ကနန်းဒေသစိတ်အတွင်းရှိ ကျေးရွာ ၂၃ ရွာတွင် ကနန်းလူမျိုးများ၏ ရိုးရာဓလေ့ကောက်သစ်လှူဒါန်းပွဲ ကျင်းပ

ဗန်းမောက် ဒီဇင်ဘာ ၁၅

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် ကနန်းဒေသစိတ်အတွင်းရှိ ကျေးရွာ ၂၃ ရွာ၌ ကနန်းလူမျိုးများ၏ အစဉ်အလာမပျက် ရိုးရာဓလေ့ကောက်သစ်လှူဒါန်းပွဲကို ယခုအခါ ကျေးရွာဘုန်းတော်ကြီးကျောင်းများတွင် ကျင်းပလျက်ရှိကြောင်း သိရသည်။

 

ကနန်းလူမျိုးများ၏ ရိုးရာဓလေ့ကောက်သစ်လှူဒါန်းပွဲဟူသည် ကနန်းတောင်သူဦးကြီးများ၏ အမြတ်တနိုးတန်ဖိုးထားကြသည့် ရိုးရာဓလေ့အလှူပွဲတစ်မျိုးဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း နတ်တော်လအတွင်း စပါးများရိတ်သိမ်းပြီးချိန် လယ်ယာမြေနှင့် တောင်ယာမြေများတို့တွင် စိုက်ပျိုးခဲ့ကြသော စပါးများနှင့် ကောက်ညှင်းစပါးများကို ကြိတ်ကာ ကောက်သစ်ဆွမ်း ထမင်းဟင်းများ၊ ပေါင်းတင်းများ၊ ခေါပုတ်များနှင့် ရိုးရာမုန့်ပဲသရေစာများကို သင့်မြတ်သည့်ရက်၌ ကျေးရွာအလိုက် ရွာဦးဘုန်းတော်ကြီးကျောင်းတို့၌ မြတ်စွာဘုရားရှင်နှင့် သံဃာတော်အရှင်သူမြတ်များကို ဒါယကာ ဒါယိကာမတို့က စုပေါင်း၍ ဆက်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

 

ကနန်းတိုင်းရင်းသားတို့မှာ ရိုးရာဓလေ့ကောက်သစ်လှူဒါန်းပွဲကို အမြတ်တနိုးတန်ဖိုးထား၍ နှစ်စဉ်နှစ်တိုင်း ခေတ်နှင့်အညီ ပျော်ရွှင်စွာ ကျင်းပလာကြပြီး ရည်ရွယ်ချက်မှာ မိမိတို့နှင့်ဘဝတူ တောင်သူဦးကြီးဖြစ်ခဲ့ဖူးသည့် ပဉ္စဝဂ္ဂီငါးဦးအပါအဝင် အရှင်ကောဏ္ဍည ရဟန္တာမထေရ်မြတ်အလောင်း စူဠကာလ၏ ကောက်သစ်လှူမှုကို နှစ်သက်သဘောကျ၍ ကောက်သစ်လှူပွဲ ကျင်းပခဲ့ကြခြင်းဖြစ်ကြောင်း သိရပြီး ထိုအကြောင်းကို မဟာဗုဒ္ဓဝင်တွင် အရှင်ကောဏ္ဍည ရဟန္တာအရှင်မြတ် အကြောင်း၌ တွေ့နိုင်သည်။

 

ကနန်းဒေသစိတ်အတွင်း နေထိုင်ကြသော တောင်သူဦးကြီးများသည် အစဉ်အလာမပျက် လက်ဆင့်ကမ်းခဲ့ကြသည့် ရိုးရာဓလေ့ ကောက်သစ်လှူဒါန်းပွဲကို ပြုလုပ်ကျင်းပခြင်းအားဖြင့် အလှူဦးဖြစ်၍ အဂ္ဂဒါနဖြစ်သည်၊ ကောက်သစ်ပေါ်ချိန်ကာလလှူ၍ ကာလဒါနဖြစ်သည်၊ ပစ္စည်းအပေါ် ပုဂ္ဂိုလ်အပေါ် ရိုသေစွာလှူ၍ သက္ကစ္စဒါနဖြစ်သည်၊ လွတ်လွတ်ကျွတ်ကျွတ် နိဗ္ဗာန်ရည်မှန်းလှူဒါန်း၍ မုတ္တိစာဂဖြစ်သည်၊ မည့်သူကိုမျှ သာစေနာစေမရှိဘဲ မျှတကြည်ဖြူစွာလှူဒါန်း၍ အနုပဟစ္စဒါနဖြစ်သည်၊ ကြောင်းကျိုးမြှော်မြင်ဆင်ခြင်၍ ယုံကြည်မှုဖြင့်လှူဒါန်းသဖြင့် သဒ္ဓါဒါနဖြစ်သည် ဟုဆိုကာ ဓမ္မနိယာမသဘောအရ ထိုအကြောင်းကုသိုလ်ကံများသည် မိမိလိုလားတောင့်တမြတ်နိုးအပ်သည့် ကောင်းကျိုးများ ဖြစ်ထွန်းလာမည့်အပြင် စပါးအထွက်တိုးသည်ဟုလည်း ကနန်းတိုင်းရင်းသားလူမျိုးတို့က သက်ဝင်ယုံကြည် ခံယူချက်များရှိကြကြောင်း သိရသည်။

 

ကနန်းဒေသစိတ်သည် ဗန်းမောက်မြို့နယ် အနောက်ဘက်ခြမ်းတွင် တည်ရှိပြီး ကနန်းတိုင်းရင်းသားများ အများစုနေထိုင်ကာ ကျေးရွာအုပ်စု(၇)အုပ်စု၊ ကျေးရွာပေါင်း(၂၃)ရွာ၊ လူဦးရေ(၁၅၀၀၀)ရှိ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည် ကိုးကွယ်သည့် ဒေသစိတ်တစ်ခုဖြစ်သည်။

 

လှိုင်ဘွား(ဗန်းမောက်)