ကျွန်မရဲ့ရန်ကုန်တက္ကသိုလ်

ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး

 

ပညိံန္ဒြေစန်း

 

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၁ ရက်နေ့က ကျင်းပတဲ့ (၁၂၈) ကြိမ် မြောက် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ဥပဒေအထူးပြုဘာသာရပ်နဲ့ ကျွန်မအတွက် ဒုတိယ မြောက်ဘွဲ့ကို ရယူခဲ့ပါတယ်။ အလှအပတွေ၊ ရာဇဝင်တွေနဲ့ ခမ်းနားကျော်ကြားလှတဲ့ ဒီတက္ကသိုလ်ကြီးက ပေးတဲ့ ဘွဲ့ကို လက်ဝယ်ပိုင်ပိုင်ရရှိတဲ့အတွက် အလွန်ကျေနပ် ပါတယ်။ ဒီဂုဏ်ရှိန်မြင့်တဲ့တက္ကသိုလ်ကြီးက ချီးမြှင့်တဲ့ ဘွဲ့ကို အလွန်လိုချင်မိတဲ့ ကျွန်မရဲ့ဆန္ဒပြည့်ဝသွားပြီ ဖြစ်တဲ့အတွက်လည်း အလွန်ပျော်ရွှင်ပါတယ်။

ကောင်းသောဒီဇင်ဘာလများ

ကျွန်မရဲ့ထက်သန်တဲ့စိတ်ဆန္ဒ၊ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ကြိုးစားအားထုတ်မှုတွေအပြင် စိစိစစ်စစ် သုံးစွဲခဲ့ရပြီးမှ ဒီဘွဲ့ကို ထိုက်ထိုက်တန်တန်ရရှိခဲ့တာဖြစ်လို့ အလွန် တန်ဖိုးထားပါတယ်။ ဒါကြောင့်လည်း ဒီဇင်ဘာလဟာ ကျွန်မအတွက်ဂုဏ်ယူစရာပါ။ ဒါတင်မကသေးပါဘူး၊ လွန်ခဲ့တဲ့နှစ်တွေရဲ့ ဒီဇင်ဘာလတွေဟာလည်း ကျွန်မ အတွက်ထူးခြားပါတယ်။ အမှတ်တရဖြစ်ခဲ့ရတဲ့အရာတွေ၊ ပစ္စည်းတွေ၊ မင်္ဂလာရှိတဲ့ကိစ္စတွေဟာလည်း ဒီဇင်ဘာလ မှာပဲ အများအားဖြင့်ကြုံတွေ့ရလေ့ရှိတယ်။ ပြောရမယ် ဆိုရင်တော့ ကောင်းသောဒီဇင်ဘာလများပေါ့လေ။

တကယ်တော့ ကျွန်မက အထက်တန်းအောင်ပြီးခါစ ဆယ့်ခြောက်၊ ဆယ့်ခုနစ်အရွယ် နုပျိုလှပနေတဲ့ အပျိုဖြန်း ကျောင်းသူလေးမဟုတ်ပါဘူး။ ဥပဒေပညာကို ဘွဲ့လွန် အဖြစ် လာရောက်သင်ယူနေတဲ့ သုံးဆယ်ကျော်အရွယ် ကျောင်းသူပါ။ ကျွန်မတို့ ဆယ်တန်းအောင်တဲ့အချိန် ၁၉၉၉ ခုနှစ်က ရန်ကုန်တက္ကသိုလ်အပါအဝင် တက္ကသိုလ် ကျောင်းတွေကို ပိတ်ထားခဲ့တာဖြစ်လေတော့ အဝေးသင် ဆိုတာနဲ့ ပထမဆုံးတွေ့ထိခဲ့ရတာပေါ့။ အားရပါးရ စာကျက်ခဲ့ရတယ်၊ ကြည်ကြည်နူးနူး ပျော်ရွှင်ခဲ့ရတယ်၊ တလှိုက်လှိုက်နဲ့ရင်ခုန်ခဲ့ရတယ်ဆိုတာမရှိဘဲ ဘာမှန်း ညာမှန်း ထိထိမိမိမရှိ ဘွဲ့ရခဲ့တာဆိုတော့ ကျွန်မစိတ်ထဲမှာ မတင်မကျနဲ့ လိပ်ခဲတည်းလည်း ဖြစ်နေခဲ့တာပါ။

တက္ကသိုလ်ရဲ့ အရှိန်အဟုန်က ကြီးကျယ်ခဲ့

အဲဒီအချိန်တုန်းက ကျွန်မတို့ကြည့်ခဲ့ရဖူးတဲ့ တက္ကသိုလ်နောက်ခံရုပ်ရှင်ကားတွေ၊ ဖတ်ခဲ့ဖူးတဲ့ တက္ကသိုလ် နောက်ခံရုပ်ပြဇာတ်လမ်းတွေကြောင့် တက္ကသိုလ်ဟာ နုနယ်တဲ့ကျွန်မရင်ကို လွန်လွန်ကဲကဲ စိုးမိုးခဲ့တာပါ။ တက္ကသိုလ်ဆိုရင် သစ်ပုပ်ပင်နဲ့ ဘွဲ့နှင်းသဘင်ကိုပဲ မြင်ယောင်မိတဲ့အထိ တက္ကသိုလ်ရဲ့ အရှိန်အဟုန်က ကြီးကျယ်ခဲ့တယ်။ ဒါကြောင့် ကျွန်မတို့ဟာ တက္ကသိုလ်ကို မရောက်ဖူးပေမယ့် တက္ကသိုလ်ရဲ့မြင်ကွင်းတွေဟာ ကျွန်မတို့နဲ့မစိမ်းခဲ့ပါဘူး။

‘ငါလည်း ဆယ်တန်းအောင်ရင် အဲဒီတက္ကသိုလ်ကြီး ကို တက်ဖြစ်အောင်တက်မယ်’လို့ ကျွန်မရင်ထဲမှာ ကြုံးဝါးခဲ့ဖူးတယ်။ နောက်ပြီး အဓိပတိလမ်းကို အစ အဆုံးလျှောက်မယ်။ ကံ့ကော်ပွင့်တွေ ကောက်မယ်။ စာကြည့်တိုက်မှာစာဖတ်မယ်။ အင်းလျားမှာလည်း ဘူးသီးကြော်စားမယ်လို့ အတွေးတွေနဲ့ ရင်တသိမ့်သိမ့် ပျော်ခဲ့ဖူးသေးတယ်။ ကျွန်မတို့ဆယ်တန်းလည်းအောင် ရော ကျောင်းတွေပိတ်ထားတာနဲ့ကြုံတော့ ကျွန်မ အတွေးတွေလည်း စိတ်ကူးထဲမှာပဲ လွင့်ပျံပြီး လက်တွေ့ ဖြစ်မလာခဲ့ဘူး။ ကျွန်မ ဘယ်လောက်တောင် ရန်ကုန်တက္ကသိုလ်ကိုတက်ချင်ခဲ့သလဲဆိုရင် ‘နောက်ဘဝကျရင် တော့ ငါ ရန်ကုန်တက္ကသိုလ် တက်ဖြစ်အောင်တက်မယ်’ ဆိုတဲ့စိတ်ကို ရင်ထဲမှာထားခဲ့တဲ့ အထိပဲ။

အဲဒီလောက်အထိ တက်ချင်စိတ်ပြင်းပြတဲ့ ရန်ကုန် တက္ကသိုလ်ကို နောက်ဘဝထိအောင်မစောင့်ရဘဲ ဒီပလိုမာ ကျောင်းသူအဖြစ် ဒီဘဝမှာတင် တက်ခွင့်ရတဲ့အတွက် ကျွန်မ အပျော်တွေဟာ အတိုင်းထက် အလွန်လို့ဆိုရမလောက်ပါပဲ။ ဒါပေမဲ့ ကျွန်မတို့အရွယ်ဟာ ဆယ်ကျော်သက်ကျောင်းသူ စစ်စစ်လေးတွေမဟုတ်တဲ့အတွက် အရင်ကစိတ်ကူးယဉ် ခဲ့သလို ကျောင်းဝင်းအနှံ့လျှောက်သွားပြီး လွတ်လွတ် လပ်လပ်နဲ့ စိတ်ချလက်ချမရှိနိုင်တော့ဘဲ အိမ်မှာ ငါ့အမေ တစ်ယောက်တည်း၊ လုပ်စရာအလုပ်တွေကလည်း တစ်ပုံ ကြီးဆိုတဲ့စိတ်ကရှိနေလေတော့ စာသင်ချိန်ပြီးတာနဲ့ ခြေလှမ်း ခပ်သုတ်သုတ်လျှောက်ပြီး ကားဂိတ်ကို ဦးတည်ရင်းနဲ့ အိမ်ကိုပဲအလုအယက်ပြန်ရတယ်။

နှလုံးစိတ်ဝမ်းတကယ်အေးချမ်းရ

ဒီတော့လည်း ဟိုတုန်းကရည်မှန်းထားသလို ကံ့ကော် ရနံ့လည်းမရှူနိုင်၊ အဓိပတိလမ်းမှာလည်း လမ်းမလျှောက် နိုင်ဘဲ ကသုတ်ကရက်နဲ့ပညာဆည်းပူးခဲ့ရတာပါ။ အုပ်အုပ် ဆိုင်းဆိုင်းနဲ့ သစ်တောအငယ်စားလေးလို ပေါက်ရောက် နေတဲ့ ကျောင်းဝင်းထဲက သစ်ပင်ကြီးတွေရဲ့ရနံ့ကိုတောင်မှ ကိုယ်ပညာသင်ကြားရာ ကျောင်းဆောင်ရဲ့ကော်ရစ်တာက နေသာ တက္ကသိုလ်ကြီးရဲ့ သစ်ပင်ရနံ့ကို မြတ်မြတ်နိုးနိုးနဲ့ အားပါးတရ ကျွန်မရှူရှိုက်ခဲ့ရတယ်။ လေကသန့်ပြီး လတ်ဆတ်တဲ့အပြင် ခပ်စိမ့်စိမ့်လေးလည်း အေးသေးတယ်။ အပြင်မှာ ဘယ်လောက်ပူပူ ကျွန်မတို့ကျောင်းဝင်းထဲ မှာတော့ အေးနေတာပါ။ တစ်ခါတလေ အဲဒီလေပြည်ထဲမှာ ပန်းရနံ့လေးတောင်မွှေးလို့၊ ဒါကြောင့် ကျောင်းဝင်းထဲကို ခြေချမိပြီဆိုတာနဲ့ နှလုံးစိတ်ဝမ်း တကယ်အေးချမ်းရ တာပါ။

ကျွန်မတို့ကို သင်ကြားတဲ့ ဆရာဆရာမတွေအပါအဝင် ဆရာဆရာမတွေအားလုံးရဲ့ ပြောဆိုပုံတွေ၊ အမူအရာတွေ၊ ဝတ်စားဆင်ယင်ပုံတွေ၊ အတွေးအခေါ်တွေဟာလည်း ဣန္ဒြေသိက္ခာနဲ့ ပြည့်စုံရုံသာမက တင့်တယ်ထက်မြက်ပြီး မိမိကျွမ်းကျင်ရာဘာသာရပ်မှာ ဘယ်လောက်တောင် ပိုင်နိုင်သလဲဆိုတာကို အဆင့်မြင့်ပညာရပ်တွေသင်ကြားရာ နယ်မြေမှာ အဆင့်မြင့်ပညာရှင်တွေရဲ့ ဂုဏ်ဒြပ်နဲ့ သိက္ခာဟာ ဒီလိုပါလားလို့ သိစေနိုင်လောက်အောင်ကို ကျက်သရေနဲ့ပြည့်စုံလှပါတယ်။

ကျွန်မပညာဆည်းပူးချိန်မှာ ဒီတက္ကသိုလ်ကြီးကို ပြန်လည်ဖွင့်လှစ်တာလည်း နှစ်အနည်းငယ်ပဲ ရှိသေးလေ တော့ မျိုးဆက်သစ်ကျောင်းသားကျောင်းသူလေးတွေကိုလည်း တက္ကသိုလ်ဝန်းကျင်အနှံ့တွေ့ရတာဟာ လိပ်ပြာ လေးတွေသွားနေသလို ကျောင်းနဲ့ကျောင်းသား ပနံသင့်လှ ပါတယ်။ စာသင်ခန်းတွေဟာ ကျောင်းသားရှိမှလှပသလို ကျောင်းသားမရှိရင် အကျည်းတန်လှပြီး အဓိပ္ပာယ်မဲ့ ပါတယ်။ အခုအချိန်မှာ မိန်းကလေးတွေအများစုဟာ မြန်မာအင်္ကျီလေးတွေပဲ အဝတ်များကြတာမို့ အလှတွင် အယဉ်ဆင့်ဆိုသလို သူတို့မျက်နှာနုနုလေးတွေနဲ့ လိုက်ဖက် တဲ့အပြင် တက္ကသိုလ်ကျောင်းသူဆိုတဲ့ ဂုဏ်လေးပါ တွဲဖက်ပါတော့ ဘယ်လောက်များကျက်သရေရှိလိုက်ပါ့။

တက္ကသိုလ်လို့ မြန်မာမှုပြုခဲ့

အရင်ကတော့ ဒီရန်ကုန်တက္ကသိုလ်ကြီးကို ရန်ကုန် ယူနီဗာစီတီလို့ခေါ်ဝေါ်ခဲ့ကြပေမယ့် ၁၉၃၀ ပြည့်နှစ် စက်တင်ဘာ ၂၇ ရက်နေ့က ပင်းယဆောင်မှာ ကျင်းပခဲ့တဲ့ အင်္ဂလိပ်ဝေါဟာရတွေကို မြန်မာပြန်ဆိုရေး အစည်း အဝေးကနေပြီး ယူနီဗာစီတီကို တက္ကသိုလ်လို့မြန်မာမှု ပြုခဲ့တာပါ။ တက္ကသိုလ်ဆိုတာ တက္ကသီလဆိုတဲ့ ပါဠိ စကားကို မြန်မာမှုပြုထားတာဖြစ်ပြီး ‘လိုရာဖြည့်ဆည်း ခြင်း’တဲ့လေ။

ရန်ကုန်တက္ကသိုလ်ဟာ ယခင်က ဧက ၄၀၀ ကျယ်သော နာနတ်တောရိုင်းကြီးဖြစ်တယ်လို့ သိရပါတယ်။ ထိုစဉ်က ဒုတိယဘုရင်ခံချုပ် ဆာဟာကုတ်ဘတ္တလာက ဗြိတိသျှလူမျိုးဗိသုကာပညာရှင် T.O Forstar ကို အင်္ဂလန်ကိုစေလွှတ်ပြီး ဒီဇိုင်းရေးဆွဲစေခဲ့ကာ ထိုသူက အင်္ဂလန်က အဆောက်အအုံပညာရှင်တွေနဲ့ ၁၉၂၀ ပြည့်နှစ်အကုန်မှာ စတင်ဆောက်လုပ်ခဲ့တာကြောင့် ယခု ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှာ နှစ်တစ်ရာပြည့်တော့မှာပါ။ တက္ကသိုလ်ပရဝဏ်နဲ့ အဆောက်အအုံတွေဟာ အင်္ဂလန် နိုင်ငံရဲ့ အထင်ကရတက္ကသိုလ်တွေဖြစ်တဲ့ အောက်စဖို့ဒ်နဲ့ ကိန်းဘရစ်ချ်တို့ရဲ့ စံနှုန်းနဲ့ပုံစံကို အခြေခံထားတာ ကြောင့် သေသပ်လှပလွန်းပါတယ်။

ထို့အတူ အဆောင်တွေကလည်း ပဲခူးဆောင်၊ အင်းဝဆောင်၊ ဒဂုံဆောင်၊ ရာမညဆောင်၊ အင်းလျား ဆောင်၊ မာလာဆောင်၊ ပင်းယဆောင်၊ ပြည်၊ သထုံဆောင်၊ သီရိဆောင်၊ စစ်ကိုင်းဆောင်၊ ရွှေဘိုဆောင်၊ တကောင်း ဆောင်၊ ဝေသာလီဆောင်၊ မန္တလေးဆောင်၊ တောင်ငူဆောင် စတဲ့ ကျွန်မတို့ မြန်မာပြည်ကြီးရဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးရဲ့ အဓိကအမည်နာမတွေကို မှည့်ခေါ် ထားတာဟာ ဘယ်လောက်ချစ်စရာကောင်းလိုက်ပါလဲ။

 

လမ်းနာမည်တွေကျတော့ရော အဓိပတိလမ်း၊ စစ်ကိုင်းလမ်း၊ ပုဂံလမ်းတဲ့။ ဘယ်လောက် ကဗျာဆန် လိုက်ပါသလဲ။ ‘အဓိပတိလမ်းမပေါ်---တူစုံတွဲလို့ လျှောက်စို့နော်’ သီချင်းရှိသလို ‘မောင့်သီရိမေ---ပျော်ရွှင် ပါစေ’၊ ‘မာလာဆောင် မောင်မလာဘူး’၊ ‘ပုဂံလမ်းကစောင့် နေမယ်’၊ ‘စစ်ကိုင်းလမ်း’စတဲ့ သီချင်းတွေဟာ အမိ တက္ကသိုလ်ကြီးကို အမှတ်ရစရာသီချင်းတွေပါ။

 

ကျွန်မ ရန်ကုန်တက္ကသိုလ်ကို တက်ရောက်ရတဲ့ အချိန်ဟာ လူလတ်ပိုင်းအရွယ်ဖြစ်ခဲ့ပြီမို့လို့ မချင့် မရဲဖြစ်မိပေမယ့်လည်း အခုအချိန်မှာ ငါဟာ ကျောင်းသူ တစ်ယောက်ပဲဆိုတဲ့အသိနဲ့ ကျေနပ်ခဲ့ရပါတယ်။ ဆရာ ကန်တော့ပွဲလုပ်တဲ့နေ့မှာ ဝမ်းနည်းဝမ်းသာဖြစ်ခဲ့ပေမယ့် ကျွန်မတို့ဌာနမှာ ထမနဲထိုးပွဲကတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြိုင်အဆိုင်ဆိုတော့ ကိုယ့်အဖွဲ့ကိုလည်းအားပေးရင်း၊ တခြားအဖွဲ့ကိုလည်း စူးစမ်းရင်းနဲ့ ကျွန်မပျော်ခဲ့ရတယ်။ ကျွန်မကတက္ကသိုလ်ရဲ့အရသာကို ဘာမှန်းမသိခဲ့သူ ဆိုတော့ ဒီပွဲလေးဟာ ကျွန်မအတွက် ပထမဦးဆုံးပွဲ ဖြစ်ခဲ့ရပြီး စိတ်လှုပ်ရှားခဲ့ရတဲ့ အမှတ်တရပွဲလေးတစ်ခု လည်း ဖြစ်ခဲ့ရပါတယ်။ အဲဒီနေ့က တော်ရုံဆို ပန်းပန်လေ့ မရှိတဲ့ကျွန်မခေါင်းမှာ ထူးထူးခြားခြား ကံ့ကော်ပန်းလေး ပန်ခဲ့တာကိုလည်း သတိတရမှတ်မိနေပါတယ်။

 

ပဲခူးဆောင်ကိုမြင်တိုင်း ဗိုလ်ချုပ်ကိုမြင်ယောင်မိ

မကြာခင်အချိန်မှာ သက်တမ်းရာပြည့်တော့မယ့် တက္ကသိုလ်ကြီးထဲမှာ ပညာဆည်းပူးပြီး ထင်ရှားခဲ့တဲ့ ကျောင်းသားဟောင်းကြီးတွေထဲမှာ အထင်ရှားဆုံးက တော့ ဗိုလ်ချုပ်အောင်ဆန်းပါ။ ကျွန်မ ပဲခူးဆောင်ကို မြင်တိုင်း ဗိုလ်ချုပ်ကိုမြင်ယောင်မိတယ်။ တက္ကသိုလ် ကျောင်းသားဘဝမှာ တိုင်းပြည်လွတ်လပ်ရေးအတွက် အမြဲကြံစည်အားထုတ်ခဲ့တဲ့ ဗိုလ်ချုပ်ကိုလေးစားမိပါတယ်။ အိုးဝေမဂ္ဂဇင်း အယ်ဒီတာအဖြစ် ငရဲခွေးကြီးလွတ်နေပြီကို တာဝန်ယူခဲ့တဲ့ဗိုလ်ချုပ်၊ အမြဲရှုပ်ပွနေတဲ့အခန်းမှာ ကျောင်းစာထက် နိုင်ငံရေးစာအုပ်တွေနဲ့သာ အနေများခဲ့ တဲ့ ဗိုလ်ချုပ်၊ တက္ကသိုလ်မှာသူများတွေလို ကြင်ရာမရှာဘဲ နိုင်ငံလွတ်လပ်ရာပဲရှာခဲ့တဲ့ ဗိုလ်ချုပ်၊ အဲဒီဗိုလ်ချုပ်ကို ကျွန်မလေးစားတယ်၊ ချစ်တယ်။ နောက် ရန်ကုန်တက္ကသိုလ် မှာပဲ ကျဆုံးခဲ့ရတဲ့ ကိုအောင်ကျော်၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၊ ဦးနု၊ ဦးရာဇတ်၊ ဆရာကြီး မင်းသုဝဏ်၊ ဆရာဇော်ဂျီ၊ ဆရာဒဂုန်တာရာ၊ ဆရာ သိန်းဖေမြင့်၊ ဆရာတက္ကသိုလ်ဘုန်းနိုင်၊ ဆရာမကြီး ဒေါ်ခင်မျိုးချစ်၊ ကောလိပ်ဂျင်နေဝင်း စသည်ဖြင့် ထင်ရှား ခဲ့ကြသူတွေဟာ မရေတွက်နိုင်ပါဘူး။ အဲဒီသူတွေဟာ ကျွန်မတို့ တက္ကသိုလ်ကြီးကို သမိုင်းတွင်စေခဲ့သူတွေ၊ ဂုဏ်တင့်စေခဲ့သူတွေပါ။ ကျွန်မ တက္ကသိုလ်ဝန်းကျင် အနှံ့လျှောက်သွားမိတဲ့နေ့တိုင်း ဒီပုဂ္ဂိုလ်ကြီးတွေရဲ့ နှလုံးသားတွေဟာ ဒီကျောင်းဝင်းကြီးထဲမှာ ရှိနေတယ်လို့ ခံစားမိတယ်။ အဲဒီလိုပဲ သူတို့ရဲ့အရိပ်ကို လေထဲမှာ ဖမ်းဆုပ်ချင်မိတဲ့ စိတ်တွေဟာလည်း ကျွန်မနှလုံးသားကို ရိုက်ခတ်လို့။

ဘွဲ့နှင်းသဘင်ရှေ့ကသစ်ပင်မှာ ဝိုင်းပတ်ထားတဲ့ခုံတန်းမှာထိုင်ရင်း ‘မြကျွန်းညိုညို’ သီချင်းကို ကျွန်မစိတ် ထဲမှာ သီဆိုနေမိတယ်။ အဲဒီအချိန်မှာပဲ စိမ့်အေးနေတဲ့ လေက ကသုတ်ကရက် တိုက်ခတ်လိုက်ချိန်မှာ ပင်အို တို့ရဲ့အရွက်တွေဟာ လေမှာဝဲလွင့်လို့ကျလာပါတယ်။ ကျွန်မရဲ့နားထဲမှာတော့ ဘွဲ့နှင်းသဘင်ခန်းမမှာ ရွမ်းလိုက်တဲ့စည်တော်သံကို ကြားလိုက်ရသလို ကြက်သီး ဖြန်းဖြန်းထပြီး ငိုချင်သလို၊ ရယ်ချင်သလိုပါ။ ထို့အတူပဲ ပါမောက္ခချုပ်ကြီး ဒေါက်တာဖိုးကောင်းရဲ့ ‘မောင်တို့မယ် တို့ ယနေ့ဟာ......’လို့ အစချီတဲ့ဩဝါဒစကားတွေကို လွမ်းမောဖွယ်ကြားယောင်မိပြီး မျက်ရည်ဝဲမိပါတယ်။ တကယ်တော့ တက္ကသိုလ်ကြီးနဲ့ ကျွန်မ မဝေးချင်သေးဘူး။ ကျွန်မ ဆည်းပူးချင်တဲ့ပညာရပ်တွေကို ဆက်လက်လေ့လာ ပြီး အမိတက္ကသိုလ်ရဲ့အရိပ်မှာ ခိုလှုံချင်သေးတယ်။ သေချာ တာကတော့ တက္ကသိုလ်ဆိုတာ အားလုံးရဲ့ချစ်စရာမြေ၊ အမှတ်ရစရာမြေ၊ လွမ်းမောဖွယ်ရာမြေမဟုတ်ပါလား။

တက္ကသိုလ်ကျောင်းဝင်းထဲ ခြေချမိတာနဲ့ စိတ်နှလုံး ဟာ အခုမှ ပထမနှစ်စတက်ရတဲ့ ဆယ်ကျော်သက်အရွယ် လို နူးညံ့လတ်ဆတ်နေတယ်။ လှိုက်မောရင်ဖိုနေပါတယ်။

 

“တက္ကသီလ၊ ဤဌာနသည်၊

မွှေးမြကြိုင်ပျံ့၊ ကံ့ကော်နံ့နှင့်၊

ခံ့ညားတင့်တယ်၊ ရုပ်ဝင့်ထည်နှင့်......။

ဆိုတဲ့ ဆရာအေးကြွယ်ရဲ့ ဆောင်းပါးအစလို ကံ့ကော်နံ့တို့က ခပ်သင်းသင်းလေး မြမြမွှေးနေလေရဲ့။ တကယ်တော့ ကံ့ကော်ဆိုတာ တက္ကသိုလ်ရဲ့သင်္ကေတဖြစ် သလို အဓိကဇာတ်လိုက်တစ်ဦးလည်း ဖြစ်သည်သာ။ ကံ့ကော်တောဟု ခေါ်ရလောက်အောင် တက္ကသိုလ်နဲ့ ကံ့ကော်ဟာ ခွဲခြား၍မရပေ။ ကံ့ကော်ဟာလည်းတက္ကသိုလ်၊ တက္ကသိုလ်ဟာလည်းကံ့ကော်သာပါပင်။

မြန်မာစာကို အဆင့်မြင့်ဘာသာရပ်တစ်ခုအနေနဲ့ ရပ်တည်နိုင်ဖို့ကြိုးစားခဲ့တဲ့ ရန်ကုန်တက္ကသိုလ် ရဲ့ ပထမဆုံး ကျောင်းအုပ်ကြီးနဲ့ ပါမောက္ခတာဝန်စတင်ထမ်းဆောင်ခဲ့သူ ဆရာကြီးဦးဖေမောင်တင်က တက္ကသီလဆိုတဲ့ ပါဠိစကားကို တက္ကသိုလ်လို့မြန်မာမှုပြုခဲ့တာပါ။ ဆရာကြီးက ‘ခေတ်စမ်း စာပေ’ဆိုတဲ့ ‘မြန်မာစာပေပုံစံသစ်’ကို စတင်ဖော်ထုတ်ခဲ့ သူလည်းဖြစ်ပါတယ်။

အကောင်းဆုံး ကြိုးစားနေထိုင်

ဆရာ ဇော်ဂျီကတော့ တက္ကသိုလ်ဆိုတာ ဘာသာရပ် ဆိုင်ရာပညာတွေကိုသာ သင်ကြားပေးနေတဲ့နေရာ ဖြစ်ရုံမျှမက ကိုယ်ကျင့်တရားနဲ့ရင့်ကျက်မှုကိုပါ သင်ကြား ပေးနေတဲ့နေရာပါတဲ့။ ဂုဏ်ဒြပ်ကြီးမားလှတဲ့ တက္ကသိုလ် ကြီးရဲ့ အသရေမညှိုးစေဖို့အတွက် ကျွန်မတို့ရဲ့နေ့စဉ် လူနေမှုဘဝမှာလည်း ဆရာပြောတဲ့ကိုယ်ကျင့်တရားကို ပညာဆိုတဲ့သတိနဲ့ မြဲမြံတည့်မတ်အောင် အကောင်းဆုံး ကြိုးစားနေထိုင်ရမှာပါ။

‘ မြရွက်ဝေဝေ

ပင်ခြေယှက်ထိုး၊ ခက်ချင်းမိုးသာ

သာနိုးကံ့ကော်၊ မိုးမျှော်လန်းဆန်း

စိန်ပန်းတမာ၊ ခက်ချင်းဖြာယှက်

တက္ကသီလာ၊ မြကျွန်းသာ၌

ဝိဇ္ဇာသိပ္ပံ၊ ဘုံဗိမာန်နှယ်

အောင်မြေမှန်ရာ၊ ပြည်မြန်မာဝယ်

ပညာပန်းများ၊ လန်းဆန်းရာတည်း။

ဆိုတဲ့ ဆရာစန်းနီလာဝင်းရဲ့ဆောင်းပါးထဲက ‘ကံ့ကော်တန်းကိုလွမ်းပါသည်’ ကဗျာလေးထဲကလို လှလည်းလှတဲ့တက္ကသိုလ်၊ လွမ်းလည်းလွမ်းတဲ့တက္ကသိုလ်၊ ဂုဏ်ရှိန်ကြီးတဲ့တက္ကသိုလ်ပါ။

၁၉၂၀ ပြည့်နှစ်ကစတင်ခဲ့တဲ့ အမိတက္ကသိုလ်ကြီးရဲ့ သက်တမ်းဟာ အခု ၂၀၂၀ ပြည့်နှစ်မှာ နှစ်တစ်ရာ တိုင်ခဲ့ပါပြီ။ ရာဇဝင်တွေ၊ ခမ်းနားမှုတွေ၊ အထီးကျန်မှုတွေ၊ ကျော်ကြားမှုတွေ၊ ဒဏ်ရာတွေ၊ ဂုဏ်ဒြပ်တွေ၊ ကြေကွဲ ဝမ်းနည်းမှုတွေအပြင် ‘ရန်ကုန်တက္ကသိုလ်နေဝင်မှာ စိုးတယ်’ဆိုတဲ့ ကိုင်ဇာသီချင်းထဲကလို တိတ်ဆိတ်ခြင်း တွေကိုပါ နှစ်တစ်ရာအတွင်းမှာ ကြုံခဲ့ရပေမယ့်လည်း အမိတက္ကသိုလ်ကြီးကတော့ အောင်မြင်မှုကံ့ကော်တွေ မပြတ်ပွင့်ဝေမြဲပါပဲ။

ကျွန်မကတော့ ရန်ကုန်တက္ကသိုလ်ကို နောက်ခံထား တဲ့ဇာတ်လမ်းတွေကို ကြည့်ရှုရင်း၊ ရန်ကုန်တက္ကသိုလ်ကို အခြေပြုတဲ့စာတွေကို ဖတ်ရှုရင်း၊ ရန်ကုန်တက္ကသိုလ်နဲ့ပတ်သက်တဲ့သီချင်းတွေကို နားထောင်ရင်းနဲ့ပဲ ကျွန်မရဲ့ စိတ်အာရုံကို တက္ကသိုလ်ကြီးဆီပို့လွှတ်နေမိပါတယ်။ ကျွန်မချစ်ရတဲ့ တက္ကသိုလ်ကြီး ဒီရာပြည့်မှသည် နောက်ထပ်နှစ်ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာ တိုင်အောင် ဂုဏ်သိက္ခာမြင့်မြင့် ကျက်သရေမင်္ဂလာ တင့်တင့်နဲ့ ပြည့်စုံဝေဖြာနိုင်ပါစေလို့ ကျွန်မရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ဆန္ဒပြုဆုတောင်းလိုက်ပါတယ်။ အဓွန့် ရှည်တည်တံ့ပါစေ ချစ်သော အမိတက္ကသိုလ် ကြီးရေ။ ။

ကြေးမုံ