ကျန်းမာရေးနှင့် အားကစားဝန်ကြီဌာန၊ စီမံချက်လုပ်ငန်းများ၏ သတင်းအချက်အလက်စနစ်များ ပိုမိုကောင်းမွန် စေရေး ဆွေးနွေးပွဲကျင်းပ

နေပြည်တော် ၂၅ မေ

 

ကလေးကျန်းမာရေး၊ ကျောင်းကျန်းမာရေး၊ မိခင်နှင့် မျိုးဆက်ပွားကျန်းမာရေး၊ အာဟာရဖွံ့ဖြိုးရေးစီမံချက် လုပ်ငန်းများ၏ သတင်းအချက်အလက် စနစ်များ ပိုမိုကောင်းမွန်စေရေး ဆွေးနွေးပွဲကို  ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဆွေးနွေးပွဲတွင်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် တိကျမှန်ကန်သော စာရင်းဇယားနှင့် သတင်းအချက် အလက်ရရှိရန်သည် အရေးကြီးပါကြောင်း၊ ဝန်ကြီးဌာန ဘဏ္ဍာငွေ၊ ရန်ပုံငွေ၊ အရင်းအမြစ်များကို  အလေအလွင့် နည်းပါးစွာဖြင့် အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရန်၊ ဦးစားပေး အစီအစဉ်များ သတ်မှတ်ကာ လိုအပ်သည့် နေရာများသို့ ဖြည့်ဆည်းပေးနိုင်ရန်နှင့် ဝန်ကြီးဌာနမှ ဆောင်ရွက်နေသော လုပ်ငန်းနည်းဗျူဟာများ၊ လုပ်ငန်းစဉ်များ၏ အောင်မြင်ထိရောက်မှု အခြေအနေများကို ဆန်းစစ်သိရှိနိုင်ရန် တို့အတွက် စာရင်းဇယားနှင့် သတင်းအချက်အလက်များမှန်ကန်ပြည့်စုံမှုသည် အထူးအရေးကြီးပါကြောင်း။

 

ဝန်ကြီးဌာနရှိ ကျန်းမာရေးစီမံချက်လုပ်ငန်းများ အနေဖြင့် ယခု ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ် လက်တွေ့ကွင်းဆင်း ဆောင်ရွက်မှုနှင့် ကြီးကြပ်မှုများ မပြုလုပ်နိုင်သည့် ကာလအတွင်း သတင်းအချက်အလက်စနစ် ပိုမိုကောင်းမွန်စေရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယနေ့ ဆွေးနွေးပွဲတွင် လက်ရှိကောက်ယူနေသည့် စာရင်းဇယားနှင့် သတင်းအချက်အလက်များ၊ အဆိုပါ သတင်းအချက်အလက်များကို လက်တွေ့အသုံးချမှု အခြေအနေ၊ သတင်းအချက်အလက်များကို ဆန်းစစ်သုံးသပ်မှုများပြုလုပ်ပြီး သတင်းအချက်အလက် ပေးပို့သူများထံ ပြန်လည် အသိပေးအကြောင်းကြားမှု၊ အဆိုပါလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လိုအပ်ချက်နှင့် အားနည်းချက်များ စသည်တို့နှင့် ပတ်သက်၍ ဆွေးနွေးပြောကြားကြစေလိုပါကြောင်း၊ စာရင်းဇယားနှင့် သတင်းအချက်အလက် ကောက်ယူမှုပုံစံ(form) များ၊ သတင်းအချက်အလက် အဓိပ္ပာယ် သတ်မှတ်ချက်များ (definition) များကို ပြန်လည် ဆန်းစစ်၍ လိုအပ်သလို မွမ်းမံပြင်ဆင်ခြင်းများ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

 

mdn

 

ကျန်းမာရေးစီမံချက်များ၏ သတင်းအချက်အလက်များသည် ဝန်ကြီးဌာန၏ ကျန်းမာရေးသတင်း အချက်အလက် စနစ်နှင့် ချိတ်ဆက်မှုရှိရမည် ဖြစ်ပါကြောင်း၊ လက်တွေ့မြေပြင်တွင် ဆောင်ရွက်နေသော သတင်းအချက်အလက် စီမံခန့်ခွဲမှုလုပ်ငန်းများကို သိရှိနိုင်ရန်၊ အခက်အခဲနှင့် လိုအပ်ချက်များကို သိရှိနိုင်ရန် Video conferencing စနစ်ဖြင့် ဗဟိုနှင့် တိုင်းဒေသကြီး/ ပြည်နယ် တာဝန်ရှိသူများ အကြားဆွေးနွေးမှုများ ပြုလုပ်ကြရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းသဘော သဘာဝနှင့် လုပ်ငန်းကဏ္ဍ နီးစပ်တူညီသော ကျန်းမာရေး စီမံချက်လုပ်ငန်းများအနေဖြင့် လုပ်ငန်း ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ပိုမိုအကျိုးရှိ ထိရောက်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှ ဖြန့်ဝေထားသော Mobile Tablet များကို အသုံးပြု၍ သတင်းအချက်အလက်များ ပေးပို့ခြင်း၊ ကောက်ယူခြင်းနှင့် မွမ်းမံသင်တန်းများပေးခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ဆေးသုတေန ဦးစီးဌာနအနေဖြင့် ကျန်းမာရေး စီမံချက်လုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရန် အထောက်အကူပြုသော အသုံးချသုတေသနများကို ပိုမိုဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

 

သက်ဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်များ အနေဖြင့် မိမိတို့တာဝန်ယူကြီးကြပ်ရသော ကျန်းမာ ရေးစီမံချက် လုပ်ငန်းများ၏ နှစ်ပတ်လည် အစီရင်ခံစာ (annual report) ကို ပြုစုထုတ်ဝေကြစေလို ပါကြောင်း၊ ဝန်ကြီးဌာနရှိ ဦးစီးဌာနအားလုံး၊ ကျန်းမာရေးစီမံချက်အားလုံးတွင် ကိန်းဂဏန်း အချက်အလက်များကို စနစ်တကျသုံးစွဲတတ်သည့် ယဉ်ကျေးမှု ပိုမိုဖြစ်ထွန်းလာ ရေးဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက ကလေး ကျန်းမာရေး၊ ကျောင်းကျန်းမာရေး၊ မိခင်နှင့် မျိုးဆက်ပွားကျန်းမာရေး၊ အာဟာရဖွံ့ဖြိုးရေးဌာနခွဲများမှ သတင်းအချက်အလက် စနစ်များ၏ လက်ရှိအခြေအနေ ခြုံငုံသုံးသပ်မှုများကို တင်ပြခဲ့ပြီး ကျောင်းကျန်းမာရေး ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာဖြူဖြူအေး၊ ကလေးကျန်းမာရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ သီင်္ဂအောင်၊ မိခင်နှင့် မျိုးဆက်ပွားကျန်းမာရေးဌာနခွဲမှ ညွှန်ကြားရေးမှုး ဒေါက်တာမြင့်မိုရ်စိုး၊ အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ လွင်မာလှိုင်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကျန်းမာရေး စီမံချက်လုပ်ငန်းအလိုက် လက်ရှိ ကောက်ယူနေသည့် စာရင်းဇယားနှင့် သတင်းအချက်များ၊ အဆိုပါ သတင်းအချက်အလက်များကို လက်တွေ့အသုံးချမှု အခြေအနေ၊ သတင်းအချက်အလက်များကို ဆန်းစစ်သုံးသပ် မှုများ ပြုလုပ်ပြီး သတင်းအချက်အလက် ပေးပို့သူများထံ ပြန်လည်အသိပေးအကြောင်းမှု၊ မွမ်းမံပြင်ဆင်ရန် လိုအပ်သည့် ကဏ္ဍများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို အသီးသီးတင်ပြ ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်းပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာသာထွန်းကျော်နှင့် တာဝန်ရှိသူများက ဆွေးနွေးအကြံပြုမှုများ ဆောင်ရွက် ခဲ့ကြသည်။

 

သတင်းစဉ်