြက်သွန်ဖြူမှာ အဓိကပါဝင်တဲ့ ကွန်ပေါင်းက Allicin ဖြစ်ပြီးတော့ အဆိုပါ ကွန်ပေါင်းဟာ ကျန်းမားရေးအကျိုးကျေးဇူးအများအပြားကို ပေးစွမ်းနိုင်ပါတယ်။ နှလုံးရောဂါ၊ အသည်းကင်ဆာ၊ သွေးတိုး၊ ဆီးချိုနဲ့ အင်ဆူလင် ဓာတ်မတည့်မှုတွေအတွက် ဆေးဘက်ဝင်တဲ့အရာဖြစ်ပါတယ်။

 

•           ၅။ နိုကိုဥ – ရှမ်ပြည်နယ်မှာ ပေါပေါများများရနိုင်တဲ့ နိုကိုဥဟာ ကျန်းမာရေးအတွက် အလွန်အထောက်အကူပြုတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ အစိမ်းအတိုင်းပဲ စားစား၊ ချက်ပြုတ်ပြီးပဲ စားစား လူကို အကျိုးပြုနိုင်ပါတယ်။ ဂေါ်ဖီမျိုးစိတ်ဝင်ဖြစ်တဲ့ နိုကိုဥဟာ ဗီတာမင် စီ ကြွယ်ဝစွာပါဝင်ပြီး သွေးတွင်းသကြားပမာဏကိုလည်း လျှော့ချပေးနိုင်တာမို့ ဆီးချိုသမားတွေအတွက် အကောင်းဆုံး ဓာတ်စာဖြစ်ပါတယ်။ ဆီးချိုရောဂါအခံရှိသူတွေဟာ နေ့စဉ် နိုကိုဥ ၁၃၈ ဂရမ်လောက် စားပေးသင့်ပါတယ်။ ဒါ့အပြင် နိုကိုဥထဲမှာ ဗီတာမင် စီနဲ့ အမျှင်ဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်နေပါတယ်။

 

•           ၆။ ကိုက်လန် – စိမ်းစိမ်းစိုစို အရွက်တစ်မျိုးဖြစ်တဲ့ ကိုက်လန်မှာ အာဟာရဓာတ်နဲ့ Antioxidant တွေ ပေါပေါသီသီပါရှိနေပတယ်။ ၆၇ ဂရမ်လောက်ရှိတဲ့ ကိုက်လန်တစ်ပန်းကန်မှာ လူတစ်ဦးနေ့စဉ်လိုအပ်မယ့် ဗီတာမင် အေ၊ ဘီ၊ စီ၊ ကေ၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်နဲ့ ကြေးနီတို့ လုံလောက်စွာ ပါရှိနေမှဖြစ်ပါတယ်။ ဒါကြောင့်လဲ ကိုက်လန်ဟာ နှလုံးရောဂါကို တွန်းလှန်ရာမှာ အကောင်းဆုံးအထောက်အကူပေးပြီး သွေးတွင်း သကြားဓာတ်နဲ့ ကိုလက်စထရောတွေကို လျော့ကျစေနိုင်ပါတယ်။ ကိုက်လန်ကို ဖျော်ရည်လုပ်ပြီး နေ့စဉ်သောက်သုံးမယ်ဆိုရင် ၁၂ ပတ်အတွင်း သွေးတွင်း လက်စထရော ပမာဏကို သိသိသာသာ လျှော့ပါးသွားပါလိမ့်မယ်။

 

•           ၇။ ပဲစိမ်း – ပဲတွေဟာ ပရိုတိန်းဓာတ်ကြွယ်ဝစွာပါဝင်တာမို့ အသားအစားထိုးအနေနဲ့ စားကြတာမျိုးရှိကြပါတယ်။ ပဲကို များများစားပေးခြင်းအားဖြင့် သွေးတွင်း သကြားဓာတ်ပမာဏအပေါ် သက်ရောက်မှုရှိမှာဖြစ်ပါတယ်။ ပဲမှာ ပရိုတိန်းအပြင် ဖိုက်ဘာ၊ သီယာမင်၊ ဗီတာမင် အေ၊ စီ၊ ကေနဲ့ ရီဘိုဖလာဗင်၊ နီယာစင်နဲ့ ဖောလစ်တို့လည်း ပါဝင်နေပါတယ်။ ပဲစားခြင်းကြောင့် ကင်ဆာဖြစ်နိုင်ချေကို လျှော့ချနိုင်သလို ဆဲလ်သေဆုံးမှုတွေကိုလည်း တားဆီးနိုင်ပါတယ်။

 

•           ၈။ ချင်း – ချင်းဟာ မြန်မာ့တိုင်းရင်းဆေးဝါးတွေမှာ မပါမဖြစ် ဆေးဝါးဓာတ်စာတစ်မျိုးပါ။ ဂျင်းရဲ့ ဆေးဘက်ဝင်ပုံကို မြန်မာ့ဆေးကျမ်းအဖုံဖုံမှာ ဖော်ပြထားသလို နိုင်ငံတကာမှာလည်း ချင်းဟာ လူတွေအတွက် သက်စောင့်အစားအစာတစ်ခုအဖြစ် သတ်မှတ်ထားကြပါတယ်။ ချင်းဟာာ ပူစပ်တဲ့ အရသာသဘောရှိပြီး ဟင်းခတ်၊ အချိုပွဲတွေမှာ အဓိက သုံးကြပါတယ်။ သုတေသနပြုချက်တွေအရ ချင်းဟာ မအီမသာဖြစ်တာတွေကို သက်သာစေနိုင်ပါတယ်။ ကိုယ်ဝန်သည်တွေ ကိုယ်လက်မအီမသာဖြစ်ချိန်တွေမှာ ချင်းပါတဲ့ အစားအစာမျိုး ဒါမှမဟုတ် ချင်းပြုတ်ရည်မျိုး တိုက်ကျွေးသင့်ပါတယ်။ ချင်းဟာ အဆစ်ရောင်နာနဲ့ ဂေါက်ရောဂါတွေကိုလည်း ကုသပေးနိုင်ပါတယ်။ ပမာဏတစ်ခုသတ်မှတ်ပြီး ချင်းကို နေ့စဉ် စားပေးမယ်ဆိုရင် အဆစ်အမြစ်နာကျင်ကိုက်ခဲတာတွေကို လျှော့ချပေးနိုင်တယ်လို့ ဆေးဝါးသုတေသနပြုချက်တွေမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ချင်းမှာ သွေးတွင်း သကြားပမာဏကိုလည်း လျော့ကျစေနိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။

 

•           ၉။ ကညွတ်ကြီး – ကညွတ်ကြီး (Asparagus) ဟာ ဆေးဘက်ဝင်သလို စားရတာလည်း အရသာအတော်ရှိတဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဝိတ်ချလိုသူတွေအတွက် မဖြစ်မနေ စွဲစားသင့်တဲ့ အစားအစာတစ်ခုပါ။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး လူတစ်ယောက် နေ့စဉ်လိုအပ်တဲ့ ဖောလစ်အက်ဆစ်ပမာဏကိုလည်း ကညွတ်ကြီး ၁၂၀ ဂရမ်လောက် စားပေးရုံနဲ့ ဖြည့်တင်းနိုင်မှာဖြစ်ပါတယ်။ သူ့မှာ ဆီလီနီယမ်၊ ဗီတာမင် ကေ၊ သီယာမင်နဲ့ ရီဘိုဖလာဗင်တို့လည်း ပါဝင်ပါတယ်။ ကညွတ်ကြီးဟာ ကိုယ်ဝန်ဆောင်တွေအတွက် သင့်တော်တဲ့ အစားအစာတစ်မျိုးဖြစ်ပြီးတော့ ကိုယ်ဝန်ပျက်ကျနိုင်ချေကို လျှော့ချပေးနိုင်တဲ့ အာနိသင်ရှိသလို အဆိပ်အတောက်လည်း ကင်းစေပါတယ်။

 

•           ၁၀။ ကန်စွန်းဥ – ကန်စွန်းဥပြုတ်ပူပူလေးတွေဟာ အဆာပြေစာ တစ်ခုအနေနဲ့ ငယ်ဘဝတစ်ရဲ့ တစ်ထောင့်တစ်နေရာမှာ ပါဝင်ပတ်သက်နေလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကန်စွန်းဥ (Sweet Potato) မှာ မြန်မာပြည်မှာ ပေါပေါသီသီထွက်ရှိတဲ့ အစားအစာတစ်မျိုးဖြစ်ပြီး ပြုတ်စားတာမျိုး၊ မီးဖုတ်စားတာမျိုးနဲ့ မုန့်တွေထဲမှာ ထည့်သွင်းစားသောက်တာမျိုးတွေ ပြုလုပ်ကြလေ့ရှိပါတယ်။ ကန်စွန်းဥထဲမှာ ဘယ်လို အာဟာရဓာတ်မျိုးတွေ ပါဝင်သလဲဆိုရင် အမျှင်ဓာတ်၊ ပရိုတိန်း၊ ဗီတာမင် စီ၊ ဗီတာမင် ဘီဆစ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင် အေတို့ပါဝင်နေပါတယ်။ အထူးသဖြင့် ဗီတာမင် အေ ပမာဏများပြားစွာပါဝင်နေပြီး လူတစ်ယောက်လိုအပ်တဲ့ ပမာဏထက် ပိုလျှံလို့တောင်နေတယ်လို့ ဆိုကြပါတယ်။ ကန်စွန်းဥဟာ ကင်ဆာဝေဒနာဖြစ်နိုင်ချေကို လျှော့ချပေးနိုင်တဲ့ အစားအစာတစ်မျိုးဖြစ်ပြီးတော့ အဓိကအားဖြင့် အဆုပ်ကင်ဆာနဲ့ ရင်သားကင်ဆာတို့ကိုဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ သဘာဝအချိုဓာတ်ကြောင့် ဆီးချိုရောဂါဝေဒနာသည်တွေကိုလည်း အထောက်အကူပြုနိုင်ပါတယ်။ ကိုလက်စထရောနဲ့ သွေးတွင်းသကြားပမာဏတွေကို ကန်စွန်းဥပြုတ်ပူပူလေးနဲ့ လျှော့ချလို့လည်း ရတယ်နော်။

 

အထက်မှာ ဖော်ပြထားတဲ့ ဟင်းသီးဟင်းရွက်တွေကို မိမိရဲ့ ကျန်းမာရေးအခြေအနေနဲ့ ကိုက်ညှိပြီး ရွေးချယ်စားသောက်နိုင်သလို ကျန်းမာရေးလိုက်စားသူတွေဆိုရင်လည်း မကြာခဏ စားသုံးပေးဖို့ သင့်ပါတယ်။ ကျန်းမာပြီး နေပျော်တဲ့ ဘဝလေးပိုင်ဆိုင်ချင်သူတွေအတွက် အထက်ပါ ဟင်းသီးဟင်းရွက်တွေဟာ လက်မလွှတ်သင့်တဲ့ ဓာတ်စာတွေဖြစ်ပါတယ်။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရေးသားသူ Ye Zon Aung